မုဒိတာ

မုဒိတာ
Published 4 December 2016
ဘစံကောက်

သူတို့ကို အလျင်ပေးပြီး
ချမ်းသာခိုင်း လိုက်ပါ
ချမ်းသာတာက ကျက်သရေရှိပါတယ်။
တိန့်ရှောင်ဖိန်
“မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ” ဆိုတဲ့ တရားလေးပါးကို မြန်မာလိုတော့ “ဗြဟ္မစိုရ်” တရားလေးပါးလို့ ခေါ်ပါတယ်။ ပါဠိလိုကတော့ “ဗြဟ္မဝိဟာရ” တရားလေးပါး ပေါ့လေ။
ဒီနေရာမှာ “ဗြဟ္မဝိဟာရ” ကို အနက် သမ္ဗန်လိုက်မယ်ဆိုရင် “ဗြဟ္မ” က မြတ်သော “ဝိဟာရ” က နေခြင်းဖြစ်လို့ ပေါင်းစပ် အဓိပ္ပာယ်အရကတော့ “မြတ်သောနေခြင်း” လို့ နားလည်ရမှာဖြစ်ပါတယ်။ “သတ္တဝါတို့ အပေါ်၌ မေတ္တာပွား၍ဖြစ်စေ၊ ကရုဏာ မုဒိတာ၊ ဥပေက္ခာ တစ်ပါးပါးပွား၍ ဖြစ်စေနေခြင်းသည် မြင့်မြတ်သော နေခြင်းဖြစ်သည်။ ရယ်လို့ တောင်မြို့မဟာ ဂန္ဓာရုံဆရာတော်ဘုရားကြီး“အရှင်ဇနကာဘိဝံသ” ကတော့ ဆိုပါတယ်။ ဒါ့အပြင်လည်း “ထိုကဲ့သို့ ပွားများ၍ နေထိုင်ခြင်းသည် ဒေါသစိတ်အဘိဇ္ဈာ၊ ဣဿာစိတ်တို့ဖြင့် နေခြင်းကဲ့သို့ ခြောက်ခြောက် သွေ့သွေ့ မဟုတ်ဘဲ စိုစိုပြည်ပြည် ရှိသောကြောင့် “ဗြဟ္မစိုရ်” ဟု ခေါ်ဟန်တူသည်လို့လဲ မှတ်ချက်ပြုထားပြန်ပါသေးတယ်။
အမှန်လည်း သတ္တဝါအများကိုဖြစ်စေ၊ တစ်ဦးတစ်ယောက်ကိုပဲ ဖြစ်စေ၊ ရည်စူးပြီး အကျိုးလိုလားတဲ့စိတ်နဲ့ ဗြဟ္မစိုရ်တရား တစ်ပါးပါးကို ပွားများနေမယ်သာဆိုရင် ပွားများသူရဲ့ စိတ်ဟာ အေးချမ်းနေမှာဖြစ်သလို သူ့ရဲ့ စူးစိုက်မှု စေတနာအားကောင်းရင် အားကောင်းသလောက် သူပို့သတဲ့ သတ္တဝါတွေလည်း အကျိုးတစ်စုံတစ်ရာကို ရနိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အကောင်းဆုံးဥပမာပေးစရာ ပုံပြင်ကလေးတစ်ပုဒ်ကတော့ တစ်ခါက မျက်မမြင်တစ်ယောက်ဟာ မှောင်မိုက်တဲ့ ညမှာ မီးအိမ်ကလေးတစ်လုံးကို လက်မှာဆွဲပြီး လမ်းပေါ်မှာ လျှောက်သွားပါသတဲ့ ဒါကို မြင်တော့ လူတစ်ယောက်က “ခင်ဗျားနှယ် မျက်စိလည်း မမြင်ဘဲနဲ့ မီးအိမ်ကြီးလက်ကကိုင်ပြီး လမ်းပေါ်မှာ လျှောက်သွားနေရသေးတယ်။ ခင်ဗျားအနေနဲ့ဆိုရင် မီးအိမ်ထွန်းသည် ဖြစ်စေ၊ မီးအိမ်မပါဘဲ ဖြစ်စေ။ လမ်းသွားတာက ဘာများထူးခြားဦးမှာ မို့လို့လဲ“ဆိုတော့ မျက်မမြင်က ”ကျွန်တော်မီးအိမ်ထွန်းထားတော့ ခုလိုညမှောင်မှောင်ကြီးထဲမှာ ခရီးသွား နေကြတဲ့ လူတွေလမ်းကို ကောင်းကောင်းမွန်မွန် မြင်ရတာပေါ့ဗျာ။ မြွေတွေ ကင်းတွေရှိရင်လည်း မြင်ရမယ်။ အနည်းဆုံး ခလုတ်တော့ မတိုက်ဘူးပေါ့” လို့ ဆိုသတဲ့ ဒီတော့ အဲဒီလူက“သြော် ဒါဖြင့် ခင်ဗျားက ညအမှောင်ထဲမှာ ခရီးသွားနေတဲ့ မျက်စိမြင်သူတွေအတွက် ရည်ရွယ်ပြီး မီးအိမ်ကို ထွန်းပြီး လျှောက်သွား နေတာပေါ့” လို့ ပြောတဲ့အခါ မျက်မမြင်က “အင်း နောက်တစ်ခုရှိသေးတယ်။ အဲဒါကတော့ မျက်စိမြင်တဲ့သူတွေက မှောင်ထဲမှာ ကျုပ်ကို ဝင်ပြီးမတိုက်မိအောင်လည်း ကာကွယ်ထားတာပါ” လို့ ဆိုသတဲ့။ သည်ပုံပြင်လေးကို ဥပမာပြုပြီး ပြောရရင် ဗြဟ္မစိုရ်တရားကို ပွားများနေ တဲ့သူတွေဟာ သူတို့ရဲ့ မေတ္တာ၊ စေတနာစွမ်း အားမြင့်ရင် မြင့်သလောက် သူတစ်ပါးရဲ့ အကျိုးစီးပွားကိုလည်း ဆောင်ရွက်နိုင်သလို မိမိကိုယ်ကိုလည်း လုံခြုံအောင် စောင့်ရှောက် နိုင်ပါတယ်။
ဒီနေရာမှာ မေတ္တာရဲ့ သဘော၊ ကရုဏာရဲ့ သဘောကိုတော့ လူတိုင်းနီးပါး နားလည်ပြီးသားဖြစ်ကြသလို အကျိုးတရားတွေကိုလည်း သိရှိကြပြီးဖြစ်လို့ အကျယ်ချဲ့ပြီး ပြောနေစရာ မလိုတော့ပါဘူး။ ဥပေက္ခာရဲ့ သဘောကလည်း ကျယ်လွန်းလို့ ဒီနေရာမှာ မပြောတော့ပါဘူး။ ပြောချင်တာက “မုဒိတာ” အကြောင်းပါ။ မုဒိတာရဲ့ သဘောက သူတစ်ပါး ကြီးပွားချမ်းသာတာ၊ အဆွေအမျိုးမြတ်ပြီး အဆင်းလှတာ၊ ပညာတတ်တာ၊ ဂုဏ်အမျိုးမျိုးနဲ့ ပျံ့နှံ့ကျော်ကြားတာကို မြင်ရတဲ့အခါ မလိုတမာစိတ် မဖြစ်ပေါ်ဘဲ ဖြူဖြူစင်စင်နဲ့ အားရဝမ်းသာ ဖြစ်တာကို ဆိုလိုတာပါပဲ။
အမှန်ပြောရရင် ကိုယ့်ဆွေ၊ ကိုယ်မျိုး၊ ကိုယ့်သား၊ ကိုယ့်သမီး ကိုယ်နဲ့ ခင်မင်ရင်းနှီးသူတွေမှာ သည်လို သမ္ပတ္တိတရားတွေနဲ့ ပြည့်စုံ နေတာကို မြင်ရတဲ့အခါ ဘယ်သူမဆို မုဒိတာပွားလို့ မခက်နိုင်ကြပါဘူး။ ဒီလိုမှမဟုတ်ဘဲ ကိုယ်နဲ့ မသင့်မြတ်သူ ကိုယ်နဲ့ စီးပွားပြိုင်ဘက်၊ လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးကသာ သည်လို အခြေအနေကောင်းတွေ ရရှိသွားတယ်လို့ မြင်ရ၊ ကြားရရင်တော့ မုဒိတာပွားဖို့အတော်ပဲ ခက်ပါတယ်။ ဒီစိတ်ကအတော် ဆိုးပါတယ်။ သေချာတွေးကြည့်ရင် ကိုယ့်အိတ်ထဲကလည်း တစ်ပြားတစ်ချပ်မှ နိုက်ရတာမဟုတ် ကိုယ့်အနေအစားလည်း ပျက်သွားတာ မဟုတ်ဘဲနဲ့ မလိုတမာစိတ်ပေါ်လာတာပါ။ ကိုယ့်မှာ ဒီလို စိတ်ပေါ်လာရင် တစ်ဘက်သားကတော့ ဘယ်လိုနေမယ် မပြောတတ်ပေမဲ့ ကိုယ့်မှာတော့ မီးခဲကြီးမျိုထားရသလို အလိုလိုပူလောင်နေ ရတာကတော့ သေချာပါတယ်။
