စာပေဆုရ တော်လှန်ကဗျာဆရာ၊ ကျောင်းဆရာ

စာပေဆုရ တော်လှန်ကဗျာဆရာ၊ ကျောင်းဆရာ
Published 2 December 2016
တက္ကသိုလ်မိုးဝါ

ဖိလစ်ပီးနိုး (Fillipino) သို့မဟုတ် ဖိလစ်ပိုင်လူမျိုးစာရေးဆရာ၊ ပြဇာတ်ဆရာ၊ သတင်းစာဆရာ၊ ကဗျာဆရာနှင့် အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်ဖြစ်သူ အာမာဒိုဗီဟာနန်းဒက်ဇ် (Amado V.Hernandez) သည် မကွယ်လွန်မီအထိ အလွန်ထင်ရှားကျော်ကြားခဲ့သည်ဟု ဆိုရပေမည်။ ယင်းအချိန်က ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော လူမှုအဖွဲ့အစည်းအတွင်းရှိ တရားမဲ့မှုများအား ဝေဖန်ထောက်ပြမှုများကြောင့် လည်းကောင်း၊ ကွန်မြူနစ်လှုပ်ရှားမှု၌ ပါဝင်ခြင်းကြောင့်လည်းကောင်း အာဏာပိုင်တို့က သူ့အားထောင်သွင်း အကျဉ်းချခဲ့သည်။
၁၉၀၃ ခုနှစ် စက်တင်ဘာ ၁၃ တွင်မွေး၍ မြို့တော်မနီလာတွင် ကြီးပြင်းလာခဲ့သော ဟာနန်းဒက်ဇ်သည် ဆယ်ကျော်သက်အရွယ်ကတည်းက တာဂလော့ဂ် (Tagalog) တိုင်းရင်းဘာသာဖြင့် ဝါတာဝပ် (Watawat) အမည်ရှိသတင်းစာ၌ စာပေစတင်ရေးသားခဲ့သည်။ တာဂလော့ဂ် တိုင်းရင်းဘာသာဖြင့် ထုတ်ဝေသောဂျာနယ်စာစောင်များ၌ ရေးသားရင်း အယ်ဒီတာအလုပ်ကိုလည်း တာဝန်ယူလုပ်ဆောင်ခဲ့သေးသည်။ သူ၏ဝတ္ထုနှင့် ကဗျာများမှာ တာဂလော့ဂ် စာပေလောကတွင် လူသိထင်ရှားဖြစ်လာရာမှ အသက် ၁၉ နှစ်အရွယ်၌ နာမည်ရစာရေးဆရာ အများအပြားပါဝင်သည့် Aklatang Bayan အမည်ရှိ စာပေအဖွဲ့အစည်းတစ်ခုတွင် အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။
၁၉၄၁ ခုနှစ်တွင် ဖိလစ်ပိုင်အား ဂျပန်တို့ ဝင်ရောက်တိုက်ခိုက်သောအခါ ဟာနန်းဒက်ဇ်သည် ဂျပန်ကို ဆန့်ကျင်သောလွတ်မြောက်ရေး တပ်သားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ပြောက်ကျားစစ်ဆင်ရေး အဖွဲ့သားအဖြစ် ဒုတိယကမ္ဘာစစ် ကာလတစ်လျှောက်လုံး လှုပ်ရှားခဲ့သည်။ အခြားပြောက်ကျား အစုအဖွဲ့များနှင့် ဆက်သွယ်မိရာမှ ဟာနန်းဒက်ဇ်တွင် ပြောက်ကျားတို့အား စာနာငဲ့ညှာ သနားစိတ်များ ပေါ်ပေါက်လာခဲ့သည်။
စစ်ကြီးပြီးဆုံးသောအခါ သူသည် အလုပ်သမားအဖွဲ့အစည်းများ ကွန်ဂရက်၏ ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး ယင်းအချိန်တွင် မနီလာမြို့ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းလည်း ခံရသည်။ ထိုအချိန်က မာ့ခ်စ်ဝါဒ၏ လွှမ်းမိုးမှုကြောင့် သူသည်တော်လှန်ရေး တစ်ရပ်သာလျှင် လူမှုဘဝပြောင်းလဲမှုကို ဖြစ်ပေါ်စေမည်ဟု အားပေးထောက်ခံမှုပြုခဲ့သည်။ မြို့တော်မနီလာတွင် အကြီးကျယ်ဆုံးသော အလုပ်သမားဆန္ဒပြမှုတစ်ရပ် စည်းရုံးလှုပ်ရှားစေခဲ့ပြီး လူဇုန်ကျွန်း (Luzon Island) ၌ ဖြစ်ပွားသောပုန်ကန်မှုတစ်ရပ်ကို စစ်တပ်က ဖြိုခွင်းလိုက်သည့်နောက်ပိုင်း ဟာနန်းဒက်ဇ် ဖမ်းဆီးချုပ်နှောင်ခံရသည်။ သူ့အား အာဏာပိုင်တို့က ပုန်ကန်မှု၊ လူသတ်မှု၊ မီးတင်ရှို့မှု၊ ဓားပြမှု စသဖြင့် မကြားဖူးသေးသည့် အမှုများဖြင့်စွပ်စွဲကာ အကျဉ်းချထားခဲ့သည်။
အကျဉ်းထောင်ထဲ၌ရှိစဉ် နာမည်ကြီး ဂန္ထဝင်ဝတ္ထု ‘မိကျောင်း၏မျက်ရည်များ’ နှင့် ‘သားကောင်ငှက်များ’ တို့ကိုရေးသားခဲ့ကာ ကဗျာအပုဒ်များစွာကိုလည်း ရေးခဲ့သည်။ ကဗျာတစ်ပုဒ်အား ဟာနန်းဒက်ဇ် အဓိပ္ပာယ်ဖွင့်ဆိုထားပုံကို ကြည့်ပါ။ ‘ကဗျာဆိုတာ ကဗျာဆရာရဲ့ အတွေ့အကြုံ၊ ခံစားချက်နဲ့ စိတ်ကူးတို့ ပါဝင်ဖွဲ့စည်းထားတဲ့ လူသားရဲ့ဝိညာဉ် ပုံသဏ္ဌာန်တစ်မျိုးဖြစ်တယ်။ အဲဒီပုံသဏ္ဌာန်ကို ဘာသာစကား အရင်းအမြစ်တွေကတစ်ဆင့် ထိထိရောက်ရောက် တင်ဆက်ဖော်ပြတာပဲဖြစ်တယ်’ ဟူ၍ ဖော်ကျူးထားသည်။ 
၁၉၅၄ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် မဂ်ဆေးဆေး (Magsaysay) အာဏာရလာသောအခါ သူကအကျဉ်းထောင်ထဲမှ မျှော်လင့်ချက် တစ်စုံတစ်ရာထားခဲ့သော်လည်း အချည်းနှီးသာဖြစ်သွားခဲ့သည်။ သူက လူတစ်ယောက်ဟာ သူ့ရဲ့သဘောထားခံယူချက်အတွက် ဘယ်လောက်နစ်နာနိုင်သလဲဆိုတာကို ပြသပြီးပြီလို့ ကျွနု်ပ်ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျွနု်ပ်ဟာပစ်ပယ်ထားခံရသူ တစ်ဦးလို ဖြစ်နေပါပြီ။ ဘဝမှာနေထိုင်ရှင်သန်တဲ့ အဓိပ္ပာယ်အားလုံး ကင်းမဲ့သွားပါပြီ” ဟုရေးသားခဲ့သည်။
ဆင်းရဲမွဲတေမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုထူပြောသော သူ့နိုင်ငံအခြေအနေကို သရော်လှောင်ပြောင်ထားသည့် ကဗျာတစ်ပုဒ်ကို ခံစားကြည့်ပါ။
ဘီလ်ကောက်ခံသူ
(The Bill Collector)
တံခါးခေါက်သံတစ်ခု ….
‘ဘယ်သူလဲ….’
‘ဘီလ်ကောက်သူပါ ခင်ဗျာ…’
အသံတိတ်ဆိတ်
ငြိမ်သက်သွားလျက်…။
 
