ပထမ

ပထမ
ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်တွင် လူ့အခွင့်အရေး အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်က ကျင်းပရာ ကလေးငယ်များ အပြေးပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်(ဓာတ်ပုံ-မခိုင်)
ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်တွင် လူ့အခွင့်အရေး အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်က ကျင်းပရာ ကလေးငယ်များ အပြေးပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်(ဓာတ်ပုံ-မခိုင်)
Published 11 December 2016
သန်းထိုက် (သာကေတ)

ကျွန်တော်တို့ရဲ့ အစီအစဉ်က ရိုးစင်းပါတယ်။ ဒါကတော့ အမေရိကသည် ပထမဖြစ်ရေးပဲဖြစ်ပါတယ်။ဒေါ်နယ်ထရန့်

သမိုင်းဝင်၊ သမိုင်းတွင်လောက်အောင် မှတ်တမ်းတင်နိုင်ခဲ့သည့် ရွေးကောက်ပွဲတစ်ခု ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ထိုရွေးကောက်ပွဲသည် အံ့အားသင့်စရာကောင်းအောင် မယုံနိုင်စရာဖြစ်အောင် ကောင်းလှသည့် ရွေးကောက်ပွဲ တစ်ခုဖြစ်ခဲ့ပါသည်။ ရွေးကောက်ပွဲပြီးဆုံးသွားသော်လည်း နောက်ဆက်တွဲ ဂယက်လှိုင်းများဖြစ်နေ၊ ကျန်နေဆဲပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်းစုံ၊ ကမ္ဘာ့အဖွဲ့အစည်းမျိုးစုံ၊ နိုင်ငံရေးဆိုင်ရာ တတ်သိပညာရှင်နှင့် လေ့လာသူအများ မထင်မှတ်သည့်ရလဒ် တစ်ခု ထွက်ပေါ်ခဲ့သည့် ရွေးကောက်ပွဲလည်း ဖြစ်သည်။ တစ်နည်းအားဖြင့် ၂၀ ရာစုတွင် အခြေတည် အားကောင်းလာခဲ့သော ခေတ်စား လာခဲ့သော နိုင်ငံရေး အယူအဆ၊ ကမ္ဘာလုံးဆိုင်ရာမူဝါဒနှင့် အတွေးအခေါ်များ အတွက် ပထမဦးစွာပေါ်ထွက်လာသော ကြီးမားသည့်အယူအဆ၊ အတွေးအမြင်ပြောင်းလဲမှုဟုလည်း သုံးသပ်နိုင်ပါသည်။ ၂၁ ရာစု ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်း၏ ပထမဆုံး ပြု ပြင်ပြောင်းလဲရေး အချက်ပေးသံ၊ တပ်လှန့်သံတစ်ခုလို့လည်း ယူဆနိုင်ပါသည်။
ဆရာကြီး မင်းသုဝဏ်က မြန်မာစာ မြန်မာမှုဆိုသည့် စာအုပ်တွင် ရေးသားခဲ့သည်ကို သတိရမိပါသည်။ မည်သည့်အတွေးအခေါ် စိတ်ကူးစိတ်သန်းသည် မည်သည်ကလာခြင်း ဖြစ်ဟန်တူသည်ဟူသော ဇာစ်မြစ်ကိုလိုက်လံ ရှာဖွေမှု နည်းပါးလှသည်ဟု ရေးသားသော ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာပါမောက္ခ ဦးမျိုးမင်း၏အဆိုကို “ဟုတ်ပါပေသည်” ဟု ရေးသားခဲ့ဖူးပါသည်။
