ဆောင်ရန် ရှောင်ရန် လူကျင့်ဝတ်တွေ

ဆောင်ရန် ရှောင်ရန် လူကျင့်ဝတ်တွေ
Published 3 December 2016
စိုးခိုင်ညိန်း

စည်းကမ်းသည် လူ၏တန်ဖိုးတဲ့။ မကြာခဏ တွေ့နေ ဖတ်နေကြားနေရသော စာသားတစ်ခု ဖြစ်သည်။ ထိုစာသား အလိုအရတော့ စည်းကမ်းမရှိသောသူသည် တန်ဖိုးမရှိသောသူဟု ဆိုရပါလိမ့်မည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာက လိုက်နာစရာ ဆောင်ရန်ရှောင် ရန်တွေများစွာရှိသည်။ တချို့စည်းကမ်းတွေက ဥပဒေနှင့် ပြဋ္ဌာန်းထားပြီး မဖြစ်မနေ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းတွေ ရှိသလို တချို့စည်းကမ်းတွေကတော့ ဥပဒေဖြင့်တော့ ပြဋ္ဌာန်းမထား၊ သို့သော် လူ့အဖွဲ့အစည်း အတွင်းမှာ လူမှုကျင့်ဝတ် အလိုအရ လိုက်နာရမည့် စည်းကမ်းတွေကလည်း များစွာရှိ သည်။
လူမှုကျင့်ဝတ်တွေအရ လိုက်နာသင့်သော စည်းကမ်းတွေသည် မလိုက်နာဘဲ ချိုးဖောက်ကျူးလွန်၍ ဥပဒေဖြင့် အရေးယူ၍ မရနိုင်သော်လည်း လူ့အဖွဲ့အစည်းအတွင်းမှာ လူ့ကျင့်ဝတ်တွေ ချိုးဖောက်၍ အရုပ်ဆိုး အကျည်းတန်သော ကျင့်ဝတ်စည်းကမ်းတွေ ရှိသည်။ အရေးယူ၍ မရနိုင်သော်လည်း လူမှုကျင့်ဝတ် အလိုအရ လိုက်နာသင့်သော စည်းကမ်းတွေဖြစ်သည်။ ချိုးဖောက်ဖို့ မသင့်ပေ။ ဥပမာ သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဇနီးမယားကျင့်ဝတ် စသည်တွေ ဖြစ်သည်။ နောက် လူ့အဖွဲ့အစည်း အတွင်းမှာဆိုလျှင် အများနည်းတူ တန်းစီရမည့် နေရာမှာ မိမိကလည်းတန်းစီ ရပေမည်။ ဆေးလိပ်မသောက်သင့်သော နေရာမှာ မသောက်ရန်၊ ရှောင်ရန်လိုသည်။ ကွမ်းတံထွေးကိုလည်း တွေ့ရာနေရာ မထွေးဖို့လိုသည်။ လှေကားထောင့် နံရံတွေမှာ တက်မိတဲ့အခါတိုင်း ကွမ်းတံထွေးတွေ ထွေးခြင်းသည် မသင့်တော်သော လုပ်ရပ်မျိုးဖြစ်သည်။ အများပြည်သူသုံးနေ ရာလိုမျိုးမှာ အမှိုက်ကိုကြုံသလိုပစ်တာ၊ မှတ်တိုင်လို နေရာမျိုး။ နံရံတွေပေါ်မှာ ရေးချင်ရာရေးပြီး ဖျက်ဆီးခြင်းကဲ့သို့သော လုပ်ရပ်တို့သည် အမြင်မသင့်သော လုပ်ရပ်တို့ဖြစ်သည်။ ထိုကဲ့သို့သော လုပ်ရပ်တို့ကို ရှောင်ကြဉ်သောသူသည် ပတ်ဝန်းကျင်ကို အလေးထား၍ ကိုယ့်ကြောင့် လူမှုဝန်းကျင်ကို အကျည်းတန်သော လုပ်ရပ်ကို ရှောင်ကြဉ်ကာ လူ့အဖွဲ့အစည်း ဝန်းကျင်ကို အလေးထားသောသူ၊ တန်ဖိုးရှိသော ၊ ကိုယ်ကျင့်သိက္ခာရှိသောသူဟု ဆိုနိုင်သည်။ ဒါကြောင့်ပဲ စည်းကမ်းသည် လူ၏တန်ဖိုးဟု ဆိုထားရလေသည်။
