ဆင်းရဲမွဲတေခြင်း သွေးစုပ်ဖုတ်ကောင်

ဆင်းရဲမွဲတေခြင်း သွေးစုပ်ဖုတ်ကောင်
Published 10 December 2016
မောင်တင်ဦး(မြောင်းမြ)

သွေးစုပ်ဖုတ်ကောင် (Vampire)
သွေးစုပ်ဖုတ်ကောင် သတ္တဝါဟာ လူ့ယုံကြည်မှုအရ ရှေးကတည်းက ရှိခဲ့တယ်လို့ ယူဆမိတယ်။ သာမန်သွေးစုပ် သတ္တဝါတွေက ခြင်၊ ကြမ်းပိုး၊ မျှော့၊ ကျွတ်၊ ဗက်တီးရီးယားပိုး စသည်တို့ဟာ လူ့သွေးတွေကို စုပ်ယူကြတယ်။ လူ့သွေးစုပ်ယူရမှ သူတို့အသက်ရှင်ကြတယ်။ မျိုးပွားကြတယ်။ အချို့ဒေသတွေမှာ မျှော့တွေက လူဝမ်းဗိုက်ထဲအထိဝင်ပြီး မျိုးပွားကြတယ်။ မျှော့သိုက်လိုဖြစ်ပြီး ထိုသူရဲ့အသက်ကို ဆုံးရှုံးစေတဲ့ ဖြစ်ရပ်တွေ ကြုံဖူးတယ်။
ထိုသဘာဝအဖြစ်ကို အခြေပြုပြီး ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ ယုံတမ်းဇာတ်လမ်းတွဲတွေ ချဲ့ထွင်လာကြတယ်။ အချို့လူတွေက အမှန်တကယ် ယုံကြည်ကြတယ်။ Train to Busan ဆိုတဲ့ ကိုရီးယား ရုပ်ရှင်ဇာတ်ကားမှာ သွေးစုပ်ဖုတ်ကောင်တွေရဲ့ ကြောက်မက်ဖွယ်ကို ဇာတ်လမ်းဆင် ရိုက်ကူးထားတယ်။ ဖုတ်ကောင်ကူးစက်ခံရတဲ့လူဟာ လူကောင်းတွေရဲ့သွေးကို မရမက လိုက်စုပ်ရင်း လူတွေဟာ ဖုပ်ကောင်တွေ ဖြစ်ကုန်ကြတယ်။
သွေးစုပ်ဖုတ်ကောင်ဆိုတာ လူသွေးကိုစုပ်ယူပြီး အသက်ရှင်သန်ကြတဲ့ သတ္တဝါလို့ မှတ်ယူကြတယ်။ သွေးစုပ်ဖုတ်ကောင်ကလည်း အမျိုးမျိုး ရှိတယ်။ အသားချင်းထိရုံနဲ့ သွေးစုပ်တတ်တဲ့ သတ္တဝါ။ အစွယ်ငေါငေါနဲ့ သွေးစုပ်တတ်ကြတဲ့ သတ္တဝါ။ တစ္ဆေ၊ သရဲလို လူ့ခန္ဓာကိုယ်ထဲ ပူးဝင်ပြီး သွေးစုပ်တဲ့ သတ္တဝါ စသည်ဖြင့် အမျိုးမျိုး ဖတ်ရဖူးတယ်။ (ရုပ်ရှင်) ကြည့်ရဖူးတယ်။ တကယ့်သွေးစုပ်ဖုတ်ကောင် ရှိတယ်လို့ အချို့ယုံကြည်ကြတယ်။ ဒရက်ကူလာ သွေးစုပ်ဖုတ်ကောင်မျိုးလည်း ရှိတယ်လို့ ယူဆကြတယ်။