ယခု အမေရိကန်သမ္မတလောင်း (ရွေးကောက်ခံသမ္မတ) ဒေါ်နယ်ထရန့်၏ စိတ်ကူးစိတ်သန်းဖြစ်သော အမေရိကန်ပထမဖြစ်ရေး ဆိုသည့်အတွေးက မည်သည့်အကြောင်းတရား၊ အခြေအနေများပေါ် အခြေခံ၍လာသနည်းဆိုသည်က စိတ်ဝင်စားဖို့ကောင်းသည်ဟု ထင်ပါသည်။ အမေရိကန်သည် ကမ္ဘာ့ထိပ်တန်း စူပါ နိုင်ငံတစ်ခုဖြစ်ပါလျက် ပထမတန်းစားနိုင်ငံကြီးနှင့် လူမျိုးများ နေထိုင်ကြပါလျက် အဘယ်ကြောင့် ပထမဖြစ်ရေးကို ဒေါ်နယ်ထရန့် စိတ်ကူးနေသလဲ၊ မျှော်မှန်းနေသလဲဆိုသည့် ဇာစ်မြစ်ကို လိုက်လံရှာဖွေလျှင် စိတ်ဝင်စားလျှင် သတိထား ဆင်ခြင် သုံးသပ်တွေ့နိုင်မည်၊ မြင်နိုင်မည်ဟု ထင်ပါသည်။
ယနေ့ကမ္ဘာတွင် အမေရိကန်ဟေ့ဆိုလျှင် ကမ္ဘာ့နိုင်ငံအများ၊ ကမ္ဘာ့လူတစ်လွှားက မသိကျိုးကျွန်နေဟန်ဆောင် မနေနိုင်ဘဲ အလေးထား အရေးတယူပြုနေရသည့် အချိန်ကာလတွင် အမေရိကန်၏ အခန်းကဏ္ဍနှင့် လူရာဝင်မှု၊ လူစွာဖြစ်မှုသည် ပထမနေရာတွင် ရှိနေဆဲသာဖြစ်သည်ဟု ယူဆပါသည်။ စာရေးသူတို့အမြင်၊ စာရေးသူတို့ အယူအဆအားဖြင့် သူတို့ကို ပထမနေရာ၊ နံပါတ်တစ်အဆင့် သတ်မှတ်ပေးထားပြီး အားကျသက်ဝင်နေဆဲ ကာလတွင် သမ္မတလောင်း ဒေါ်နယ်ထရန့်သည် အဘယ့်ကြောင့် ဤသို့ဆိုရသနည်း။ သူတို့နိုင်ငံ၊ သူ့လူမျိုး၏ ပကတိအနေအထား၊ အခြေအနေကို စာရေးသူတို့ မြင့်သလို ထင်သလိုနှင့် ထပ်တူမကျဖြစ်ရသည်မှာ အဘယ့်ကြောင့်နည်း ဆိုတာလည်း စဉ်းစားကြည့်မိပါသည်။ တစ်ခုတော့ရှိသည်။ စာရေးသူတို့က အဝေးမှကြည့်သူများဖြစ်ပြီး သူက အနီးကပ်ကြည့်၊ အနီးကပ်မြင် ခံစားရတာ ဖြစ်သည့်အတွက် ကွဲလွဲတာလည်း ဖြစ်နိုင်ပါသည်။
ဒေါ်နယ်ထရန့်ကို ယခင်က အမေရိကန်နိုင်ငံရေး သမိုင်းကြောင်းတွင် မတွေ့ဖူး၊ မသိဖူးခဲ့ပါ။ စီးပွားရေးသမားအဖြစ်၊ ကိုယ်ကျိုးရှာသမားအဖြစ်၊ ဘီလီလျံနာသူဌေးကြီးအဖြစ်သာ မထင်မရှားသိခဲ့ဖူးသည်။ နိုင်ငံရေးနှင့် စီးပွားရေး၊ နိုင်ငံရေးသမားနှင့် စီးပွားရေးသမားဟူသည် ဆီနှင့် ရေလို အခြေခံသဘော သဘာဝအတွေးအမြင်၊ ရည်ရွယ်ချက်၊ မျှော်လင့်ချက်တို့ မတူကွဲပြားလှပါသည်။ နှစ်ပေါင်းများစွာ ဘဝတစ်ခုကို နိုင်ငံရေးနှင့် မပတ်သတ်သည့် နယ်ပယ်(အတ္တနယ်ပယ်)အတွင်း နေထိုင်လှုပ်ရှား ပျော်မွေ့ခဲ့သူတစ်ယောက်ဖြစ်သည့် ဒေါ်နယ်ထရန့်သည် မည်သည့်အကြောင်းတရား၊ ဇာစ်မြစ်များကိုအခြေခံ၍ နိုင်ငံရေးလောက၊ နိုင်ငံရေးနယ်ပယ်၊ ပရဝန်းကျင်ကို စိတ်ဝင်စားလာခဲ့ရသနည်း။ အမေရိကန်နိုင်ငံနှင့် လူမျိုးအရေးကို စွမ်းဆောင်ဖို့ တွန်းအားပေးခံခဲ့ရသနည်း။ မည်သည့် အတွေ့အကြုံအဖြစ်အပျက်များက သူ၏စိတ်ကူးနှင့် ရည်မှန်းချက်များကို ပြောင်းလဲသွားစေရန် စေ့ဆော် တိုက်တွန်းပေးခဲ့သနည်းဆိုတာကိုလည်း စိတ်ဝင်စားမိပါသည်။
