အာဏာနှင့် ငွေကြေး

အာဏာနှင့် ငွေကြေး
ကုန်စိမ်းထမ်းနေသူအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ကုန်စိမ်းထမ်းနေသူအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 3 December 2016
သန်းထိုက် (သာကေတ)

“ဒီနိုင်ငံကို လွတ်မြောက်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ အာဏာနဲ့ ငွေကြေးကို ဆုပ်ကိုင်ထားတဲ့ လူတစ်စုရဲ့ ချုပ်ကိုင်မှုကို ဖယ်ရှားပစ်လိုက်ဖို့ပါပဲ” ဒီစကားကို ပြောတဲ့သူဟာ ယနေ့အာရှမှာ လူသိများ၊ စိတ်ဝင်စားခြင်းခံရပြီး (ဟော့) ဖြစ်လာတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးဖြစ်ပါတယ်။ သမ္မတ ဖြစ်မလာခင်ကတည်းက လူအများ စိတ်ဝင်စားတဲ့စကားတွေ၊ အငြင်းပွားစရာစကားတွေကို ပြောတတ်ပြီး လက်တွေ့လဲ လုပ်တတ်သူ၊ လူအများမထင်မှတ်တဲ့ အလုပ်မျိုး၊ မလုပ်ဝံ့တဲ့ ပြတ်သားမှုမျိုးနဲ့ ကျော်ကြားလာသူ သမ္မတတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အရှေ့မှာ ဒူတာတေး၊ အနောက်မှာ ဒေါ်နယ်ထရန့်လို့တောင် ပြောစမှတ်တွင်နေပါတယ်။
လူ့သမိုင်းကြောင်းကို လေ့လာကြည့်ရင် လူတွေဟာ အာဏာနဲ့ ငွေကြေးအတွက် ဘဝကို ရုန်းကန်လှုပ်ရှားကြတာ များပါတယ်။ လူမျိုးရေး၊ ဘာသာရေးပြီးရင် အာဏာနဲ့ ငွေကြေးဟာ လူ့ဘဝ၊ လူ့အဖွဲ့အစည်း၊ လူ့သမိုင်းကို အမျိုးမျိုး ပြောင်းလဲစေနိုင်သလို အမှန်တကယ်လည်း သက်ရောက်မှု၊ လွှမ်းမိုးမှု ကြီးမားပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ လူ့ဘ၀ လူ့သမိုင်းကြောင်းကို စဉ်းစားမိတဲ့အခါ လူတွေအတွက် အာဏာနဲ့ ငွေကြေးအပြင် အခြားတပ်မက်စရာ၊ လိုချင်စရာ၊ ကောင်းတာတွေ လောကမှာမရှိတော့ဘူးလားလို့ အောက်မေ့မိပါတယ်။ ကမ္ဘာလောကကြီးမှာ လူတွေကို ဖန်တီးနေထိုင်ခွင့် ပေးလိုက်တဲ့ သဘာဝရဲ့ ရည်ရွယ်ချက်က အာဏာနဲ့ငွေကြေး ဆိုတဲ့ အမျိုးအစားနှစ်ခု အတွက်ပဲလား။ ဒီလိုသာမှန်ခဲ့ရင်တော့ သဘာဝလောကကြီးဟာ အတိုင်းအဆမရှိ၊ အဆုံးအစမရှိ၊ အတုမရှိ ကျယ်ဝန်းကြီးမားလှပေမယ့် သူ့ရဲ့ရည်ရွယ်ချက်က သေးငယ်ကျဉ်းမြောင်းလှပါလား။ ကိုယ့်ရဲ့ဂုဏ်သိက္ခာ (အနှိုင်းမဲ့ကြီးမားခြင်း) နဲ့ မလိုက်၊ မထိုက်တန်တဲ့ ရည်ရွယ်ချက် သေးသေးလေးနဲ့ လူ့လောကကို ဖန်တီးခဲ့တာပါလားလို့ အပြစ်တင်ချင်ပါတယ်။ တကယ်ဆိုရင် ကိုယ့်ဂုဏ်သိက္ခာနဲ့ညီမျှအောင်၊ လိုက်ဖက်အောင် ကြီးမားကျယ်ပြန့်တဲ့ ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေနဲ့ လူ့လောကကို ဖန်တီးပေးသင့်တယ်  မဟုတ်ပါလား။
ခုခေတ်သမိုင်းသာ မဟုတ်ဘဲ အရင်ခေတ် သမိုင်းတွေ ပြီးခဲ့တာတွေကို ပြန်လေ့လာကြည့်ရင်လည်း လူ့လောကကြီး၊ လူတွေဟာ အာဏာနဲ့မဟုတ်ရင် ငွေကြေး (ဥစ္စာဓန) နဲ့ ပတ်သက်ဆက်နွှယ်ပြီး ရုန်းကန်လှုပ်ရှားခဲ့ကြ၊ ဘဝတွေကုန်ခဲ့ကြ၊ ဘဝတွေ ပျက်စီးခဲ့ကြတာ တွေ့ရပါတယ်။ တချို့ဆိုရင် လက်ရှိဘ၀ သာမဟုတ်ဘဲ အနာဂတ် (သံသရာ) မှာပါ မရေရာမသေချာ သောကပွားအောင် ဖန်တီးလုပ်ဆောင်ခဲ့ကြပါတယ်။ အနည်းစုသော လူတွေကသာ၊ ပညာနဲ့ ကံကြီးသောလူတွသာ အာဏာနဲ့ငွေကြောင့် ဘဝဆုံး၊ ဘဝပျက်၊ သမိုင်းဆုံး၊ သမိုင်းပျက်မခံရဘဲ အကျိုးရှိအောင် အသုံးချသွားနိုင်တာ တွေ့ရပါတယ်။ တကယ်တော့ အာဏာနဲ့ငွေက လူတွေအတွက် မသုံးတတ်ရင် ဘေးဖြစ်တတ်သလို ဆုပ်လည်းစူး စားလည်းရူးတတ်တဲ့ သဘာဝရှိပါတယ်။ ဒါပေမဲ့ လူအများဟာ ဆူးလည်း စူးပါစေ၊ ရူးရင်လည်း ရူးပါစေလို့သဘောထားပြီး ဆုပ်ကြ၊ ကိုင်ကြ၊ စားကြတာပါပဲ။ စားပြီးရင်း စားချင်၊ ကိုင်ပြီးရင်း ကိုင်ချင်စေတဲ့ စွဲလမ်းတပ်မက်မှု (တဏှာ) ဖြစ်စေတယ်လို့ ထင်ရပါတယ်။
ပြောမယ့်သာပြောရတာပါ။ ကိုယ်ကိုယ်တိုင်က အာဏာနဲ့ ငွေကြေးဆိုတာမတွေ့ထိ၊ မကိုင်တွယ်ဖူး မပိုင်ဆိုင်ဖူး၊ အသုံးမချဖူးလို့ အခုလိုအတွေးနဲ့ ထင်မြင်မိတာလည်းဖြစ်ချင်  ဖြစ်မှာပါ။ ကိုယ့်ဘဝမှာ အာဏာဆိုတာ ကိုယ့်မိသားစု၊ ကိုယ့်မိန်းမအပေါ်မှာတောင် အကြွင်းမဲ့တည်အောင်၊ ရှိအောင် မလုပ်နိုင် မစွမ်းနိုင်ခဲ့တာမို့ အများနဲ့သက်ဆိုင်၊ အများကို ပိုင်ဆိုင်တဲ့ အာဏာရဲ့အရသာ၊ အာဏာကို ဆုပ်ကိုင်နိုင်ရင် ဘယ်လောက် ဘယ်လိုကျေ နပ်ပီတိဖြစ်စရာ ကောင်းတယ်လို့ လက်တွေ့မသိတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့သာ ကိုယ်ကိုယ်တိုင်လည်း အများနဲ့သက်ဆိုင်တဲ့ အာဏာ၊ လက်ညှိုးညွှန်ရာရေ၊ နှုတ်ကထွက်ရာ အမိန့်ဖြစ်နိုင်တဲ့ အာဏာမျိုး၊ စေတလုံးပိုင်ရှင်လိုမျိုး ဖြစ်လာခဲ့ရင် ကိုယ့်ရဲ့အတွေးအမြင်၊ အပြုအမူ၊ အကျင့်စရိုက်နဲ့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကာမဂုဏ်တရားတွေ၊ အကုသိုလ်တရားတွေ ဘယ်လို ဘယ်မျှ ပြောင်းလဲဖောက်ပြန်သွားမယ် မသိပါဘူး။ ဘာကြောင့်လဲဆိုရင် ကိုယ့်ထက်အစစအရာရာ တတ်သိလိမ္မာတဲ့သူတွေ၊ ပညာရှိလူတော်တွေတောင်မှ အာဏာနဲ့ငွေကြေးကြောင့် မထင်မှတ် မယုံနိုင်လောက်အောင် ပြောင်းလဲသွားကြ၊ လုပ်တတ်ကြတာကို ဖတ်ရှုသိရှိဖူးလို့ပဲ ဖြစ်ပါတယ်။
အာဏာလိုပဲ အစွမ်းအစနဲ့ အဆိပ်ပြင်းတဲ့ ငွေကြေးဆိုတာ ရှိပါသေးတယ်။ အာဏာဆိုတာက လူအများစုက စတင်အခြေခံပေါက်ဖွားပြီး လူနည်းစုဆီမှာသာ မှီခိုတွယ်တာတတ်၊  ခိုအောင်းနေတတ်၊ ဇာတိကို မေ့ထားတဲ့ သဘောရှိပေမယ့် ငွေကြေးဆိုတာကတော့ လူအများ၊ လူတိုင်းနီးပါးနဲ့ ပတ်သက်နေတတ်၊ ဆက်ဆံထိတွေ့နေတတ်၊ ကျက်စားနေတတ်တဲ့ သဘောရှိတာမို့ ငွေကြေးဟာ လူမရွေး၊ အရွယ်မရွေး၊ အနည်းအများမရွေး လွှမ်းမိုး သက်ရောက်နိုင်စွမ်း ရှိပါတယ်။ အာဏာနဲ့ငွေ ကွာခြားတာကတော့ ငွေကို အနှောင့်အယှက် ကင်းကင်းနဲ့ ရှာဖွေရယူနိုင်ခွင့်ရှိပြီး အာဏာမှာတော့ အဲဒီလိုအခွင့်အရေး မရှိပါဘူး။ အာဏာမှာ အန္တရာယ်၊ အနှောင့်အယှက်၊ ရန်သူတွေများစွာ ရှိပါတယ်။ ငွေကြေးဆိုတာလည်း လူ့ဘဝ၊ လူ့သမိုင်း၊ လူ့အကျင့်တွေကို ပြုပြင်ပြောင်းလဲစေတတ်၊ ဖျက်ဆီးစေတတ်တဲ့ သဘာဝရှိတယ်လို့ ဆိုပါတယ်။