လူတစ်ယောက်၏ အပြောအဆို အပြုအမူ၊ နေပုံထိုင်ပုံ၊ လုပ်ပုံကိုင်ပုံ သွားပုံလာပုံ အမူအရာတို့ကို ကြည့်၍ ကောင်းသည်ဆိုးသည် ဆုံးဖြတ်တတ်ကြသည်။ လူတိုင်းက အကဲ့ရဲ့ မခံချင်ကြပေမယ့် အချီးမွမ်းကိုတော့ ခံချင်သူချည်းပဲ ဖြစ်သည်။ အချီးမွမ်းခံရသော သူသည် တန်ဖိုးရှိသောသူ ဖြစ်သည်။ ဒါကြောင့် လူ့ကျင့်ဝတ် စည်းကမ်းတွေကို လိုက်နာကျင့်သုံးဖို့ လိုသည်။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိသူ တစ်ယောက်ဖြစ်ချင် ကြသည်။ တန်ဖိုးရှိအောင် နေပါမှ တန်ဖိုးရှိသည်။ မိမိ၏ လုပ်ရပ်တွေ ကောင်းမွန်နေဖို့လိုသည်။
စည်းကမ်းဆိုသော စကားနှင့် ပတ်သက်၍ ဆရာတစ်ယောက်၏ ဆုံးမစကားကိုမှတ် မိနေသေးသည်။ စည်းဆိုတာက ကုန်းစကားတဲ့။ ကမ်းကတော့ ရေစကားဖြစ်သည်တဲ့။ ကုန်းပေါ်မှာဆို သူ့စည်း ကိုယ့်စည်း ရှိရမည်။ အိမ်တွေဝင်းတွေမှာ ယာတွေမှာ စည်းရိုးထားရသည်။ သူ့စည်း ကိုယ့်စည်း သတ်မှတ်ကာ နေရသည်။ သူ့စည်းအတွင်း ကျူးကျော်စော်ကားလို့မရ၊ စောင့်ထိန်းရသည်။ အကယ်၍ ဘာစည်းမှ မထားဘူးဆိုလျှင် လူ့အဖွဲ့အစည်း တစ်ခုလုံးသည် အငြင်းပွားမှုတွေ၊ ကျူးကျော် စော်ကားမှုတို့ဖြင့် ပရမ်းပတာ ဖြစ်နေပေလိမ့်မည်။ ဒါကြောင့် လူ့အဖွဲ့အစည်းမှာ သူ့စည်း ကိုယ့်စည်းဖြင့် စည်းရိုးခတ်ကာ နေကြရသည်။
ကမ်းဆိုသည်က ရေကို တစုတစည်းတည်းနေဖို့ လိုရာစီးစေဖို့ အနားသပ်ပေးထားသော အရာဖြစ်သည်။ မြစ်တွေ၊ ချောင်းတွေ လိုရာစီးဖို့ကမ်းက အနားသတ်ပေးထားရသည်။ ကမ်းမရှိသောမြစ်သည် ရေပြင်ပမာဖြစ်၍ စီးချင်ရာ စီးပေလိမ့်မည်။ မြစ်ပရမ်းပတာမဖြစ်ဖို့ ကမ်းကောင်းကောင်း ရှိဖို့လိုသည်။ ထိုနှစ်ခုကို ပေါင်း၍ စည်းကမ်းဆိုတာ ဖြစ်လာသည်ဟု ဆရာကဆိုသည်။
စောင့်ထိန်းသင့်သော လူ့ကျင့်ဝတ် သိက္ခာပုဒ်တွေအထဲတွင် ငါးပါးသီလသည် အခြေခံအကျဆုံးနှင့် လိုက်နာကျင့်သုံးသင့်သော ကျင့်ဝတ်ပဲဖြစ်သည်။ ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်မှ မဟုတ် မည်သည့် ဘာသာဝင်မဆို လိုက်နာကျင့်သုံးသင့်သော ကျင့်ဝတ်ဖြစ်သည်။ ငါးပါးသီလဆိုသည်က ဘုရားထံမှ သို့မဟုတ် ဘုန်းကြီးတစ်ပါးပါးထံမှ သီလအနေဖြင့် ခံယူဆောက်တည်ပြီးမှ ကျင့်သုံးရသည်မဟုတ်၊ မည်သူ့ဆီကမှ သီလအနေဖြင့် ခံယူမထားသော်လည်း မိမိအသိစိတ်ဓာတ်ဖြင့် စောင့်ထိန်းကျင့်သုံးနေလျှင် သီလစောင့် ထိန်းသောသူဟု ဆိုရမည်ပင်။
