သာသနာ့တက္ကသိုလ် ပုလဲရတု

သာသနာ့တက္ကသိုလ် ပုလဲရတု
Published 30 November 2016
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ ဆဋ္ဌသင်္ဂါယနာတင်ပွဲ ကျင်းပပြီးနောက်ပိုင်း ကမ္ဘာက ဗုဒ္ဓဘာသာတရားတော်များအပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့သည်။ တစ်စတစ်စ တိုးတက်လာသည့် သိပ္ပံပညာရပ်တို့က ဗုဒ္ဓတရားတော်များနှင့် အံဝင်နေသည့်အဖြစ်ကို သိပ္ပံပညာရှင်တို့ သတိပြုမိကြပြီးနောက် ဗုဒ္ဓဘာသာကို သုတေသနဆန်ဆန် လေ့လာလိုသူတို့ တိုးပွားလာခဲ့သည်။
ဗုဒ္ဓတရားတော်များကို နိုင်ငံခြားသားသုတေသီတို့ လေ့လာနိုင်ရန် ခေတ်မီနည်းစနစ်ဖြင့် သင်ကြားပြသပေးနိုင်မည့် သုတေသန တက္ကသိုလ်တစ်ခုရှိဖို့ လိုအပ်လာသည်။ ထိုခံယူချက်ဖြင့်ပင် ၁၉၅၅ ခုနှစ်၌ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အမည်ဖြင့် ကမ္ဘာ့ဗုဒ္ဓဘာသာ သုတေသနဌာနကြီးတစ်ခု (International Institute for Advanced Buddhist Studies) ကို ဖွင့်လှစ်ခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာချိန်၌ ‘ကမ္ဘာ့အဆင့်မီတက္ကသိုလ်များ၏ လုပ်ထုံးလုပ်နည်း စည်းကမ်းများနှင့်မညီ’ ဟုဆိုကာ ၁၉၆၃ ခုနှစ်၌ ထိုတက္ကသိုလ်ကို ဖျက်သိမ်းခဲ့သည်။
(၂)တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက် ‘နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့’ ကိုဖျက်သိမ်း၍ ‘သာသနာရေးဦးစီးဌာန’ ဟု အသစ်ထပ်မံဖွဲ့စည်းခဲ့သည်။ ထိုဦးစီးဌာနအသစ်၏ မူဝါဒ၌ ‘ပြည်တွင်းပြည်ပ၌ ခေတ်မီရဟန်းတော်များ ပေါ်ထွန်းလာရေးအတွက် သာသနာပြု သံဃာ့တက္ကသိုလ်တစ်ခု တည်ထောင်ဖွင့်လှစ်ရေး’ ဆိုသည့် စီမံချက်တစ်ရပ်လည်း ပါဝင်ခဲ့သည်။
ဖျက်သိမ်းခံ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ပညာရှင်တို့က သံဃာ့တက္ကသိုလ် ဖွင့်လှစ်နိုင်ရေး စီမံချက်စာတမ်းတစ်စောင်ပြုစုကာ ၁၉၆၃ ခုနှစ်၌ ကျင်းပသည့် ဂိုဏ်းပေါင်းစုံ မှော်ဘီသံဃာ့ အစည်းအဝေးသို့တင်ပြပြီး အတည်ပြုဖို့ ကြိုးစားခဲ့သည်။ သို့သော် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီးသည်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ခဲ့ရပြီး ထိုစာတမ်းကိုလည်း တင်သွင်းခွင့်မရခဲ့ပါချေ။
(၃)၁၉၈၀ ပြည့်နှစ်၌ ကျင်းပသည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး၏ အကျိုးဆက်အဖြစ် ‘နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီး’ ပေါ်ပေါက်လာသည်။ ထိုအစည်းအဝေးကြီးက ရဟန်းသံဃာတော်များ၏ ပရိယတ္တိပညာသင်ကြားရေးဆိုင်ရာ အားနည်းချက်တို့ကို သုံးသပ်ပြီးနောက် ပရိယတ္တိပညာရေး အခြေခံမူ လေးချက်ကို ချမှတ်ပေးခဲ့သည်။ ယင်းတို့သည်ကား (၁) ကိုယ်ကျင့်တရား ပိုမိုကောင်းမွန်ရေး၊ (၂) ပိဋကတ်ကျမ်းဂန် နှံ့စပ်ရေး၊ (၃) ပါဠိဘာသာ တတ်မြောက်ကျွမ်းကျင်ရေး၊ (၄) မြန်မာစာအရေးအသား တော်စေရေးတို့ဖြစ်သည်။