လောကရဲ့ပညာရှိ၊ ပညာတတ်၊ လောကရဲ့ နီတိကျင့်ဝတ်တွေကလည်း ငွေကြေး (ဥစ္စာဓန) ကြောင့် ဒုက္ခနဲ့ သုခရရှိပုံ၊ လူ့ဘ၀ ထိခိုက်ပုံ၊ လူ့ကျင့်ဝတ် စည်းကမ်းဖောက်ဖျက်ပုံ၊ လူ့လောက ဖျက်ဆီးပုံတို့ကို ပြောပြ၊ ရေးပြ၊ ဆုံးမကြတာဟာဖြင့် လူ့သမိုင်းတစ်လျှောက်လုံး ဖြစ်ပါတယ်။ ယနေ့လူ့လောကရဲ့ စာအုပ်စင်မှာရှိတဲ့ စာအုပ်တွေ၊ တရားတွေကို လေ့လာကြည့်ရင်၊ ခွဲခြမ်းစိတ်ဖြာကြည့်ရင် ငွေကြောင့်ဖြစ်တဲ့ လောဘ၊ သောက၊ ဒုက္ခတွေ၊ ဆိုးကျိုးကောင်းကျိုးတွေကို ရေးထားတာ များစွာရှိပါတယ်။ သမိုင်းနဲ့ ချီပြီးရေးလာ၊ ပြောလာ၊ ဆုံးမလာတဲ့ ငွေကြေးဥစ္စာဓန (လောဘ)၊ သောက၊ ဒုက္ခ၊ သံဝေဂတရားတွေစာတွေ၊ အဆုံးအမတွေများစွာရှိပေမယ့် လူ့လောက လူသားတွေမှာတော့ ငွေကြေးအတွက် လောကဖြစ်ကြ သောကကြုံကြ၊ ဒုက္ခတွေ့ကြ၊ သံဝေဂရကြဆဲပဲရှိသလို လျော့မသွားတဲ့အပြင် ပိုတိုးလာတယ်လို့ပဲ ပြောရမှာပါ။
ငွေကြေးဆိုင်ရာ တပ်မက်မှုလောဘနဲ့ ကာမဂုဏ်တရားကလည်း ဘယ်လောက်အထိ စွမ်းအားကြီးတယ်၊ ပြင်းထန်တယ်ဆို တာ ကိုယ်တိုင်မကြုံဖူးတော့ သေချာမသိနိုင်ပြန်ပါဘူး။ ကိုယ်တွေမှာက လူတွေအထင်ကြီး တပ်မက်လောက်အောင် သွားရည်ယို အားကျလောက်အောင် များပြားတဲ့ ငွေကြေးဥစ္စာ ဓနဆိုတာမရှိဖူး၊ မကိုင်ဖူး၊ မဆုပ်ဖူး၊ မချုပ်ကိုင်ဖူးလို့ မသိတာလည်း ဖြစ်နိုင်ပါတယ်။ ရဲရဲနီနေတဲ့ မီးခဲကိုကိုင်ရင် ပူတယ်ဆိုတာ သိကြပေမယ့် ဘယ်လောက်ဒီဂရီအထိပူတယ်။ အသွေးအသားထဲအထိ မခံရပ်နိုင်အောင်ပူတယ်၊ သေလုမြောပါးဖြစ်အောင် ပူလောင်တယ်ဆိုတာ လူတိုင်းမသိနိုင်ပါဘူး။ လက်တွေကိုင်ဖူးတဲ့ လူတွေမှသာ သိကြပါတယ်။ ကလေးဘဝက ဖယောင်းတိုင်မီးကိုတွေ့ရင် ကိုင်ကြည့်ချင်သလို ကိုင်ဖူး၊ ပူဖူးတဲ့နောက်ပိုင်း မကိုင်ရဲ၊ မထိရဲတော့သလို လက်တွေ့သိမှ ထိမှ ပူမှ ရှောင်ရှားကြပါတယ်။ ငွေကြေး ဥစ္စာဆိုတာ ပူတတ်၊ လောင်တတ်၊ သောက ပွားတတ်စေတယ်လို့ တရားတော်တွေမှာ မှတ်သားရပေမယ့် လူသားတွေ အများစုက ပူတာလေးကို စုချင်ကြပါတယ်။
တစ်ခါတလေတော့လည်း စိတ်ကူး ပေါက်မိပါတယ်။ ဒီလောက်တောင် လူကြိုက်များ၊ လူပြောများ၊ သမိုင်းကြောင်းကြီးတဲ့ အာဏာနဲ့ ငွေကြေးဆိုတာကို ဆုပ်ကိုင်ကြည့်ချင်၊ ချုပ်ကိုင်ကြည့်ချင်စိတ် ဖြစ်မိပါတယ်။ အဲဒီအခါကျရင် မိမိရဲ့ စိတ်နေစိတ်ထား၊ အယူအဆအမြင်နဲ့ ကိုယ်ကျင့်တရား၊ အမူအကျင့်တွေ ဘယ်လိုများပြောင်းလဲ ဖောက်ပြန်သွားမလဲ သိချင်ပါတယ်။ ဘာသာတရား ဆိုင်ရာမှာလည်း တရားထူးတရားမြတ်တွေဟာ ဘယ်လိုရှိတယ်။ ဘယ်လောက်ကောင်းတယ်။ ဘယ်လိုအေးချမ်းတယ်လို့ ဗုဒ္ဓဘုရားနဲ့တကွ သူတော်စင်၊ သူတော်ကောင်းတွေ၊ ဆရာတော်တွေ၊ လူပညာရှိတွေရေးကြ၊ ပြောကြ၊ ဟောကြာ၊ ညွှန်ကြားပေမယ့် တကယ် တရားစစ်၊ တရားမှန်ရဲ့ အရသာကိုတွေ့ရှိ၊ သိရှိ၊ ခံစားနိုင်ဖို့က ကိုယ်တိုင်လက်တွေ့ကျင့်ကြံ အားထုတ်ရှာဖွေမှ သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း တရားရှာ ကိုယ်မှာတွေ့လို့  ညွှန်ပြခဲ့တာထင်ပါတယ်။ တရားစစ် တရားမှန်ကို နဖူးတွေ့ဒူးတွေ့ သိမြင်ခံစားနိုင်ဖို့ စာအုပ်စာပေ၊ တရားခွေ၊ တရားဟော သင်တန်းတွေလောက်နဲ့ ပြည့်စုံတာ မဟုတ်ပါဘူး။ မီးခဲလိုမျိုးလက်တွေ့ ဆုပ်ကိုင်ကြည့်ပြီး အစာလိုမျိုး ဝါးမျိုခံစားကြည့်မှ သိရှိနိုင်တယ် မဟုတ်ပါလား။
အာဏာနဲ့ ငွေကြေးရဲ့ ဂုဏ်သတင်း ကျော်ကြားလွန်းလို့ စာရေးသူလည်း အာဏာအကြောင်း၊ ငွေအကြောင်း သူတိုနဲ့ လူ့လောက လူသားတို့ ဆက်စပ်ပတ်သက်မှုတွေကို လေ့လာကြည့်မိပါတယ်။ ဒေါက်တာသန်းထွန်း ဘာသာပြန်ထားတဲ့ ကျော်စွာ ၁၀၀ စာအုပ်မှာ ကမ္ဘာ့သမိုင်းကြောင်း တစ်လျှောက် ထင်ရှားကျော်ကြားတဲ့ လူတွေအကြောင်း ဖော်ပြထားရာမှာ ဥရောပက လူပေါင်း ၆၉ ယောက်၊ အမေရိကန်နဲ့ အာဖရိက ၁၃ ယောက်၊ အာရှ ၁၈ ယောက်ပါပါတယ်။ အများဆုံးပါတဲ့ ဥရောပတိုက်သားတွေဟာ အာဏာနဲ့ ငွေကြေးဆိုင်ရာမှာ ဂုဏ်သတင်းကြီးသူတွေ များကြပါတယ်။ သူတို့တွေဟာ ကမ္ဘာကြီးကို စိုးမိုးခြယ်လှယ် နိုင်ခဲ့ကြသူတွေ၊ လက်ရှိမှာလည်း အာဏာနဲ့ ငွေကြေးဆိုင်ရာ စွမ်းပကားရှိနေဆဲတွေ ဖြစ်ပါတယ်။ လောကနိဗ္ဗာန်စာအုပ်ကို ဖတ်ကြည့် ပြန်တော့လည်း အာဏာနဲ့ငွေကြေး၊ ဥစ္စာဓနရဲ့ အခန်းကဏ္ဍဟာ လူ့သမိုင်း၊ လူ့နိုင်ငံကို ကြီးမားစွာ လွှမ်းမိုးသက်ရောက် ခြယ်လှယ်နိုင်တာကို တွေ့ရပါတယ်။