ပြောရရင် သည်စိတ်မျိုးကိုယ့်မှာ ပေါ်လာပြီဆိုရင် အနှေးနဲ့အမြန် ပျက်စီးဖို့ကြုံရ တတ်တာမို့ ပေါ်လာပြီမှန်းသိတာနဲ့ တရားသဘောနဲ့ ယှဉ်တွေးပြီး ဖျောက်ပစ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒီစိတ်ဘယ်လောက် ဆိုးသလဲဆိုတာ သိသာစေနိုင်တဲ့ ဇာတ်တော်တစ်ခု ရှိပါတယ်။ ဘုရားဟောဇာတ်တော်ပါ ။ ကောသမ္ဗီပြည်မှာ သူဌေးကြီးတစ်ဦးရှိပါတယ်။ ဒီသူဌေးက ပြည့်ရှင်မင်းကိုယ်တိုင် သူဌေးဘွဲ့ပေးပြီး ချီးမြှောက်ခြင်းခံရတဲ့ သူဌေးကြီးပါ။ တစ်နေ့ ညဘက် မင်းခစားရန်အသွားလမ်းမှာ မင်းဆရာ ပုရောဟိတ် ပုဏ္ဏားနဲ့ တွေ့တော့ “ယနေ့ နက္ခတ်ကောင်းမကောင်း စောကြော ကြည့်ပါသေးသလား” လို့ မေးတဲ့အခါ ပုဏ္ဏား ကြီးက “ယနေ့ညဖွားသော သားကား ဤကောသမ္ဗီပြည်ဝယ် သူမတူအောင် စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသော သူဌေးကြီးဖြစ်လတ္တံ့” လို့ နက္ခတ်ကို ကြည့်ပြီးဟောလိုက်ပါတယ်။
ဖြစ်ချင်တော့ သူဌေးကတော်ကလည်း ကိုယ်ဝန်နေ့စေ့ လစေ့ကြီးနဲ့ပါ။ ဒါကြောင့် “ယနေ့ညဖွားနိုင်၊ မဖွားနိုင်” သမားတော်များကို ကြည့်ရှုခိုင်းတဲ့အခါ မဖွားနိုင်တဲ့အဖြစ်ကိုသိပြီး ကျေးကျွန်များကို ယနေ့ညဖွားသော သားကို ရအောင်ရှာကြဖို့ ခိုင်းလိုက်ပါတယ်။ တွေ့တဲ့အခါ အသပြာတစ်ထောင်ပေးပြီး ဝယ်စေပါတယ်။ အကြံကတော့ သူဌေးကတော်မှာ သမီးမိန်းကလေးဖွားခဲ့ရင် သမီးနဲ့ ပေးစားပြီး သမက်တော်ဖို့ပါ။ အကယ်၍သား ယောက်ျားလေးဖွားခဲ့ရင်တော့ သတ်ဖို့ပါပဲ ဘယ်လောက်များ မလိုတမာစိတ်ကြီး လိုက်ပါသလဲ။
ဒါနဲ့ လေးငါးရက်ရှိတဲ့အခါ သူဌေးကတော်က သားယောက်ျားလေးပဲ မွေးပါတယ်။ သည်လိုလည်းဆိုရော မွေးစားထားတဲ့ “ဃောသက” သူငယ်ကို သတ်ဖို့ကြံပါတော့တယ်။ ပထမတစ်ကြိမ် နွားခြံဝမှာ စွန့်ပစ်ပြီး နွားနင်း သေအောင်ကြံပါတယ်။ သူငယ်ရဲ့ ဘုန်းကံကြောင့် မသေတော့ နောက်တစ်ခါ သုသာန်မှာ ပစ်ပါတယ်။ မသေပြန်ပါဘူး။ နောက်တစ်ခါလှည်း လမ်းကြောင်းမှာပစ်။ ဒါလည်း မသေတော့ တောင်ကမ်းပါးကနေပြီး ပစ်ချပြန်ပါတယ်။ လေးကြိမ်လေးခါ သေအောင်သတ်လို့ မသေတော့။ “နေနှင့်ဦး” ဆိုပြီး မွေးထားပါတယ်။ ဒါပေမဲ့ အတတ်ပညာတော့ သင်မပေးပါဘူး။ သားအရင်းကိုတော့ သင်ပေးတာပေါ့လေ။ ဒါပေမဲ့ ကလေးနှစ်ဦးကတော့ ဒါတွေကိုမသိဘဲ ညီအစ်ကိုအရင်းလို အမှတ်နဲ့ အလွန်ပဲ ချစ်ကြပါတယ်။