“ကျွန်တော်တို့ရဲ့အစီအစဉ်ဟာ ရိုးစင်းပါတယ်။ အမေရိကန်ကို ပထမဦးစားပေးမှာ ပါ။ (TPP) ကဲ့သို့သော နိုင်ငံတကာကုန်သွယ်ရေး စာချုပ်တွေကြောင့် အမေရိကန်လူလတ်တန်းစားတွေဟာ နောက်ကိုရောက်သွားတယ်။ ဒါကြောင့် ဦးစားပေးအစီအစဉ်အဖြစ် (TPP) သဘောတူစာချုပ် မချုပ်ဖြစ်အောင် ဆောင်ရွက်ရပါလိမ့်မယ်” လို့ ဒေါ်နယ်ထရန့် က ပြောခဲ့သည်။ သူ့ရဲ့ပထမဆုံးသမ္မတသက်တမ်း ရက် ၁၀၀ အတွင်း ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားလုံခြုံရေးကို ဦးစားပေး ဆောင်ရွက်မည်ဟုလည်း ဆိုထားသည်။ ဒေါ်နယ်ထရန့်သည် သမ္မတရွေးကောက်ပွဲ ကာလ မဲဆွယ်စည်းရုံးရာတွင် မက္ကဆီကိုနယ်စပ် တံတိုင်းခတ်ရန်၊ ရွှေ့ပြောင်း အခြေချသူများကို ဖမ်းဆီးထောင်ချရန် (သို့မ ဟုတ်) ပြည်နှင်ဒဏ်ပေးရန်၊ သမ္မတအိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပယ်ဖျက်ရန်တို့ဖြင့် မဲဆွယ်စည်းရုံးခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံ၏ နယ်ပယ်အသီးသီးတွင် ထင်ရှားအောင်မြင်နေသူအများက သူ့ကိုမထောက်ခံခဲ့ကြပါ။ သို့သော် သူသည် သမ္မတအဖြစ် ရွေးကောက်ပွဲခံခဲ့ရသည်မှာ မည်သည့် အမေရိကန်ပြည်သူတို့က ရွေးချယ်ခဲ့ကြသည်ကို သိရှိပြီးဖြစ်ပါသည်။
သမ္မတလောင်း (ရွေးကောက်ခံ) ဒေါ်နယ်ထရန့်၏ ပထမဦးစားပေးလိုသည့် အလုပ်များကို ခြုံငုံ၍ လေ့လာသုံးသပ်ကြည့်သည့်အခါ အများကြိုက် (ကမ္ဘာကြိုက်) စေမည့် အများအားပေးသည့် ကမ္ဘာလုံးဆိုင်ရာ လက်ခုပ်သံရဖို့ထက် အမေရိကန်နိုင်ငံ၊ အမေရိကန် လူမျိုးများ၏ အရေးကိစ္စ၊ ဘဝလုံခြုံစိတ်ချရေးနှင့် အဆင်ပြေချောမွေ့ရေးကိစ္စကိုသာ ဦးစားပေးအဖြစ် ရည်မှန်းထား စိတ်ကူးထားသည်ကို တွေ့ရသည်။ သူ၏စိတ်ကူး စိတ်သန်းကို အခြားကမ္ဘာ့နိုင်ငံနှင့် နိုင်ငံရေး ဝေဖန်သူများ၊ အမြင်မတူသူများ (လက်ခုပ်သံ လိုလားသူများ) ကတော့ သဘောကျမည်မဟုတ်ဟု ထင်ပါသည်။ သူ့ကို အတ္တသမား၊ လူကြမ်းသမား၊ ကိုယ်ကျိုးစီးပွား ဦးစားပေးသမား၊ ကမ္ဘာလုံးဆိုင်ရာ (Universal) အတွေးအမြင် သဘောထားမရှိသူ၊ အမြင်မကျယ်သူ၊ နိုင်ငံရေးပါး မဝသူလို့ ထင်ကောင်း ထင်ကြလိမ့်မည်ဖြစ်သည်။
