ဒေလီရှိဆေးရုံက ငှက်များကို တစ်ဖန်ပျံသန်းခွင့်ရအောင် ပြုစုစောင့်ရှောက်ပေး

ဒေလီရှိဆေးရုံက ငှက်များကို တစ်ဖန်ပျံသန်းခွင့်ရအောင် ပြုစုစောင့်ရှောက်ပေး
နိုဝင်ဘာ ၄ ရက်က နယူးဒေလီမြို့ဟောင်းရှိ ကုသိုလ်ဖြစ်ငှက်ဆေးရုံ အပြင်ဘက်တွင် ထိုင်နေသော အမျိုးသမီးတစ်ဦး (Photo: AFP)
နိုဝင်ဘာ ၄ ရက်က နယူးဒေလီမြို့ဟောင်းရှိ ကုသိုလ်ဖြစ်ငှက်ဆေးရုံ အပြင်ဘက်တွင် ထိုင်နေသော အမျိုးသမီးတစ်ဦး (Photo: AFP)
Published 4 December 2016
Ref: AFP

ဒေလီမြို့ဟောင်း၏ အချက်အချာ ကျသည့်နေရာတွင် မဂို ဧကရာဇ်များ၏ Red Fort ဂေဟာနှင့် မျက်နှာချင်းဆိုင်၌ ဂျိန်းဘာသာ အယူဝါဒ ယုံကြည်သက်ဝင်သူများ ဖွင့်လှစ်ထားသည့် ဆေးရုံငယ်တစ်ရုံက ထိခိုက်ဒဏ်ရာရရှိသော ငှက်များကို ကြည့်ရှုစောင့်ရှောက်နေသည်။ ဂျိန်းဝတ်ပြုကျောင်းတစ်ခု အနီးရှိ သုံးထပ်ဆောင် ကုသိုလ်ဖြစ် ငှက်ဆေးရုံ 'Charity Birds Hospital' တွင် တောင်ပံနှင့် ခြေထောက်ကျိုးသည့် ငှက်များမှသည် မျက်လုံးရောဂါကူးစက်မှုနှင့် ဝမ်းဗိုက်ပြဿနာဖြစ်နေသည့် ငှက်များအထိ ငှက်ကောင်ရေ ၄,၀၀၀ အထိကို ပြုစုစောင့်ရှောက်နေသည်။
ရှေးဟောင်း အိန္ဒိယကိုးကွယ်မှု ဘာသာအယူဝါဒ တစ်ခုဖြစ်သော ဂျိန်းဝါဒကို  အိန္ဒိယလူဦးရေ ၁ ဒသ မ ၂၅ ဘီလျံတွင် တစ်ရာခိုင်နှုန်း မပြည့်သည့် အရေအတွက်ကသာ လိုက်နာကျင့်သုံးခဲ့သည်။ ယင်းအယူဝါဒသည် အကြမ်းမဖက်တရားဟောပြီး သက်ရှိအားလုံး ကြီးငယ်မရွေးအပေါ် မေတ္တာထားသည်။
ယင်းအယူဝါဒကို လိုက်နာကျင့်သုံးသူများက သက်ရှိအားလုံးသည် တစ်ဦးကိုတစ်ဦး အမှီပြုပြီး  အခြားသူများကို ကူညီရန် တာဝန်ရှိသည်ဟု လက်ခံယုံကြည်ကြသည်။ ဂျိန်းများသည် ယတိပြတ် သက်သတ်လွတ်စားခြင်းကိုလည်း လိုက်စားခဲ့ပြီး ဘုန်းကြီးနှင့် သီလရှင်အချို့သည်  ပိုးမွှားတစ်ကောင်ကို မတော်တဆ မျိုချမှုမျိုး မဖြစ်စေရန် ၎င်းတို့၏ ပါးစပ်များကို ရက်ထည်ဖြင့် ဖုံးအုပ်ထားသည်။
“ခွေးတွေ၊ ကြောင်တွေအတွက် အစိုးရ သို့မဟုတ် အင်န်ဂျီအိုတွေက ဖွင့်ထားတဲ့ ဆေးခန်းမျိုး ဒါမှမဟုတ် ပုဂ္ဂလိကဆေးခန်းတွေကို အလွယ်အတူ ရှာတွေ့နိုင်မှာပါ။ ဒါပေမဲ့ ငှက်တွေအတွက်  တစ်ခုမှ မရှိပါဘူး” ဟု ယင်းဆေးရုံ၏ တိရ စ္ဆာန်ဆရာဝန် ဒေါက်တာ ဒီဂျာကူးမားဆင်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