သီလသည် စာရိတ္တသီလနှင့် ဝါရိတ္တသီလ ဟူ၍နှစ်မျိုးရှိသည်။ စာရိတ္တသီလဟူသည် လိုက်နာကျင့်သုံးရမည့် သီလ၊ ပြုလုပ်ရမည့် ကျင့်ဝတ်သီလဖြစ်သည်။ ဝါရိတ္တသီလဟူသည် မပြုလုပ်ရန် တားမြစ်ထားသော အရာများကို စောင့်ထိန်းလိုက်နာရသော ကျင့်ဝတ်ဖြစ်သည်။ ထိုသီလနှစ်မျိုးလုံးကို လိုက်နာကျင့်သုံးနိုင်မှသာလျှင် ပြီးပြည့်စုံ၍ စည်းကမ်းပြည့်ဝသော လိုက်နာကျင့်သုံးသူဟု ဆိုရပေမည်။
ငါးပါးသီလတွင် ပါဏာတိပါတ သိက္ခာပုဒ်သည် သူ့အသက်ကို မသတ်ဖို့တားမြစ်ထားသော ကျင့်ဝတ်ဖြစ်သည်။ တားမြစ်မှုကို လိုက်နာကျင့်သုံးရသော ဝါရိတ္တသီလဖြစ်သည်။ ကိုယ်တိုင် သူများအသက်ကို မသတ်ရုံသာ မကပဲ သတ်မည့်သူကိုပါ မသတ်ဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းသည် စာရိတ္တသီလဟု ဆိုသည်။ ကိုယ်တိုင်သတ်ဖို့ ရှောင်ကြဉ်ရုံနှင့် မဖြစ်၊ သူများအသက်ကို သတ်မှုကင်းစင်သော လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်အောင် မိမိကပါ ဝင်လုပ်ဆောင်နိုင်ပါမှ ပိုပြီးပြည့်စုံနိုင်မည်ဖြစ်သည်။ ထို့အတူ ကိုယ်တိုင်မခိုး မလုယက်သည် သာမက ခိုးဆိုးလုယက်မှုတွေ မဖြစ်အောင် ပါဝင်ကူညီဆောင်ရွက်ရမည် ဖြစ်သည်။ အလားတူ ကိုယ်တိုင်မှန်သော စကားကိုဆို၍ အခြားသူများကိုလည်း လိမ်ညာခြင်းအမှုများ မဖြစ်မြောက်အောင် ၊ ကိုယ်တိုင်သူများသား မယားပြစ်မှားခြင်းမှ ရှောင်၍ သူများကိုလည်း ထိုကိစ္စအမှု မဖြစ်မြောက်အောင်၊ ကိုယ်တိုင် မူးယစ်သေစာ သောက်သုံးခြင်းမှ ရှောင်ကြဉ်ရုံမဟုတ်ဘဲ  လူ့အဖွဲ့အစည်းကိုလည်း  မူးယစ်သေစာ ကင်းစင်အောင် ပါဝင်ကူညီပြုမူ ဆောင်ရွက်နိုင်ပါမှ ပြီးပြည့်စုံသော စောင့်ထိန်းသူဟု ဆိုရပေမည်။
အရေအတွက်အားဖြင့် ငါးပါးသာရှိသော ထိုသိက္ခာပုဒ်တို့ကို လူတိုင်းစောင့်ထိန်းနိုင်ကြလျှင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးသည် ငြိမ်းချမ်းအေးမြသော ကမ္ဘာကြီးအဖြစ် ရပ်တည်နေပေလိမ့်မည်။ ယနေ့ကမ္ဘာတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ၊ အသေခံဗုံးခွဲမှုတွေဖြင့် လူတို့သည် ထိတ်တလန့်လန့်ဖြင့်  မငြိမ်းမချမ်း ဖြစ်နေကြရသည်။ ထိုကဲ့သို့သော အရပ်ဒေသမှာနေကြသော လူတို့သည် မည်သို့ ပျော်ရွှင်စွာနေနိုင်ကြမည်နည်း။ ထိုပဋိပက္ခ အားလုံးသည် ပါဏာတိပါတဆိုတဲ့ သိက္ခာပုဒ်လေး တစ်ခုကို မစောင့်ထိန်းနိုင်ကြခြင်းကြောင့် ဖြစ်ပွားလာသော အရာများဖြစ်ပေသည်။