အမေရိကန် သမ္မတရွေးကောက်ပွဲ မဲပေးသည့်နေ့အထိ နိုင်ငံခေါင်းဆောင် အများစု နှင့် နိုင်ငံရေးသမားအများစု၊ တွေးခေါ်မြော်မြင်ရေး ပညာရှင်အများစုက ဒေါ်နယ်ထရန့် အနိုင်ရလိမ့်မည်ဟု မထင်ခဲ့ကြပါ။ ဒေါ်နယ်ထရန့်၏ အတွေးအမြင် ခံယူချက်သဘောထားနှင့် ဆန့်ကျင်ကွဲလွဲမှုရှိပြီး ကမ္ဘာလုံးဆိုင်ရာ အတွေးအခေါ်နှင့် အယူအဆရှိသူ ပြိုင်ဘက် ဟီလာရီကလင်တန်ကသာ အနိုင်ရလိမ့်မည်ဟု တွက်ဆခဲ့ကြပါသည်။ ဟီလာရီကလင်တန်ကို အနိုင်ရစေချင်သည့်သူက များခဲ့သည်။
မည်သည့်ဇာစ်မြစ်ကိုအခြေခံ၍ ဒေါ်နယ်ထရန့်ကို ရှုံးစေချင်ပြီး ဟီလာရီကလင်တန်ကိုနိုင်စေချင်သည်တော့ မသဲကွဲပါ။ ဒေါ်နယ်ထရန့် သမ္မတဖြစ်လာမည့် အရေးကို အနည်းနှင့်အများ စိုးရိမ်စိတ်မကင်းသည့် သဘောအသွင်ကိုတော့ မြင်ရပါသည်။
နိုင်ငံရေးတွင် သဘောတရားနှင့် လက်တွေ့နှစ်မျိုးရှိရာ သဘောတရားထက် လက်တွေ့အကျိုးကြည့်ပါ 3 Pragmatism ကို ပို၍အားပေးသည့်သဘော၊ လိုလားသည့်သဘောကို အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်က ညွှန်ပြသည်ဟု ယူဆပါသည်။ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်တို့ အကျိုးစီးပွား၊ အရေးကိစ္စသည်သာ ပထမဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခြင်း နောက်ကွယ်တွင် အမေရိကန်ပြည်သူတို့ လိုက်ပါထောက်ခံခဲ့သလိုပင် ဖြစ်သည်။
နိုင်ငံရေးဟူသည် ဖြစ်နိုင်ခြေကို ချဉ်းကပ်သောအတတ်ပညာ (The Art Of Posible) ဟုဆိုသည့်အတိုင်း ကမ္ဘာလုံးဆိုင်ရာ အယူအဆများထက် လက်တွေ့အကျိုးကြည့် အယူအဆများက ပို၍အားကောင်းလာသည်။ နိစ္စဓူဝဘ၀ အဆင်ပြေရေးကို ပထမဦးစားပေး လာကြသည့်သဘောကို တွေ့ရသည်။ အမေရိကန်ဒဿနပညာရှင် ရစ်ချတ်ရော်တီ (Richard Roty) ကလည်း လက်တွေ့အကျိုး ကြည့်ဝါဒသည် မှန်ခြင်း (What is true) ထက် အသုံးဝင်ခြင်း (What is Useful) အပေါ်ပို၍ အလေးပေးလာသည်ဟု ဆိုသည်။ ယနေ့ အမေရိကန်ပြည်သူတို့သည်လည်း မှန်ခြင်းဝါဒထက် အသုံးဝင်ခြင်းကို ပို၍ဦးစားပေးသည်ဟုပင် တွက်ဆမိပါသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဗြိတိန်နိုင်ငံနုတ်ထွက်ခဲ့ခြင်း (Pexit) သည်လည်း လက်တွေ့အကျိုးကြည့်ဝါဒကို ပထမ ဦးစားပေး