၁၉၅၇ ခုနှစ်က ဆောက်လုပ်ခဲ့သည့် ယင်းဆေးရုံကို ဂျိန်းအဖွဲ့အစည်းနှင့် အလည်အပတ်လာရောက်သူများထံမှ အလှူငွေများဖြင့် ထောက်ပံ့နေခြင်း ဖြစ်သည်။
လန်ချားများ၊ ဆိုင်ကယ်များ၊ စက်ဘီးများ၊ ကားများနှင့်ကုန်တင်ကားများမှ စီစီလောင်လောင်ဆူသံများ ထွက်နေသည့်  လမ်းမများတွင် လေလွင့်ခွေးများနှင့် ကြောင်များ သွားလာနေသော်လည်း ဒေလီသည်  ငှက်တစ်ကောင်အတွက် အန္တရာယ်များသည့် နေရာတစ်ခုဖြစ်သည်။
ဒုက္ခရောက်နေသူကို ကူညီသောသူများသည် ဖျားနာနေသော (သို့မဟုတ်) ထိခိုက်ဒဏ်ရာရနေသော ငှက်ကောင်ရေ ၃၀ နှင့် ၄၀ အကြားကို ဆေးရုံသို့ နေ့စဉ်ပို့ဆောင် ပေးခဲ့သည်။
“လူတွေက ပန်းခြံထဲမှာ နံနက်ခင်း လမ်းလျှောက်တဲ့အချိန်နဲ့ သူတို့ရုံးတွေမှာ ငှက်တွေကို ရှာတွေ့တယ်” ဟု ဒေါက်တာဆင်းက ဆိုသည်။ မိနစ်အနည်းငယ်အကြာ တွင် လူတစ်ဦးက သွေးထွက်သံယို ဖြစ်နေသော စွန်တစ်ကောင်ကို ကိုင်ဆောင်ပြီး ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။
“ကျွန်တော်တို့လမ်းမှာ သူပျံနေတာ။ အစာဖမ်းဖို့ စိုက်ဆင်းလာတဲ့အချိန်မှာ အတောင်က စွန်ကြိုး ငြိသွားတယ်။ သူဒဏ်ရာရပြီး သွေးတွေ ထွက်လာတယ်” ဟု ယင်းစွန်ကို ဆေးရုံသို့လာပို့သည့် အသက် ၂၉ နှစ်အရွယ်ရှိ မနိရှ်က ပြောကြားခဲ့သည်။ ၎င်းသည် အခြားငှက်များကိုလည်း ဆေးရုံကို ခေါ်လာခဲ့ဖူးသည်။
တိရစ္ဆာန်ဆရာဝန်သည် စွန်၏ အတောင်ပံမှ ကြိုးကို ရှင်းထုတ်ခဲ့သည်။ သန့်ရှင်းရေးလုပ်ပြီး ပတ်တီးစည်းပေးပြီးနောက် စွန်ကို ပြန်လည်နာလန်ထူလာစေရန်အတွက် ငှက်လှောင်အိမ်တစ်ခုထဲတွင် ထားရှိခဲ့သည်။
ကြွက်ကဲ့သို့သော နို့တိုက်သတ္တဝါငယ်များကို စားသောက်လေ့ရှိသည့် ငှက်များသည်လည်း ဂျိန်းများ၏ စောင့်ရှောက်မှုတွင် နေထိုင်စဉ် သက်သတ်လွတ်စားခြင်းကို လေ့လာလိုက်စားရပြီး ဒိန်ခဲတုံးများကိုသာ စားသောက်ရသည်။ ပြန်လည် နာလန်ထူလာသည်နှင့် တစ်ပြိုင်နက် စွန်ကို ဆေးရုံ၏ခေါင်မိုးသို့ ခေါ်ဆောင်ပြီး လွှတ်ပေးခဲ့သည်။ စွန်သည် ပျံသန်းပြီး ကောင်းကင်တွင် ပျောက်ကွယ်သွားသည်။

Most Read

Most Recent