နောက်တစ်ကြိမ်
တံခါးခေါက်ရင်း အတွေးကြား….
ဖြည်းလေးစွာတံခါးပွင့်ဟလာ
‘ဝင်ခဲ့ပါရှင့်’ အသံတစ်သံ….
ဘီလ်ကောက်ခံသူ
ကြက်သေသေသွား….
မြွေဟောက်ပေါက်ခံရသူအလား
မျက်လုံးများအပြင်ကိုပေါက်ထွက်
အိမ်ခန်းခဘီလ်စာရွက်
ကြမ်းပေါ်လွင့်ကျ….
ဝတ်လစ်စားလစ် မိန်းမတစ်ယောက်
သူ့အနီး လျှောက်လို့လာနေတယ်။      ။
ဖိလစ်ပိုင်နိုင်ငံ၌သာမဟုတ်၊ ဖိနှိပ်ချုပ်ချယ်သော၊ လူ့အခွင့်အရေးနှင့် ကင်းကွာသော အချို့နိုင်ငံများတွင်လည်း လုပ်ရပ်တို့သည် ကွဲပြားခြင်းမရှိ၊ တစ်ထပ်တည်း ကျနေတတ်သည်။ အောက်ပါကဗျာကို ဖတ်ရှုကြည့်ခြင်းအားဖြင့် ‘သြော် … ဒီပုံစံ၊ ဒီအတိုင်းပါပဲလား’ ဟု မှတ်ချက်ချမိကြမည်ထင်သည်။
မိုးသောက်လုဆဲဆဲအချိန်
ရုတ်တရက် အမှောင်မြေကျင်းကြီး
အဖုံးပွင့်လာ…
အသက်ရှိသူတို့ မြှုပ်နှံရာ….
နီရဲလောင်တောက်စွာမျက်လုံးတွေနဲ့
ခေါင်းဆောင်အသံ
ဟိန်းဟောက်ထိုးထွက်
‘အသက်ချမ်းသာ လွတ်မြောက်ချင်ရင်
ဒါကိုလက်မှတ်ထိုး…’။
 