ရွေးချယ်ခြင်းပင်ဖြစ်သည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည် သဘောတရားနှင့် ကမ္ဘာလုံးဆိုင်ရာအမြင်ပေါ်တွင် အခြေခံ၍ ရပ်တည်လာခဲ့ခြင်းကြောင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွင် မတည်ငြိမ်မှုနှင့် အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။ အထူးသဖြင့် တရားမဝင် ရွှေ့ပြောင်းအခြေချလာသူများ အရေးကိစ္စကြောင့် အဖွဲ့ဝင်နိုင်ငံများအတွင်း သဘောကွဲလွဲလာကြသည်။ ညီညွတ်မှု ပျက်ယွင်းလာကြသည်။ ဝန်ထုပ်ဝန်ပိုး ဖြစ်လာကြသည်။
သက်ဆိုင်ရာနိုင်ငံအသီးသီး၏  ပြည်သူများအကြား လူ့အဖွဲ့အစည်းကြားတွင်လည်း နက်ရှိုင်းသော အယူအဆသဘောကွဲလွဲမှုများ ထွက်ပေါ်လာကြသည်။ သဘောတရားနှင့် လက်တွေ့၊ မှန်ခြင်းနှင့် အသုံးဝင်ခြင်း စသည့် ဝိရောဓိနှစ်ခုအနက် လက်တွေ့အကျိုးကြည့်ဝါဒကို ဗြိတိန်ပြည်သူတို့ ပထမဦးစားပေးအဖြစ် ရွေးချယ်ခဲ့သည်ဟု သုံးသပ်မိပါသည်။
လူတိုင်း၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်းသည် ပထမ ငြိမ်းချမ်းချင်ကြသည်။ ကြိုးစားအားထုတ်ကြသည်။ သို့သော် လူတိုင်း၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်းသည် ဖြစ်ချင်သလို ပထမဖြစ်မလာကြပါ။ ပထမဖြစ်လာဖို့ လိုအပ်သည့်အရည်အချင်း၊ စိတ်ကူးစိတ်သန်းနှင့် ပြည့်စုံမှ ပထမ ဖြစ်လာမည်ဖြစ်သည်။
ပထမဖြစ်ဖို့ အရည်အချင်း၊ ဇွဲလုံ့လ ဝီရိယရှိဖို့၊ ရဲရင့်ပြတ်သားဖို့လည်း လိုပါသည်။ ဆရာဇဝနက အောင်မြင်ချင်သည်။ ထိုအချိန်က အောင်မြင်မှုတွင် ပထမနေရာရနေသည့် ဆရာကြီးပီမိုးနင်းကို အားကျသည့်အတွက် တပည့်ခံခွင့်ပြုရန် ပြောဆိုသည့်အခါ ဆရာကြီး ပီမိုးနင်းက သူ့ကို ပြန်ပြောခဲ့သည်မှာ မှတ်သားဖွယ်ပင် ဖြစ်ပါသည်။
ဆရာကြီး ပီမိုးနင်းက “မင်းဟာမင်း ကြိုးစားပါ။ လေ့လာပါ။ အားထုတ်ပါ။ ပီမိုးနင်းတပည့်ဆိုရင်ဖြင့် မင်းဟာ ဘယ်တော့မှ ပထမဖြစ်လာမှာ မဟုတ်ဘူး။ ဒုတိယဖိုးစိန်ဟာ ဘယ်တော့မှ ပထမဖိုးစိန် မဖြစ်ဘူး။ ပထမ ဖိုးစိန်ဖြစ်ချင်ရင် ဖိုးစိန်နဲ့ ပြိုင်နိုင်ဖို့ အောင်ဗလ လုပ်ချင်လုပ်၊ စိန်ကတုံး လုပ်ချင်လုပ်၊ အဲဒါမှ ဖြစ်မယ်” ဟု ။
ပထမ ဖြစ်ရေးတွင် စွန့်စားမှု၊ စွန့်လွှတ်မှု၊ စွန့်ဦးတီထွင်မှု၊ လက်တွေ့အကျိုးပြုစိတ်ကူး စိတ်သန်း၊ ရဲဝံ့သည့်ဆုံးဖြတ်ချက်နှင့် အရည်အချင်းတို့ကလည်း ရှေ့မှ ဦးဆောင်နေပါသည်။

Most Read

Most Recent