ဂတ်ဖရိုင်းဒရစ်ကို နောက်တစ်ကြိမ် ယုံကြည်ရမယ်

ဂတ်ဖရိုင်းဒရစ်ကို နောက်တစ်ကြိမ် ယုံကြည်ရမယ်
Published 4 December 2016
ညီညီစိုးညွှန့်

ဂျာမန်လူမျိုးနည်းပြ ဂတ်ဖရိုင်းဒရစ်ဟာ လက်ရှိ မြန်မာ့ဘောလုံးလောကအတွက် နာမည်ကောင်းနဲ့ ထင်ရှား ကျော်ကြားတဲ့သူဖြစ်ပါတယ်။ မြန်မာ ယူ-၁၉ အသင်းကို ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့တာကြောင့် မြန်မာ့ဘောလုံးလောကမှာ အထင်ကရ နိုင်ငံခြားသား နည်းပြတစ်ဦး ဖြစ်လာခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ပြီး နောက်ပိုင်းမှာလည်း (၁၂)နှစ်ကြာ ဝေးကွာနေတဲ့ ဆူဇူကီး ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို ပို့ ဆောင်ပေးနိုင်ခဲ့တာကြောင့် ယုံကြည်အားကိုးလို့ရတဲ့ နည်းပြ ဖြစ်လာခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ လက်ရှိယှဉ်ပြိုင်နေတဲ့ ၂၀၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲမှာ ပထမအဆင့်ဖြစ်တဲ့ ဆီမီးဖိုင်နယ်မှာ တက်ရောက်ပြီးနောက်ပိုင်းမှာ ဒုတိယအဆင့်အနေနဲ့  ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ ထပ်မံကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။ မြန်မာ ဘောလုံးအသင်းတွေရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်ပေးနေတဲ့ နည်းပြ ဂတ်ဖရိုင်းဒရစ်အနေနဲ့ အခုအဆင့်မှာရော  ထိုင်း အသင်းကို ကျော်ဖြတ်ဖို့ စွမ်းဆောင်ပေးနိုင်မလားဆိုတာ စိတ်ဝင်စားစရာ ကောင်းလာပါတယ်။
ဂတ်ဖရိုင်းဒရစ်ဟာ မြန်မာ့လက်ရွေးစင်အသင်းကို  ပြီးခဲ့တဲ့  ၂၀၁၅  ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်မှာ  စတင်ကိုင်တွယ်ခဲ့ပြီး တစ်နှစ်ကျော် သက်တမ်းရှိနေပြီ ဖြစ်ပါတယ်။ တစ်နှစ်ကျော်ကာလအတွင်းမှာ ဂတ်ဖရိုင်းဒရစ်ဟာ အဓိကနိုင်ငံတကာပြိုင်ပွဲအဖြစ် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ကိုင်တွယ်ရတာဖြစ်ပါတယ်။ ဂတ်ဖရိုင်းဒရစ်ဟာ မြန်မာအသင်းကို ဆီမီးဖိုင်နယ် ပို့ဆောင်ပေးနိုင်ခဲ့လို့ ဝေဖန်သံတွေ တိတ်ဆိတ်သွားခဲ့တာဖြစ်ပြီး ဗီယက်နမ်နဲ့ အုပ်စုအဖွင့်ပွဲအပြီးထိ ဝေဖန်မှုတွေကြားမှာ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပြိုင်ပွဲမတိုင်ခင် သွားရောက်ခဲ့တဲ့ ဥရောပခြေစမ်းခရီးစဉ်မှာ အဓိကကစားသမား ကျော်ကိုကိုနဲ့ တောင်ပံကစားသမား သီဟဇော်တို့ကို ပြန်လည်စေလွှတ်ခဲ့ပြီး စေလွှတ်ရတဲ့အကြောင်းကို ထုတ်ဖော်မပြောကြားတာကြောင့် ဂတ်ဖရိုင်းဒရစ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြိုင်ပွဲမတိုင်ခင်မှာ ကစားခဲ့တဲ့ အင်ဒိုနီးရှား၊ အိုမန်အသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ ကျေနပ် စရာကောင်းတဲ့ကစားပုံကို မပြနိုင်ခဲ့တာ ကြောင့် ဝေဖန်မှုသံတွေ ပိုမိုကျယ်လောင်လာခဲ့ပြီး ဆူဇူကီးဖလားပြိုင်ပွဲမှာသာ အုပ်စုအဆင့်က မတက်နိုင်ခဲ့ရင် မြန်မာအသင်းရဲ့ နည်းပြဘဝပါ အဆုံးသတ်နိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဖွင့်ပွဲမှာ ဗီယက်နမ်အသင်းကို (၂-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ဖိအားတွေကြားမှာ ဆက်ရှိနေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျေနပ်စရာကောင်းတဲ့ ကစားပုံကို ပြသနိုင်ခဲ့တာကြောင့် ကမ္ဘောဒီးယားနဲ့ပွဲအတွက် အားတစ်ခုဖြစ်ခဲ့ပါတယ်။ မဖြစ်မနေ အနိုင်ကစားရမယ့် ကမ္ဘောဒီးယားအသင်းနဲ့ပွဲမှာ မြန်မာအသင်းဟာ (၃-၁) ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဂတ်ဖရိုင်းဒရစ်ဟာ နိုင်ပွဲရဖို့ မှန်ကန်တဲ့ နည်းဗျူဟာတွေ ချမှတ်နိုင်ခဲ့ပါတယ်။ တစ်ပွဲထက်တစ်ပွဲ ပုံစံကောင်းရလာတဲ့ မြန်မာအသင်းဟာ နောက်ဆုံးပွဲမှာ မလေးရှားလက်ရွေးစင်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ယူ နိုင်ခဲ့ပါတယ်။ ဂတ်ဖရိုင်းဒရစ်ဟာ မြန်မာအသင်းတွေနဲ့ အံဝင်တဲ့ နည်းစနစ်တွေကို