ယနေ့ကမ္ဘာကြီးမှာ လူဦးရေသန်းပေါင်း ခုနစ်ထောင်ရှိပါတယ်။ တစ်ကမ္ဘာလုံးရဲ့ချမ်းသာကြွယ်ဝမှုနဲ့ တစ်နိုင်ငံချင်းစီရဲ့ ဥစ္စာဓနတွေ အများစုဟာ လူအများလက်ထဲမှာ မရှိဘူးလို့ သိရပါတယ်။ ကမ္ဘာ့လူသား ၉၀ ရဲ့ ပိုင်ဆိုင်မှု ဥစ္စာဓနဟာ လူ ၁၀ ယောက်ရဲ့ ပိုင်ဆိုင် ကြွယ်ဝမှုနဲ့ ညီတယ်လို့ မှတ်သားဖူးပါတယ်။ စာရင်းအရ တိကျသေချာတာ အာမမခံနိုင် တာကတော့ ချမ်းသာကြွယ်ဝမှုဟာ လူအများ လက်ထဲမှာမရှိဘဲ လူနည်းစုလက်ထဲမှာသာ ရှိတယ်ဆိုတဲ့ အချက်ပါ။ ရပ်ကွက်ထဲ၊ လမ်းထဲ၊ မြို့ထဲ၊ နိုင်ငံထဲမှာ ကြည့်ရင်လည်း သိနိုင် မြင်နိုင်ပါတယ်။
ထို့အတူ အာဏာဆိုတာက ပိုဆိုးပါသေးတယ်။ အာဏာဆိုတာ လူအများ ပြည်သူဆီကလာတယ်။ ပြည်သူတွေ ပိုင်တယ်ဆိုပေမယ့် တကယ်မှာတော့ အာဏာကို ပြည်သူတွေ လက်တွေ့အသုံးချ မဆုပ်ကိုင်နိုင်ပါဘူး။ အာဏာကို လက်တွေ့အသုံးချ ဆုပ်ကိုင်ထားပြီး ခြယ်လှယ်ခွင့်၊ အသုံးပြုခွင့်ရတာဟာ လူနည်းစုသာ ဖြစ်ပါတယ်။ အဲဒီမှာ အများပြည်သူက ယုံကြည်စွာ ကြည်ဖြူစွာပေးအပ်ထားလို့ ဆုပ်ကိုင်အသုံးချခွင့်၊ ခြယ်လှယ်ခွင့်ရတဲ့ လူနည်းစုရှိသလို ပြည်သူမကြည်ဖြူ မပေးအပ်ဘဲ အတင်းအဓမ္မနည်းနဲ့ ရယူပိုင်ဆိုင် အသုံးချတဲ့ လူနည်းစု အာဏာရှင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ပြည်သူက ယုံကြည်စွာ ကြည်ဖြူစွာ ပေးအပ်လို့ ဖန်တီးခွင့်၊ အသုံးချခွင့်၊ ခြယ်လှယ်ခွင့်ရတဲ့ အာဏာပိုင်သူတွေရဲ့ နိုင်ငံ၊ လူ့အဖွဲ့အစည်းမှာတော့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွား ရေး၊ တည်ငြိမ်အေးချမ်းတတ်တာကို တွေ့ရပြီး အဓမ္မ အာဏာရှင်လိုမျိုးရှိတဲ့ နိုင်ငံ၊ လူ့အဖွဲ့အစည်းမှာတော့ မတည်ငြိမ်၊ မအေးချမ်း၊ မသာယာရှိတာတွေ တွေ့ရပါတယ်။
ဖိလစ်ပိုင်လို နိုင်ငံမျိုးဟာ မြန်မာနဲ့ ခပ်ဆင်ဆင်တူပါတယ်။ သမိုင်းကြောင်းလျှောက် လှမ်းခဲ့ရပုံ၊ ဆင်းရဲပုံ၊ အာဏာရှင်စနစ်နဲ့ အာဏာရှင်လူတန်းစားတို့ လက်အောက်ဖြတ်သန်းခဲ့ရပုံ၊ နိုင်ငံနဲ့ပြည်သူတွေ ဒုက္ခဆင်းရဲ ကြုံရပုံ၊ ယခုမျက်မှောက်ကာလအထိ ဆင်းရဲတွင်းကလွတ်အောင် မူးယစ်ကျွန်ဘဝနဲ့ ပဋိပက္ခများမှ လွတ်အောင်ပြုပြင်တည်ဆောက် နေရဆဲနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ခြယ်လှယ်နေတယ်လို့ ဒုတာတေးက ဆိုရာမှာလည်း မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ဖြစ်ရပ်များနဲ့ နီးစပ်နေပြန်ပါတယ်။ ဖိလစ်ပိုင်သမ္မတကတော့ သူ့နိုင်ငံ ပြည်သူတွေခံစားနေရတဲ့ အဆင်မပြေမှု၊ ဆင်းရဲမှု၊ မတရားမှု၊ သာတူညီမျှ မဖြစ်မှုတွေကို လွတ်မြောက်နိုင်ဖို့အတွက် အာဏာနဲ့ ငွေကြေးကို ဆုပ်ကိုင်ချုပ်ကိုင် ခြယ်လှယ်နေသူ လူနည်းစုကို ဖယ်ရှားပစ်နိုင်ဖို့ လိုတယ်။ ဖယ်ရှားနိုင်မှ ဖြစ်မယ်လို့ ဆိုနေပါတယ်။
မည်သို့ပင်ဖြစ်စေ အာဏာနဲ့ ငွေကြေးဟာ လူဘဝရှင်သန်နေရေး၊ လွတ်လပ်ရေး၊ ချမ်းသာရေး သုခများနဲ့ ပတ်သက်ဆက်နွယ်နေတာ နိုင်ငံရေးဆိုင်ရာ ခြစားမှုနဲ့ အဂတိတရားတွေ ပွားများစေတာနဲ့ ပတ်သက်ဆက် နွယ်နေတတ်တာတော့ အမှန်ပင်ဖြစ်ပါတယ်။ အာဏာနဲ့ ငွေကြေးမှာ မကောင်းမှု၊ ကောင်းကျိုးတွေပဲရှိတယ်။ ပေးတတ်တယ်လို့ တစ်ထစ်ချ မဆိုလိုပါဘူး။ အာဏာနဲ့ ငွေကြေးကို လူ့ဘဝ၊ လူ့လောက၊ လူ့နိုင်ငံအတွက် ကောင်းအောင်၊ အကျိုးရှိအောင် အသုံးချသွားတဲ့ သာဓကနဲ့ သမိုင်းကြောင်းတွေလည်း ရှိပါတယ်။ အာဏာနဲ့ ငွေကြေးကို စေတနာကောင်း ရည်ရွယ်ချက်ကောင်းနဲ့ တတ်သိလိမ္မာစွာ အသုံးပြုပြီး လောကကောင်းအောင် လုပ်ခဲ့တာတွေ ရှိပါတယ်။ သိဒ္ဓတ္တလို မင်းသာမျိုး အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့လို ဘုရင်မျိုး၊ တိန်ရှောင်ဖိန်၊ လီကွမ်ယူလို လူမျိုးတွေဟာ အာဏာနဲ့ ငွေကြေးကို နိုင်ငံနဲ့ လူမျိုး၊ လောကအကျိုး အတွက် အသုံးချခဲ့သူတွေ ဖြစ်ပါတယ်။ အာဏာနဲ့ ငွေကြေးမှာရှိတဲ့ စွမ်းရည်သတ္တိ ထူးတွေကို အကျိုးရှိ အကျိုးများအောင် သုံးစွဲတတ်ဆင်ခြင်တတ်ဖို့သာ အရေးကြီးတယ်လို့ ထင်မြင်ယူဆမိပါတယ်။ တကယ်တော့ အာဏာနဲ့ ငွေကြေးက လူလောကကို ပျက်ဆီးပေါက်ပြန်စေတာ မဟုတ်ပါဘူး။ လောကလူသားတွေကသာ အကျိုးမဲ့အောင်လုပ်ကြ တလဲလုပ်ကြတာ ဖြစ်ပါတယ်။

Most Read

Most Recent