ဆီးရီးယားသို့ အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀ ကျော် ထပ်မံစေလွှတ်မည်ဟု ပင်တဂွန်ကြေညာ

ဆီးရီးယားသို့ အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀ ကျော် ထပ်မံစေလွှတ်မည်ဟု ပင်တဂွန်ကြေညာ
Published 10 December 2016
Ref:AFP

ရာကာမှ IS အခြေစိုက်စခန်းကို သိမ်းယူရန် ကြိုးပမ်းနေသည့် ကာ့ဒ်နှင့်အာရပ် တိုက်ခိုက်ရေးသမားများကို ကူညီရန်အတွက် ဆီးရီးယားသို့ အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀ ထပ်မံ စေလွှတ်မည်ဟု ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ “ကျွန်တော် ဒီနေ့ပြောနိုင်တာကတော့ အမေရိကန် အစိုးရဟာ ဆီးရီးယားမှာ တပ်ဖြန့်ဖို့ ခန့်မှန်းခြေ တပ်ဖွဲ့ဝင် ၂၀၀ ထပ်မံစေလွှတ်မှာ ဖြစ်ပါတယ်” ဟု ကာတာက ဘာရိန်းတွင် ပြုလုပ်သော ပင်လယ်ကွေ့နိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယခုစေလွှတ်မည့် တပ်ဖွဲ့ဝင် ၂၀၀ သည် အမေရိကန်က ကျောထောက်နောက်ခံ ပေးထားသော ကာ့ဒ်-အာရပ် တိုက်ခိုက်ရေးသမားများကို အကူအညီပေးနေသည့် ဆီးရီးယားရှိ အမေရိကန် အထူးတပ်ဖွဲ့ဝင် ၃၀၀ နှင့် သွားရောက် ပူးပေါင်းမည်ဖြစ်သည်။ အာရပ်-ကာ့ဒ်များသည် ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်က ရာကာစစ်ဆင်ရေးကို စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုရာကာ စစ်ဆင်ရေးသည် အမေရိကန်က ထောက်ပံ့ထားသည့် အီရတ်တပ်များက မိုဆူးကို ပြန်သိမ်းရန် စစ်ဆင်ရေးနှင့် တိုက်ဆိုင်နေခဲ့သည်။ မိုဆူးနှင့် ရာကာ နှစ်မြို့စလုံးသည် IS တို့ လက်အောက်သို့ ကျရောက်နေသည့် အဓိကမြို့ပြ ဗဟိုချက်များဖြစ်သည်။ ထပ်မံ စေလွှတ်မည့် တပ်ဖွဲ့ဝင်များထဲတွင် ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူများ၊ လေ့ကျင့်ရေး ဆရာများ၊ အထူးတပ်ဖွဲ့များ ပါဝင်လိမ့်မည်ဟု ကာတာက ပြောကြားခဲ့သည်။
ဂျီဟတ်များသည် အီရတ်နှင့် ဆီးရီးယားတို့တွင် ကျန်နေသေးသည့် ၎င်းတို့ပိုင်ဆိုင်သော နယ်မြေများကို ကာကွယ်ရာတွင် ကားဗုံးများ၊ ထောင်ချောက် ဗုံးကွန်ရက်များ၊ မြေမြှုပ်မိုင်းများကို အများဆုံး အသုံးပြုကြသည်။ “ရာကာမြို့ကို အဆက်အသွယ် ဖြတ်ထားဖို့အတွက် ဒေသခံဆီးရီးယား တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို အကူအညီ ပေးနေပါတယ်” ဟု ကာတာက ပြောကြားခဲ့သည်။ ပြည်ပတွင် ဂျီဟတ်တိုက်ခိုက်မှုများ ပြုလုပ်ရန် စီမံရာ ဗဟိုချက်တစ်ခုဖြစ်သည့် ရာကာမြို့သည် ထိုအစီအစဉ်အတိုင်း ပြင်ပနှင့် အဆက်အသွယ် ဖြတ်ခံနေရလျက် ရှိသည်။ အီရတ်တွင်လည်း အစိုးရတပ်ဖွဲ့ဝင်များသည် မိုဆူးမြို့ အတွင်းပိုင်းအထိ ရောက်နေပြီဖြစ်ကာ ထိုနေရာမှ ဂျီဟတ်များနှင့် တိုက်ခိုက်နေကြကြောင်း သိရသည်။
သို့သော် IS တို့သည် အီရတ်နှင့် ဆီးရီးယားတို့၌ နယ်မြေများ ဆုံးရှုံးသွားလျှင် မည်သို့ရှေ့ဆက်မည်ကို မသိသေးသဖြင့် အနောက်နိုင်ငံများနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများပါဝင်သည့် ညွန့်ပေါင်းအဖွဲ့သည် နိုးနိုးကြားကြားဖြင့် ဆက်လက် သတိရှိနေရန် လိုအပ်သည်ဟုလည်း ကာတာက ပြောကြားခဲ့သည်။