သင်ကြားပေးနိုင်တာကြောင့် ကာလရှည်ကိုင်တွယ်ခွင့် ရနေတာလည်း ဖြစ်ပါတယ်။ တကယ်အရေးကြီးတဲ့အချိန်မှာ မြန်မာအသင်းတွေကို အောင်မြင်မှုတွေ ရယူပေးနိုင်တာကြောင့် လူငယ်လက်ရွေးစင်အသင်း နည်းပြဘဝကနေ လက်ရွေးစင်အသင်းနည်းပြ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဂတ်ဖရိုင်းဒရစ်ဟာ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ယူ-၁၉ အသင်းကို အဓိက ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ လူငယ်အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ ငါးနှစ်ကျော် ကာလအတွင်းမှာ ဂတ်ဖရိုင်းဒရစ်ဟာ ယူ-၂၁ အသင်း၊ ယူ-၂၂ အသင်းတွေကို ကာလတို ကိုင်တွယ်ခဲ့ ဖူးပြီး ဖိတ်ခေါ်ပြိုင်ပွဲတွေမှာ အောင်မြင်မှုရခဲ့ပေမယ့် အဓိက အောင်မြင်ခဲ့တာက ယူ-၁၉ အသင်းနဲ့ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဆီ ယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်က ထွက်ခဲ့ရတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး နောက်ပိုင်းပြိုင်ပွဲတွေမှာ အောင်မြင်မှုရအောင် စွမ်း ဆောင်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၄ ဘရူနိုင်း ဘုရင့်ဖလားပြိုင်ပွဲမှာ မြန်မာ ယူ-၁၉ အသင်းကို ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဂတ်ဖရိုင်းဒရစ်ဟာ လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းမှာ အားကိုးရမယ့် အမာခံကစား သမားတွေဖြစ်တဲ့ အောင်သူ၊ နန္ဒကျော်၊ မျိုးကိုထွန်း၊ သန်းပိုင်၊ မောင်မောင်လွင်တို့ကို  အသင်းနဲ့အတူ မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ မြန်မာ့ဘောလုံးသမိုင်းမှာ ပထမဆုံးအဖြစ် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိအောင် ဂတ်ဖရိုင်းဒရစ် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး မြန်မာ့ဘောလုံးလောကမှာ အထင်ကရ နည်းပြတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၄ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရယူပေးနိုင်ခဲ့တာ ဖြစ်ပြီး အာရှအင်အားကြီး ယူအေအီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ တိုက်စစ်မှူးသန်းပိုင်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရကာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရမယ့် ဆီမီးဖိုင်နယ် လေးသင်း စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။
 ဂတ်ဖရိုင်းဒရစ်ဟာ မြန်မာ့ လက်ရွေးစင်အသင်းကို ကိုင်တွယ်တဲ့နေရာမှာ ကစားသမားတွေ စမ်းသပ်နေရတာကြောင့် တစ်နှစ်ကျော်ကာလအတွင်းမှာ အဓိကခြေစမ်းပွဲတွေ၊ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲနဲ့  ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရလဒ်မကောင်းခဲ့ပေမယ့် အခုဆူဇူကီးဖလားပြိုင်ပွဲမှာတော့ ထိုက်သင့်တဲ့ နေရာတစ်ခုဆီ ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေတဲ့ ထိုင်းအသင်းဟာ အာဆီယံထိပ်တန်းအသင်းဖြစ်သလို ၂၀၁၈ ကမ္ဘာ့ ဖလား အာရှဇုန်တတိယအဆင့်ယှဉ်ပြိုင်ခွင့်ရတဲ့ အဆင့်ထိ ရောက်နေတဲ့အသင်းဖြစ်တာကြောင့် အများကြီးမျှော်လင့်လို့မရတာ ယေဘုယျ လက်ခံလို့ရပါတယ်။ ဒါပေမဲ့ ဂတ်ဖရိုင်းဒရစ်ရဲ့ နည်းဗျူဟာ၊ ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မှုတွေကို ပေါင်းစပ်လိုက်ရင် မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။ မြန်မာလူငယ်အသင်းကို ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရအောင်၊ မြန်မာ့လက်ရွေးစင်အသင်း ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်နဲ့ ဝေးကွာနေတာကို (၁၂)နှစ်အကြာမှာ အဆုံးသတ်ပေးနိုင်ခဲ့တဲ့ နည်းပြဂတ်ဖရိုင်းဒရစ်ကို ထိုင်းနဲ့ ဆီမီး ဖိုင်နယ်ပွဲအတွက် မြန်မာဘောလုံးပရိသတ်တွေ အပြည့်အ၀ ယုံကြည်လို့ရပါတယ်။

Most Read

Most Recent