မကြာခဏဖတ်နေ၊ ကြားနေရသော ဒုစရိုက် မကောင်းမှုသတင်းတွေသည် သီလဆိုသည့် လူ့ကျင့်ဝတ် ဖောက်ဖျက်ခြင်းမှ ဖြစ်ပေါ်လာသော ခိုးယူခြင်း၊ အနုကြမ်းစီးခြင်း၊ လုယက်ခြင်း၊ ဓားပြတိုက်ခြင်း စသောကိစ္စများ ဖြစ်ပွားလာခြင်းဖြစ်သည်။ နောက်အလိုမတူဘဲ သားမယားပြုကျင့်ခြင်းတွေ၊ သက်ငယ် မုဒိမ်းမှုတွေ၊ သူများသားမယားကို မဆိုထားနှင့် မိမိ၏ သမီးအရင်းကိုပဲ ကျူးလွန်သည့် အဆင့်သို့ပင် ရောက်ရှိလာပေပြီ။ လူမှုကျင့်ဝတ်တို့ကို ဖောက်ဖျက်ခြင်းဖြင့် ယဉ်ကျေးသိမ်မွေ့ ပါသည်ဆိုသော လူအဖွဲ့အစည်းသည်  အရိုင်းစိုင်းဆုံး အဆင့်သို့ပင် ရောက်ရှိလာသည်ဟုပင် ဆိုရမလိုဖြစ်နေသည်။
လူ့ကျင့်ဝတ်တို့ကို စောင့်စည်းထိန်းသိမ်း၍ စည်းကမ်းပြည့်ဝသော နေရာဒေသတို့သည် လုံခြုံစိတ်ချမှုရှိ၍ တိုးတက်ငြိမ်းချမ်းသော နေရာတစ်ခုအဖြစ် ရပ်တည်နေတာတွေ့ရသည်။ ကမ္ဘာတွင် ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ  စသည်တို့သည် စည်းကမ်းရှိသော နိုင်ငံများအဖြစ် နာမည်ကြီးသည်။ စည်းကမ်းရှိမှ တိုးတက်မည်ဟူသော စကားလည်းရှိထား၍ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအစသည် စည်းကမ်းပြည့်ဝခြင်းသည်လည်း အချက်တစ်ချက် အနေဖြင့် လိုက်နာရပေမည်။ အိမ်တစ်အိမ် မှာပဲဖြစ်ဖြစ်၊ မိသားစုတစ်စုမှာပဲ ဖြစ်ဖြစ် စည်းကမ်းမရှိဘဲ ဖြစ်ချင်ရာဖြစ်၊ ပရမ်းပတာဖြစ်နေလျှင် ထိုအိမ်၊ ထိုမိသားစုသည် တိုးတက်ဖို့ခက် နေပါလိမ့်မည်။ မိသားစုမှာလည်း လိုက်နာစရာ ကျင့်ဝတ်တွေ၊ စောင့်ထိန်းရမည့် တာဝန်ဝတ္တရားတွေရှိသည်။ ထိုစောင့်ထိန်းရမည့် ကျင့်ဝတ်တွေ၊ တာဝန်ဝတ္တရားတွေ ကျေပွန်ဖို့ လိုသည်။
လူ့ကျင့်ဝတ် သိက္ခာတို့ကို စောင့်ထိန်းနိုင်လျှင် လက်ရှိပစ္စုပ္ပန် လူ့အဖွဲ့အစည်းတစ်ရပ်လုံး သာယာအေးချမ်းသည် သမက နောင်တ မလွန်ဘဝအထိ ကောင်းကျိုးတရားတို့ ခံစားရပေမည်ဟု မြတ်စွာဘုရားက ဟောထားတော်မူသည်။ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ ခိုးဆိုးလုယက် သတ်ဖြတ်မှုတွေ စသည့် မကောင်းသော ဒုစရိုက်လုပ်ငန်းများ ပပျောက်ပြီး သာယာငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တစ်ရပ်တည်ဆောက်ဖို့ဆိုလျှင် ကျင့်ဝတ်တွေ များများစားစား မလိုအပ်ပါ။ ငါးပါးသီလ လောက်ကိုပဲ စောင့်ထိန်းနိုင်ကြလျှင် ငြိမ်းချမ်းပါလိမ့်မည်။ ထို၏ အကျိုးတရားကို နောင်တမလွန်ဘဝအထိပါ ခံစားရမည်မှာ ဧကန်မလွဲ ဖြစ်သည်။

Most Read

Most Recent