ဘယ်လိုမျိုး သွေးစုပ်ဖုတ်ကောင်ပဲဖြစ်ဖြစ်၊ လူတစ်ယောက်ကို သွေးစုပ်ဖုတ်ကောင် တွယ်ကပ်မိပြီဆိုရင် ပြန်ခွာပစ်လို့ မလွယ်တော့ဘူး။ အချို့ဆို လူ့အသက် လူ့ဘ၀ ဆုံးရှုံးသည်အထိ တွယ်ကပ်နေကြတာ။ တွယ်ကပ်ခံ လူသားထံမှ အသွေးတွေ၊ အာဟာရတွေ အားလုံးကို ဖုတ်ကောင်က စားသုံးလိုက်တယ်။ သွေးစုပ်ခံလူများခမျာ တစ်နေ့တခြား ပိန်ချုံး ကြုံလှီလာကာ အသက်ဆုံးရှုံးရသည်အထိ ဖြစ်ကုန်တယ်။ အချို့ဖုတ်ကောင်က အသွေး၊ အာဟာရသာမက လူ့ဦးနှောက်ကိုပါ ဖောက်ထွင်း တွယ်ကပ်ကြတယ်။ ပြီးမှလက်ခံကောင် လူသားကို ကပ်ပါးကောင်က လိုသလို စေခိုင်းတော့တာပဲ။ ပစ္စည်းခိုးခိုင်းတယ်။ ဓားပြတိုက်ခိုင်းတယ်။ လူသတ်ခိုင်းတယ်။ ကပ်ပါးကောင် ခိုင်းသမျှ လက်ခံလူသားက မငြိုမငြင်လုပ်ရတော့တာပဲ။ ပင်ကိုလူစိတ် ပျောက်ကုန်ပြီကို။ လူလို မကျင့်ကြံတော့ဘူး။ လူလိုမနေထိုင်တော့ဘူး။ လူစင်စစ်က လူမစစ်တော့တဲ့လူ။
ဆင်းရဲမွဲတေခြင်း
ဆင်းရဲတယ်ဆိုတာ လူတစ်ယောက်မှာ ရှိသင့်တဲ့ လူစဉ်မီမီရှိရမယ့် အခြေခံပစ္စည်း ဥစ္စာမရှိခြင်း၊ မပိုင်ဆိုင်ခြင်းပဲ ဖြစ်တယ်။ ပုံမှန်အားဖြင့် နံနက်စာ၊ နေ့လယ်စာ၊ ညစာစားဖို့ လိုအပ်တဲ့ စားနပ်ရိက္ခာ လုံလောက်စွာ မရှိဘူး။ မနက်စာစားပြီး နေ့လယ်စာစားဖို့ အဆင်သင့် မရှိဘူး။ ပူပန်နေရတယ်။ သောက ရောက်နေရတယ်။ လုံခြုံစိတ်ချစွာ၊ အရိပ်အာဝါသ ပြည့်စုံစွာ၊ နွေးထွေးစွာ၊ နားနေ အိပ်စက်ဖို့ နေရာထိုင်ခင်း မရှိခြင်း။ အရှက် သိက္ခာရှိရှိ၊ လုံလုံခြုံခြုံ၊ နွေးနွေးထွေးထွေး၊ ကျန်းမာရေး ညီညွတ်စွာ ဝတ်ဆင်ဖို့ အဝတ်အစား မရှိခြင်း။ ဒါတွေဟာ ဆင်းရဲခြင်းရဲ့ အခြေခံ အချက်တွေပဲ။ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲခြင်းတွေ ဖြစ်တယ်။