သူ့ရှေ့မှာ စာရွက်တစ်ရွက်….
မြေအလွှာထက် လဲလျောင်းနေပြီ
ကြုံလှီဖျော့တော့ ရင်ကိုကော့လျက်
စာရွက်ကိုကောက် - ထောင်းခနဲဒေါသ…
မွမွဖြဲဆုတ် တစ်ခဏအတွင်း
လင်းခနဲမိုးကြိုးခြိမ်းသံကျယ်လောင်စွာ။
 
မိုးသောက်အလင်း….
အရုဏ်မကျင်းခင် သူ့ကိုခေါ်သွား
ဘယ်ဆီများလဲမသိ
ရုတ်ခြည်းတော့ နေလုံးကြီးဟာ
သွေးစွန်းတဲ့ အမှောင်ကာလကို
တစ်စစီခြေမွှ ဖောက်ခွဲပစ်လိုက်တယ်။     ။
ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် တရားစွဲဆိုခံရမှုနှင့် ခြောက်နှစ်ကြာ အကျဉ်းချခံရပြီးသည့်နောက် ဟာနန်းဒက်ဇ်အား အထက်တရားရုံးချုပ်က တရားသေလွှတ်လိုက်သည်။ ကာလရှည်ကြာစွာ ဆွဲဆန့်ခံထားရသော၊ တုန်လှုပ်ချောက်ချားဖွယ်ဖြစ်သော အဖြစ်အပျက်နှင့်စပ်လျဉ်း၍ သူက ‘သူတို့တစ်တွေဟာ ကျွနု်ပ်ကိုကွန်မြူနစ်အရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားလှုံ့ဆော်မှုနဲ့ စွဲချက်တင်ခဲ့တာ ဘာကြောင့်လဲဆိုတော့ ကျွနု်ပ်ကိုလိမ်လည်မှုနဲ့ စွဲလို့မရလို့၊ အလုပ်သမားတွေရဲ့ တရားဝင် ဝင်ငွေကိုခိုးဝှက်လုယက်မှုနဲ့လည်း စွဲလို့မရဘူးဆိုတာကြောင့် ဖြစ်လို့ပဲ။ ကျွနု်ပ်ရဲ့အသိတရားထဲမှာ အမြဲမပြတ် ရှိနေတာကလူတစ်ယောက်ရဲ့ဘဝမှာ လွတ်လပ်မှု၊ ရည်မှန်းချက်၊ မိသားစုအရေးအပါအဝင် အသက်နဲ့ ခန္ဓာကိုယ်တည်မြဲဖို့ စတာတွေထက် ပိုအရေးကြီးတဲ့ အရာများစွာရှိနေခြင်းပဲ။ အဲဒါတွေကတော့ လူ့သိက္ခာနဲ့ လူ့ကျင့်ဝတ်တို့ဖြစ်တယ် ဆိုတာပါပဲ’ ဟုရေးသားခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာဆုကို ဟာနန်းဒက်ဇ်က ဆွတ်ခူးခဲ့သည်။ ယင်းဆုသည် စာရေးဆရာများအတွက် အမြင့်ဆုံးအများပြည်သူ့ ဂုဏ်ပြုဆုတစ်ခုဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် မနီလာ ယဉ်ကျေးမှုဆိုင်ရာစာပေဆုကိုလည်း သူ့အားပေးအပ်ချီးမြှင့်သေးသည်။
ကဗျာဆရာ ဟာနန်းဒက်ဇ်သည် ၁၉၇၀ မတ် ၁၄ ရက်တွင် ကွယ်လွန်ကာ ယင်းအချိန်ထိ ဖိလစ်ပိုင်တက္ကသိုလ်၌ ကျောင်းဆရာအဖြစ် စာပေသင်ကြားအမှုထမ်းခဲ့သည်။ ယင်းတက္ကသိုလ်သည် သူ့အားလူမှုဆိုင်ရာ ပါရဂူဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့သေးသည်။ ကဗျာဆရာပြောကြားသကဲ့သို့ လူ့သိက္ခာနှင့် လူ့ကျင့်ဝတ်သည် လောကရှိ အားလုံးအားလုံးသောအရာတို့ထက် သာလွန်အရေးကြီးကြောင်း စာရေးသူစွဲမှတ်နေခဲ့မိရင်း လက်တွေ့၌မူ လူအနည်းစုအတွက် သာမှန်ကန်မှုရှိနေသည်ကို ဝမ်းနည်းစွာ တွေ့မြင်နေရလေသည်။

Most Read

Most Recent