ဖြေလျှော့ငဲ့ညှာ

ဖြေလျှော့ငဲ့ညှာ
Published 2 December 2016
ရွှေဒါးမောင်လေးရည်

ဧရာဝတီမြစ်ရေကျဆင်းချိန် ပေါ်ထွန်းလာသည့် မြေနုသောင်ခုံပေါ်တွင် ဆောင်းသီးနှံစိုက်ပျိုးရန် ထွန်ရက်နေစဉ် (ဓာတ်ပုံ-ဝေလင်း၊ ပြည်) သက်ရှိလောကသားအားလုံးတို့၊ စီးပွားရေး၊ ကျန်းမာရေးစသည့် အရေးကိစ္စအားလုံးတို့ အဆင်ပြေချောမွေ့ကြပါမှသာ လူသားတို့ဖြင့် တည်ဆောက်ထားအပ်သည့် လောကဇာတ်ခုံသည်လည်း ဆိတ်ငြိမ်အေးချမ်းခြင်းတို့ဖြင့် နေချင်စဖွယ်၊ သာသောင့်သာယာရှိမည် ဖြစ်ပါသည်။ သို့မဟုတ်ပါပဲ နေရေးထိုင်ရေး စားရေးသောက်ရေးတို့၌ အဆင်မချောမှုများ၊ သောကဒုက္ခများဖြင့် တစ်စုံတစ်ရာ ဖိစီးနှိပ်စက်နေမှဖြင့် အဘယ်မှာ ငြိမ်းချမ်းသာယာ ရှိနိုင်ပါတော့မလဲ။ ဟိုအတွက်ပူရ၊ ဒီအတွက် ဗျာပါပွားရနှင့် ထိုင်ရမလို ထရပ်နေရတော့မယောင်ဖြင့် အပူရုပ်ကို ဟန်လုပ်၍သာ ဖုံးဖိနေကြရပေသည်။ယနေ့ကာလ၌ ကုန်ဈေးနှုန်းများ အရှိန်အဟုန်ကြီးစွာဖြင့် တိုးတက်မြင့်မားလာမှုအပေါ် လူတန်းစားအလွှာအသီးသီးတို့ ရင်ဆိုင်ထိုးသတ်နေကြရသည်မှာလည်း အားလုံးအသိပင်ဖြစ်သည်။ သို့သော်လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုအပေါ် တစ်ပြေးညီ ဒဏ်ခံကြရသည်ဆိုသည့်တိုင် ဝင်ငွေနည်းအောက်ခြေအလွှာမှ လူတန်းစားများအတွက် ပို၍အထိနာကြရသည်မှာလည်း နားလည်နိုင်ကြပေသည်။ မနေ့တစ်နေ့ဆီက သတင်းစာ စာမျက်နှာပေါ် ပျံသန်းလာခဲ့သည့် သတင်းတစ်ပုဒ်က လူသားအပေါင်းတို့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို မလူးသာမလွန့်သာ ခံစားနေရပုံကို အရှိအတိုင်း ဖော်ပြလိုက်သည့်မြင်ကွင်းသာပင်။ ‘ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန်ဆီကြက်သွန်စသည့် အခြေခံစားသောက်ကုန်များ လှူဒါန်းရာသို့ လာရောက်တန်းစီသူများပြား’ ဆိုသည့် သတင်းခေါင်းစီးနှင့်အတူ တန်းစီစောင့်ဆိုင်းနေကြသည့် လူတန်းကြီး၏ ပုံရိပ်များကို ဖတ်ရှုလိုက်ရပေသည်။ မျက်စိထဲ စိုက်ဝင်သွားခဲ့ရပေသည်။ တစ်ဆက်တည်းမှာပင် တွေးဆလိုက်မိပြီး ပကတိခံစားမှုမျက်နှာဖြင့်သာ လူတောထဲတိုးဝင်ခဲ့ကြပြီ။ လောကဓံတရား၏ ထိုးနှက်ချက်၌ ဝပ်စင်းငုံ့လျှိုးခဲ့ကြရပေသည်။
ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းမှာ ယနေ့ကာလတွင်မှ ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ ယခင့်ယခင်ကာလများဆီကပင် ရှိနှင့်ခဲ့ပြီးဖြစ်ပေသည်။ ယခင်အစိုးရလက်ထက်တုန်းကလည်း ကုန်ဈေးနှုန်းများ မြင့်တက်မှုအပေါ် ထိရောက်စွာကိုင်တွယ် ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။ ယခုအစိုးရသစ်လက်ထက် ကုန်ဈေးနှုန်းများ မြင့်တက်နေမှုအပေါ် သက်ဆိုင်ရာဝန်ကြီးတစ်ဦး၏ စကားသံများက ဈေးကွက်စီးပွားရေးစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်နေသည့်ကာလဖြစ်သဖြင့် ကုန်ဈေးနှုန်းများမြင့်မားနေမှုကို လူအများစုတို့ ခံစားနေရခြင်း၊ ဝင်ငွေထွက်ငွေ မမျှတမှုများ ဖြစ်ပေါ်ခဲ့ရပုံနှင့်အတူ ခြိုးခြံချွေတာရမှုများကြောင့် အာဟာရချို့တဲ့လာခဲ့ရကြောင်း၊ လူနေမှုအဆင့်အတန်း နိမ့်ကျခဲ့ရပြီး မလိုလားဖွယ် ရာဇဝတ်မှုများအထိ ဖြစ်ပေါ်လာနိုင်ကြောင်းများကိုလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ပြဆွေးနွေးခဲ့သည်။လက်ရှိအချိန်၌ တစ်နေ့ထက်တစ်နေ့ ရာဇဝတ်မှုကျူးလွန်သူ အရေအတွက်နှင့် အမှုအခင်းများက ကြောက်မက်ဖွယ် တိုးတက်၍နေပေသည်။ ထိုကိစ္စများအပေါ် အဖြေရှာကြည့်မိတော့ တရားဥပဒေလက်တံက တိုတောင်းနေခြင်းနှင့်အတူ စီးပွားရေးမပြေလည်မှု၊ ကုန်ဈေးနှုန်းအဆမတန် မြင့်မားနေမှုတို့နှင့် ဆက်စပ်နေသည်မှာ ငြင်းဆိုမရနိုင်သည့် ကိစ္စဖြစ်သည်။ ဆိုတော့ကာ တရားဥပဒေစိုးမိုးရေးက အဓိကအရေးပါနေသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာအောင် ဖန်တီးပေးရေးသည်လည်း အကြောင်းရင်းတစ်ခုဖြစ်ပေရာ ကုန်ဈေးနှုန်းကြီးမြင့်မှု ဖြေရှင်းနိုင်ရေးအတွက် အလုပ်အကိုင်နှင့် အခွင့်အလမ်းများဖန်တီးပေး၍ ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် ထိုးနှက်ဖြေရှင်းပေးသင့်ပေသည်။ခေတ်အနေအထားအပေါ်လိုက်၍ မိသားစုတစ်စု၏ စားဝတ်နေမှုဖြေရှင်းရမှုမှာ ပုံစံပြောင်းလဲသွားခဲ့ပေပြီ။ ယခင်ဆယ်စုနှစ် နှစ်ခုကျော်ကာလဆီကနှင့် အတန်ပင်ခြားနားခဲ့ပြီဖြစ်သည်။ ကျွန်တော်တို့မိဘများ ချိန်ခါဆီက ဖခင်တစ်ဦး၏ လုပ်ခလစာအပေါ် မိသားစုတစ်စုလုံး မှီခိုစားသောက်နိုင်ခဲ့ကြပါသည်။ ဒီကနေ့ကာလ၌ ထိုပုံစံမျိုးမရတော့ပေ။ ဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်း ဒီရေနှင့်မီအောင် လိုက်ပါဖြေရှင်းနိုင်ရေးအတွက် သက်ရွယ်အိုမင်းဘိုးဘွားတို့နှင့် ငယ်ရွယ်သူများမှအပ အိမ်ရှိလူကုန် အိမ်ပြင်ပထွက်၍ စီးပွားမရှာလို့ကတော့ ကုန်ဈေးနှုန်းကြီးမြင့်မှု ဝဲသြဃထဲ ခေါင်းမဖော်နိုင်အောင် အဖြစ်မျိုးနှင့်အတူ ရေသောက်၍ ဗိုက်မှောက်နေကြဖို့သာပင်။ ဒီအခါတွင်လည်း ကိုယ့်နိုင်ငံအတွင်းမှာပင် အလုပ်အကိုင်ရှာဖွေကာ တစ်ဝမ်းတစ်ခါးအတွက် ဖြည့်ဆည်းလိုကြသော်လည်း အဆင်မချောကြပြန်တော့။ ရေခြားမြေခြားသို့တိုင် ခရီးဆန့်နှင် အရဲစွန့်ကြရပြန်ပေသည်။ အနှိမ်ခံမှု ပုံစံအမျိုးမျိုးတို့ဖြင့် ရှင်သန်ရုန်းကန်ခဲ့ကြရသည်။ အခက်အခဲပေါင်းစုံတို့ဖြင့် တိုးတိုက်ကြရပြီ။ လုပ်အားခေါင်းပုံဖြတ်ခံရခြင်း၊ လူကုန်ကူးခံရခြင်းစသည့် သောကဒုက္ခပေါင်းစုံတို့၏ ထိုးနှက်မှုအပေါင်းက ရေနစ်သူအား ထိုးဝါးနှင့်ကူ၍ ထိုးဘိသို့ ရှိကြရပြန်ပေသည်။
အစိုးရအဆက်ဆက်မှ ‘ကျေးဇူးရှင် တောင်သူဦးကြီးများ’ ဟူ၍ ကမ္ပည်းတပ်ကာ အခေါ်ခံခဲ့ကြရသည့် လယ်သမားဦးကြီးတို့ဘက် လှည့်နားစွင့်မိပြန်တော့ ဆင်းရဲတွင်းထဲ ရက်ကန်ရက်ကန်ဖြင့် နွံနစ်သည့် လှည်းဘီးပမာ ရုန်းလေနစ်လေသာပင်။ မိုးကုန်ဆောင်းကူးခဲ့ပြီမို့ စပါးသီးနှံများ ရိတ်သိမ်းခြွေလှေ့ရပေတော့မည်။ အစဉ်အလာအရဆိုလျှင်ဖြင့် ဗြောသံ၊ စည်သံတညံညံနှင့် အလှူအတန်းများဖြင့် ခြိမ့်သဲစည်ပင်ရာ အခါကာလဖြစ်သည်။ သို့သော် တောင်သူဦးကြီးအပေါင်းတို့ ရင်တွင်း၌ မချိတင်ကဲဝမ်းနည်းမှုများနှင့် ဗလောင်ဆူနေကြရပါသည်ဆိုလျှင်ဖြင့် ယုံချင်မှယုံနိုင်ကြပေမည်။ အကြောင်းခြင်းရာတွေက များလှပါသည်။ လယ်ကိုစိုက်ပျိုးဖို့ ထွန်းရေးငင်သည်မှ စတင်ကုန်ကျခဲ့သည့်စရိတ်၊ မျိုးစပါးဖိုးသွင်းအားစုစရိတ်များ၊ လုပ်အားခစရိတ် စသည်ဖြင့် တစ်နှစ်တာကုန်ကျခဲ့သည့် စရိတ်များကထွက်ရှိသည့် စပါးတင်းရေ၊ ရရှိသည့် စပါးဖိုးနှင့် ချိန်စက်ကြည့်လိုက်တော့ စပါးပေါ်ချိန်ဖြစ်ပေါ်နေသည့် စပါးဈေးကြောင့် အရှုံးနှင့်ရင်ဆိုင်ရကာ ငွေရှင်လက်သို့ မိမိပိုင်လယ်ကွက်များ ဝ,ကွက်အပ်နှံကြရမည့်ပုံစံ ဆိုက်နေကြရသည်။“အခုထိ စပါးကမရိတ်ရသေးဘူး။ သိမ်းတောင် မသိမ်းချင်တော့ဘူးဗျာ။ လူငှားခတွေ ထပ်ကုန်ပြီးတော့ ရှုံးမှာသိနေတာကို ဘာဆက်လုပ်ချင်မှာလဲ။ အခုစပါးဈေးက သုံးသိန်းခွဲကျော်ပဲ ရှိတယ်။ ကောင်းမှ လေးသိန်းပေးတာ။ အခုလို ပေါ်ဦးချိန်မှာတောင်မှ ဒီဈေးဖြစ်နေရင် စပါးအကုန်ပေါ်ချိန်ဆိုရင် သုံးသိန်းတောင်ရမယ် မထင်ဘူး။ ဆောင်းစပါးလည်း မစိုက်ချင်တော့ဘူး။ လက်ကုန်လုပ်ထားတော့ အခုစပါးဈေးနဲ့က အရှုံးပါပဲ။ ကယ်မယ့်သူ မရှိတော့ဘူးထင်ပါတယ်” ဆိုသည့် ကျုံမငေးနယ်ဘက်ဆီမှ တောင်သူတစ်ဦး၏ မချိတင်ကဲ ရင်ဖွင့်သံများက ရွှေရင်ဆို့ဖွယ် ခံစားလိုက်ရပြန်ပါသည်။ စပါးဈေးနှုန်း ကျဆင်းမှုကြောင့် အရှုံးနှင့်ရင်ဆိုင်ကြရသည့် တောင်သူတို့၏ အခက်အခဲများကို ဖြေရှင်းပေးသည့်အနေဖြင့် အနိမ့်ဆုံးဈေး ငါးသိန်းသတ်မှတ်၍ နိုင်ငံတော်မှ ဦးဆောင် ဝယ်ယူပေးနိုင်ရန် ဆောင်းပါးရှင်တစ်ဦး၏ နှိုးဆော်တင်ပြချက်ကို ဖတ်ရှုလိုက်ရပေရာ နိုင်ငံတော်အနေဖြင့် ထိုအကြံပြုချက်အပေါ် ထည့်သွင်းစဉ်းစားပေးနိုင်ပါက လယ်သမားဦးကြီးတို့အဖို့ အသက်ရှူချောင်ဖွယ်မို့ ကြိုဆိုမိပါသည်။ ဦးစားပေးစဉ်းစား ပေးစေလိုပါကြောင်းဖြင့်လည်း တွန်းအားပေးလိုက်ရပါသည်။
လက်ရှိတွင် လယ်သမားများ စပါးပေါ်ချိန်ဖြစ်ပြီး စပါးဈေးမှာလည်း ကျဆင်းနေမှုကြောင့် အရှုံးများနှင့် ရင်ဆိုင်ကြရတော့မည်မှာ အသေချာပင်ဖြစ်နေပေသည်။ ထို့အတူ ဝင်ငွေနည်းအောက်ခြေ လူတန်းစားများ အပါအဝင် လူတန်းစားအလွှာအသီးသီးတို့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေကြရပေသည်။ သို့အတွက်ကြောင့် လယ်သမားဦးကြီးတို့၏ အခက်အခဲများအား ကူညီဖြေရှင်းပေးရန် လိုအပ်သလိုပင် အများပြည်သူတို့အပေါ် ဝန်ထုပ်ဝန်ပိုးအဖြစ် ဖိစီးနှိပ်စက်လျက်ရှိသည့် ကုန်ဈေးနှုန်းကြီးမြင့်နေမှုအပေါ် သင့်လျော်သော ဖြေရှင်းနည်းများအသုံးပြု ၍ ဖြေလျှော့ပေးနိုင်ပါစေကြောင်းဖြင့်...။