ထို့အပြင် စိတ်ဆင်းရဲခြင်းကလည်း ရုပ်ဆင်းရဲတာနဲ့အမျှ တစ်ဆက်တည်း ပါလာတယ်။ စိတ်ဆင်းရဲနေတဲ့လူမှာ စိတ်ကောင်းရှိဖို့ မလွယ်ဘူး။ အူမ မတောင့်ဘဲ သီလစောင့်ဖို့ဆိုတာ စိတ်ကူးယဉ်မျှသာ ဖြစ်နိုင်တယ်။ ကိုယ်ချင်းစာတရားတွေ၊ သည်းခံ ခွင့်လွှတ်စိတ်တွေ၊ မေတ္တာတရားတွေ။ သစ္စာကတိတွေ၊ လူကြီးလူကောင်းစိတ်တွေ ဆင်းရဲခြင်း ဖုတ်ကောင်က ဝါးမျိုသွားပြီ။ ဒုက္ခတွေ တသီတတန်းကြီးက ဆင်းရဲသူတွေမှာပဲ အဖြစ်များတယ်။ ကျန်းမာရေး ရှုထောင့်က ကြည့်မလား။ ခြင်ထောင်မရှိတဲ့ ကလေးတွေမှာ သွေးလွန်တုပ်ကွေးရောဂါ၊ ရေသန့်မသောက်နိုင်တဲ့သူတွေမှာ ကာလဝမ်းရောဂါ၊ တီဘီရောဂါ၊ ပွေး၊ ဝဲ၊ ယားနာ အရေပြားရောဂါ၊ ဆင်းရဲသားတွေမှာသာ ဒီရောဂါတွေက ပျော်ကြတယ်။ တစ်အိမ်တက်ဆင်း၊ တစ်ယောက်ပြီး တစ်ယောက် ဆင်းရဲခြင်း ဖုတ်ကောင်က ကူးစက်တယ်။ ရောဂါဖြစ်လို့ သေတဲ့နှုန်းကလည်း ဆင်းရဲသားတွေမှာပဲ ကြောက်ခမန်းလိလိ။
ပညာရေးရှုထောင့်က ကြည့်ဦးမလား။ စာမတတ်၊ ပေမတတ်တွေက များပါဘိ။ ဒုတိယတန်းရောက်ရင် ကျောင်းထွက်၊ စတုတ္ထတန်းရောက်ရင် ကျောင်းထွက်၊ စာမဖတ်နဲ့ စာတတ်လို့ ဘာဖြစ်မှာလဲ။ မနက်ဖြန် ထမင်းစားဖို့။ ဒီနေ့ ရရာအလုပ်ထွက်လုပ်၊ လုပ်စရာ မရှိရင် ရေသန့်ဘူးကောက်၊ ပလတ်စတစ်ကောက်၊ ပိုလျှံနေသူတွေ ပစ်ထားတဲ့ ၁၀ ဖိုးတန် ရေဘူးတွေ စုလိုက်ရင် မုန့်ဖိုးရတယ်။ ထမင်းစားလို့ရတယ်။ ဒီတော့ ရရာအလုပ်ထွက်လုပ်။ ကျောင်းမတက်နဲ့တဲ့ ဆင်းရဲခြင်း ဖုတ်ကောင်က တားမြစ်တယ်။
ဒီလိုအခြေခံကျတဲ့ ကျန်းမာရေး၊ ပညာရေး၊ မပြည့်စုံတဲ့ ဆင်းရဲသားတို့ ပတ်ဝန်းကျင်ဟာ မသိဗလာ၊ ပညာနတ္ထိ၊ အတွေးဘာမျှမရှိဘဲ လူ့ဘဝကို ဖြတ်သန်းနေကြတယ်။ သူတို့ဟာ ဘဝကို တည်ဆောက်နေသူများ ဖြစ်မလာနိုင်ဘူး။ အဲဒီဘဝထဲကို ဆင်းရဲခြင်းဖုတ်ကောင်က ပုံချပေးလိုက်တဲ့အတိုင်း ဖြတ်သန်းနေရတာ။ ဆင်းရဲမွဲတေခြင်း ဖုတ်ကောင်က လိမ်ညာဖို့ အားပေးတယ်။ ခိုးယူဖို့ လက်မနှေးစေဘူး။ ကတိတစ်လုံးကို တည်ကြည်အောင် မစောင့်ထိန်းခိုင်းဘူး။ ထမင်းနပ်မှန်အောင် မစားရတဲ့ ဆင်းရဲသားတစ်ယောက်။ ဖုတ်ကောင်က ထမင်းတစ်လုတ် စားရဖို့အတွက် ဘာပဲလုပ်ရလုပ်ရ ဝန်မလေးဘူး လုပ်ဝံ့တယ်။ လုပ်ရဲတယ်။ အရှက်သိက္ခာတွေ၊ ဂုဏ်ဒြပ်တွေ။ ဘေးချိတ်၊ လူတန်ဖိုးလည်း မသိဘူး။ ဆင်းရဲခြင်း ဖုတ်ကောင်ကြောင့် လူစဉ်မီခြင်းလည်း မရှိတော့ဘူး။ အသက်မျှဉ်းမျှဉ်း ရှူခွင့်ရရေး တစ်ခုသာ မျှော်လင့်ချက် ကျန်တော့တယ်။
ဆောင်းတွင်းတစ်ည။ မြောက်လေ အအေးဓာတ်တွေ ပိုကဲလွန်းတယ်။ အနွေးထည် ထူထူဝတ်။ လည်ပင်းကို မာဖလာပတ်။ သိုးမွေးဦးထုပ်ဆောင်း။ ခြေအိတ်ဝတ်ရင်း စာဖတ်ရတယ်။ စာအုပ်ထဲ စိတ်ဝင်စားနေတုန်း ရေလောင်းသံကို အဆက်မပြတ် ကြားနေတော့ ကျွန်တော်ထိုင်နေရင်း ပိုချမ်းလာသလိုပဲ။ ဒါနဲ့ အနီးမှာရှိနေတဲ့ ဇနီးသည်ကို လှမ်းမေးလိုက်တယ်။ “ဟ၊ ဒီလောက်ချမ်းနေချိန်ကြီး ဘယ်သူများ ရေတွေလောင်းနေတာလဲ”။ “ရေလောင်းနေတာ မဟုတ်ဘူးတော်ရေ။ ရေချိုးနေတာ။ ရေချိုးနေတာဆိုလို့ ထွက်ကြည့်မနေနဲ့ဦး။ ဟိုက ရေချိုးနေတာက ဒေါ်ရွှေ။ မှောင်ရိပ်ခိုပြီး လူခြေတိတ်မှ ရေချိုးနေရတာ။ သူ့မှာ ရေလဲထဘီ မရှိလို့။ ထဘီအစုတ်နဲ့ မလုံမခြုံ ချိုးနေရတာ။ ရေချိုးပြီး ပြန်ဝတ်ဖို့ ထဘီက တစ်ထည်တည်းပဲ ရှိလို့တဲ့ ရှင်းပြီလား”။
ဒီလိုမျိုး ဆင်းရဲသူတွေ လူ့ပတ်ဝန်းကျင်မှာ ရှိနေတာကို တုန်လှုပ်စွာ သိလိုက်ရတယ်။ ဆင်းရဲမွဲတေခြင်း ဖုတ်ကောင်က လူ့အရှက်ကိုလည်း ဝါးမျိုဖျက်ဆီး ပစ်လိုက်တာပဲလား ဖျက်ဆီးပစ်တာပေါ့။ ပျိုမျစ်နုနယ်တဲ့ မိန်းမငယ်တွေ၊ ကာရာအိုကေဆိုင်မှာ သူစိမ်းလူကြီး တစ်ယောက်နဲ့ သီချင်းအတူတူ ဆိုနေကြတယ်။ ဒါကလည်း ဆင်းရဲမွဲတေခြင်း သွေးစုပ်ဖုတ်ကောင်ကြောင့်ဆိုတာ အဆိုတော် မဟုတ်တဲ့ ကောင်မလေး သိဟန်မရှိရှာဘူး။