နောင်“ဃောသက” သတို့သား အရွယ်ရောက်တဲ့အခါ အိုးထိန်းသည်တစ်ဦးရဲ့ အကူအညီနဲ့ သတ်ဖို့ကြံပါတယ်။ သတ်မယ့်နေ့မှာ သူဌေးက “ဃောသက” ကို အိုးထိန်းသည်ထံ သွားချေလို့ စေလိုက်ပါတယ်။ လမ်းမှာ ညီဖြစ်သူ သူဌေးသားအရင်းနဲ့ တွေ့တော့ ဂုံညင်းထိုးပွဲမှာ ရှုံးနေတာနဲ့ “အစ်ကို့အစား ကျွန်တော်သွားလိုက်ပါမယ်။ ကျွနု်ပ်ရှုံးသမျှရအောင် အစ်ကိုက ကျွန်တော့်အစား ဂုံညင်းထိုးရစ်ပါ” ဆိုပြီး လူစားလဲသွားလိုက်တော့ သူဌေးသားအရင်းကို အိုးထိန်းသည်က  သူဌေးသတ်ခိုင်းတဲ့ သူငယ်ပဲထင်ပြီး သတ်လိုက်ပါတယ်။ ပြီးတော့ အိုးဖုတ်တဲ့ မီးဖိုထဲထည့်ပြီး အစဖျောက်ပစ်လိုက်ပါတယ်။ သူဌေးကြီးခမျာ သူ့မကောင်းပြစ်နဲ့သူ ရူးမတတ်ခံစား လိုက်ရပြီးနောက်တော့ အိပ်ရာထဲလဲရတော့ တာပါပဲ။
ဒါလည်း နောင်တမရနိုင်ရှာဘူး။ သတ်ဖို့ပဲကြံနေပြန်တယ်။ ဒီလိုနဲ့တစ်နေ့တော့ ရပ်ဝေးက သူနဲ့ ကျေးဇူးမကင်းတဲ့ သူဌေးထံကို စာနဲ့အတူ သတ်ပေးဖို့ လွှတ်လိုက်ပြန်ပါတယ်။ ‘ဃောသက’ က စာမတတ်တော့ စာကိုယူပြီး သတ်မယ့်သူထံကိုအသွား၊ သတ်မယ့်သူရဲ့ သမီးက ဒီစာကိုတွေ့ပြီး မြင်မြင်ချင်းပဲ နှစ်သက်မိတာမို့  စာတစ်စောင် အမြန်ရေးပြီး စာချင်းလဲထားလိုက်ပါတယ်။ စာထဲမှာတော့ သူဌေးသားကို သူနဲ့ပေးစားဖို့ပါ။သြော် လောကမှာ ကုသိုလ်ကံရဲ့အဟုန်ကြောင့် ဘဝအခြေမြင့်ဖို့ အကြောင်းဖန်လာရင် ဘယ်လိုပဲမကောင်း ကြံသည်ဖြစ်စေ။ မပျက်စီးနိုင်ဘူးဆိုတာ အလွန်မှန်တာပဲ။ နောက်ဆုံး ဇာတ်ပေါင်းတဲ့အခါ သူဌေးကြီးဟာ ‘ဃောသက’ သူငယ်ကို ဘယ်လိုမှ မကောင်းကြံလို့ မရမှန်းသိတဲ့အခါ သွေးအန်ပြီး ပျက်စီးရရှာပါတယ်။ ‘ဃောသက’ ကတော့ သူဌေးရဲ့ စည်းစိမ်အားလုံးကို အမွေရပြီး ကောသမ္ဗီပြည်ရဲ့ အချမ်းသာဆုံးသူဌေး ဖြစ်သွားရပါသတဲ့။
တကယ်တော့ မုဒိတာစိတ်ဟာ သူတစ်ပါးကိုမနာလို မနှစ်မြို့စိတ် မမွေးမြူမဖြစ်ပေါ်ဘဲ စိတ်စေတနာ ဖြူစင်သန့်ရှင်းစွာနဲ့ ဝမ်းသာပေးနိုင်ရုံလေးပါ။ ဒါလောက်ကလေးကိုတောင်မှ မလုပ်နိုင်ရင်တော့ ဘယ်မှာကိုယ့်စိတ်ချမ်း သာနိုင်ပါတော့မလဲ။ ဒါကြောင့်လည်း မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက “ကိုယ့်စိတ်ကိုမှ ချမ်းသာအောင်မထားတတ်သေးရင် ဘယ်လောက်ပဲ ဂုဏ်ထူးဘွဲ့ထူးတွေရနေပါစေ။ ဘာပညာမှ မတတ်သေးဘူးလို့ပဲမှတ်ပါ” လို့ ဆိုခဲ့ပေတာပေါ့။

Most Read

Most Recent