အမှိုက်ပုံးရဲ့ အနံ့က စူးစူးရှရှ နှာခေါင်းထဲ တိုးဝင်လာတယ်။ ပုပ်အဲ့အဲ့ ခေါ်မလား။ ညှီစို့စို့ခေါ်မလား။ အော်ဂလီဆန်စရာ အနံ့ဆိုးကြီးပဲ။ အဲဒီအမှိုက်ပုံမှာ ခွေးနှစ်ကောင်က နှာခေါင်းနဲ့တို့မွှေရင်း အစာရှာနေတယ်။ ကောင်လေးနှစ်ယောက်က လက်နဲ့ထိုးမွှေရင်း ရောင်းလို့ရမယ့်ပစ္စည်း တိုလီမုတ်စတွေ ရှာနေတယ်။ ဒီအချိန်မှာ အခြားခွေးတစ်ကောင်က အမှိုက်ပုံနား ရောက်လာတယ်။ အရင်ရောက်နေတဲ့ ခွေးနှစ်ကောင်က မာန်ဖီတယ်။ ဟောင်တယ်။ ကိုက်ကြတော့မယ် တကဲကဲ။
ထိုတစ်ချိန်တည်းမှာပဲ ကောင်လေးတစ်ယောက်က ခွေးနောက်က လိုက်လာတယ်။ သူကလည်း အမှိုက်ပုံကို ပါလာတဲ့ တုတ်တံရှည်နဲ့ မွှေနှောက်နေပြီ။ မူလကရောက်နှင့် နေတဲ့ကောင်လေး နှစ်ယောက်က ခါးထောက်ပြီး မိုက်ကြည့်ကြည့်နေတယ်။ အသစ်ရောက်လာတဲ့ ကောင်လေးက ဂရုမစိုက်တဲ့ ပုံစံနဲ့ အမှိုက်ပုံကို ဆက်မွှေနေတယ်။
သူတို့သုံးယောက်ကလည်း အပြတ်ချဲတော့မယ့်ပုံပဲ။ သူတို့ကို ဒီလိုစိတ်တွေ ဖြစ်နေတာက ဆင်းရဲမွဲတေဖုတ်ကောင်ကြောင့်ဆိုတာ သူတို့တွေ သတိထားမိမှာ မဟုတ်ဘူး။ ထမင်းတစ်လုတ်စားရဖို့ ဒီလောက်ဒုက္ခတွင်း နက်နေရတာဟာ ဆင်းရဲခြင်း သွေးစုပ်ဖုတ်ကောင်ရဲ့ စေခိုင်းချက်ပဲ။ ဆင်းရဲခြင်းက အရာရာကို ဝါးမျိုနေတယ်။ ပကတိ စိတ်ထားကောင်းတွေ၊ ရိုးသားဖြူစင်မှုတွေ မျှဝေစား သောက်နေထိုင်လိုစိတ်တွေ၊ ကုန်ကုန်ပြောရရင် စိတ်ကောင်းနှလုံးကောင်း မှန်သမျှ စိတ်ထားမြတ်တွေ၊ ဖုတ်ကောင်က စုပ်ယူဝါးမျိုခြင်း ခံလိုက်ရပြီ။ စိတ်ဓာတ်ရော၊ ကိုယ်ခန္ဓာအပြင် ဘဝတစ်ခုလုံးဟာ ဖုတ်ကောင်ရဲ့ အစေအပါးအဖြစ် လုံးဝကျရောက်သွားရပြီ။ သွေးစုပ်ဖုတ်ကောင်ဟာ လူတစ်ယောက်ကို ဘဝပျက်စေတယ်။ အသွေးအသား၊ အတွေးအခေါ်၊ လုပ်ရပ်၊ ယဉ်ကျေးမှု၊ အနေအထိုင်၊ အပြုအမူ အလုံးစုံကို ပျက်စီးစေတယ်။
ဆင်းရဲမွဲတေခြင်းဟာ သွေးစုပ်ဖုတ်ကောင်လိုပဲ လူတစ်ယောက် လူတစ်စုရဲ့ ဘဝကို စုတ်ပြတ်သွားစေတယ်။ အတွေးအခေါ်တွေ မမြင့်မားတော့ဘူး။ လုပ်ရပ်တွေ ညံ့ဖျင်းကုန်တယ်။ ယဉ်ကျေးမှုတွေ ပျက်စီးပြီး လူရိုင်းလို ပြုမူလာကြတယ်။ ဝတ်တာစားတာက အစ အပြောအဆိုအထိ ရိုင်းပျကုန်တယ်။
ပညာမသင်ရ၊ စာမဖတ်ရတဲ့အတွက် မျက်စိရှိလျက် မျက်ကန်းဘဝရောက်ရုံ သာမကဘူး။ ပညာမဲ့သူတို့ ဉာဉ်ဆိုးအတိုင်း ဆင်ခြင်တုံတရားတွေ၊ ကိုယ်ချင်းစာစိတ်တွေ၊ ညှာတာထောက်ထားမှုတွေ ကုန်ခန်းကုန်ပြီ။ အစွန်းရောက် တစ်ယူသန်တဲ့ အစွဲတွေ ကြီးထွားလာတယ်။ အလယ်အလတ် လမ်းစဉ်ကို မရွေးကြတော့ဘူး။ အဆိုးမြင် ဝါဒတွေနဲ့ လောကကိုကြည့်တယ်။ လူတွေကိုကြည့်တယ်။ မနာလိုစိတ်တွေ၊  ဣဿမစ္ဆရိယစိတ်တွေ ဖုံးလွှမ်းနေတယ်။
ဒါကြောင့် ဆင်းရဲမွဲတေနေခြင်းကို မသိကျိုးကျွန် လျစ်လျူရှုထားလို့ မရဘူး။ စုန်း၊ သဘက်လို၊ သွေးစုပ်ဖုတ်ကောင်လို ပူးကပ်ပြီး ယဉ်ကျေးမှု ပျက်သုဉ်းတဲ့ လူရိုင်းတွေ ဖြစ်လာနိုင်တယ်။ သွေးစုပ်ဖုတ်ကောင်ဆို လူတွေက သတိပြုမိလွယ်တယ်။ ကြောက်စရာကြီးမှန်း သိကြတယ်။ ဒီတော့ ကုသကြတယ်၊ ကြိုတင် ကာကွယ်ကြတယ်။ ရှောင်ရှားကြတယ်။ တကယ်တော့ ဆင်းရဲမွဲတေခြင်းဟာ သွေးစုပ်ဖုတ်ကောင်ထက် အဆပေါင်းများစွာ ကြောက်စရာကြီးပါ။ ဒါကို ကူးစက်ခံလူသား လူဆင်းရဲတွေရော နိုင်ငံတော်ကို စီမံခန့်ခွဲနေသူများကပါ လေးလေးနက်နက် သတိပြုရပါမယ်။ သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက အများကြီး။ ဆိုးကျိုးများ ပေါ်ပေါက်လာနိုင်တယ်။
ကုသရခက်တဲ့ ရောဂါတစ်ခုလို တာဝန်ရှိသူများမှ သတိကြီးကြီးထား ကုသပေးရမယ်။ သွေးစုပ်ဖုတ်ကောင်ကို မဖယ်ရှားနိုင်ရင် ကူးစက်ခံ လူသားဘဝဟာ ပျက်စီးရတော့မယ်။ ထို့အတူ ဆင်းရဲမွဲတေခြင်းဟာလည်း ကူးစက်ခံ လူဆင်းရဲတွေရဲ့ ရုပ်တွေ စိတ်တွေ၊ ဘဝတွေ အလုံးစုံကို ဝါးမျိုရုံသာမက လူ့အသိုင်းအဝိုင်း တစ်ခုလုံးကို တစ်နေ့နေ့ ခြိမ်းခောက်လာနိုင်တယ်။ ဒါကြောင့် ဆင်းရဲမွဲတေမှုကို အချိန်မီ တိုက်ဖျက်သင့်ပါကြောင်း။

Most Read

Most Recent