တော်လှန်ရေးအစိုးရက ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို ရပ်နားပြီး သာသနာရေးဦးစီးဌာန ဖွင့်လှစ်ရန် စီမံကိန်းရေးဆွဲစဉ်က ‘ရဟန်းတော်များအတွက် ခေတ်မီတက္ကသိုလ်တစ်ခု တည်ထောင်ရန် လိုအပ်သည်’ ဟု အဆိုပြုခဲ့သူ ဆရာကြီးဦးလှမောင်၊ ဆရာကြီးဦးစဝ်ထွန်းမှတ်ဝင်း တို့နှင့်အတူပါဝင်ခဲ့သူ ဆရာဦးကျော်လွင်သည် ထိုစဉ်ကရေးဆွဲပြီး မှော်ဘီအစည်းအဝေး၌ တင်ပြခွင့်မသာခဲ့သည့် ခေတ်မီသံဃာ့တက္ကသိုလ် ဖွင့်လှစ်ရေးစီမံချက်ကို ပြန်လည်အစဖော်ပြီး တက္ကသိုလ်ကြီးများ ပေါ်ထွန်းရေးကိစ္စကို သံဃမဟာနာယကအဖွဲ့သို့ ပြန်လည်တင်ပြခဲ့သည်။
ထိုအဆိုကို အချို့ကထောက်ခံ၍ အချို့ကကန့်ကွက်သည်။ ကန့်ကွက်သည့် ဆရာတော်ကြီးအချို့က “တက္ကသိုလ်ပညာ ကျွမ်းကျင်လာခဲ့ရင် ကိုယ်တော်လေးတွေ ဘဝင်မြင့်ပြီး မထေရ်ကြီးများကို မလေးမစားလုပ်ကြတာနဲ့ သာသနာတော်ကြီး ပျက်စီးသွားနိုင်တယ်” ဟုမိန့်သည်။ ထောက်ခံသည့်ဘက်ကလည်း “နောက်ရဟန်းတော်တွေ ခေတ်အမြင်ရှိပါမှ ခေတ်လူငယ်တွေကို အောင်အောင်မြင်မြင် စည်းရုံးပြီး သာသနာပြုနိုင်မယ်” ဟုမိန့်သည်။
(၄)တက္ကသိုလ် ထောင်သင့်၊ မထောင်သင့်ကိစ္စကို တိုင်းနှင့် ပြည်နယ်အသီးသီးရှိ စာသင်တိုက်ကြီးများသို့ စာပို့၍လည်းကောင်း၊ လူကိုယ်တိုင် သွားရောက်၍လည်းကောင်း သဘောထားကောက်ခံခဲ့ရာ ရာခိုင်နှုန်း ၉၀ က တက္ကသိုလ်တည်ထောင် ဖွင့်လှစ်သင့်ကြောင်း ဆန္ဒပေးခဲ့ကြသည်။ သို့ဖြင့် ၁၉၈၂ ခုနှစ်ကုန်ခါနီး၌ တက္ကသိုလ်စီမံကိန်း လုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ကြသည်။ တက္ကသိုလ်ကြီးများကို ရန်ကုန်မြို့၌ တစ်ကျောင်း၊ မန္တလေးမြို့၌ တစ်ကျောင်း နှစ်ကျောင်းတည်ထောင်ကြဖို့ အစီအစဉ်ဆွဲကြသည်။ တက္ကသိုလ်၌ ပညာသင်ကြားပေးကြမည့် အရည်အချင်းပြည့် ရဟန်းတော် ၁၁ ပါးနှင့် လူပုဂ္ဂိုလ်ပညာရှင် ၁၈ ဦးတို့ကို ရှာဖွေပြီး ဆရာဖြစ်သင်တန်းများ ပို့ချပေးခဲ့သည်။
တက္ကသိုလ်ကြီးများအတွင်းရှိ အဆောက်အအုံများ ဆောက်လုပ်ရာ၌ “လူတိုင်းလူတိုင်း ကျောင်းဒါယကာ ဖြစ်ပါစေ၊ မပင်ပန်းသည့် အလှူဒါနဖြစ်ပါစေ၊ သားစဉ်မြေးဆက် သာသနာ့အမွေခံများဖြစ်ပါစေ” ဆိုသည့်မူကိုချမှတ်ကာ တစ်အိမ်ထောင်လျှင် ‘ပြား ၅၀’ နှုန်းဖြင့် တိုင်းနှင့်ပြည်နယ်အလိုက် သုံးနှစ်တိုင်တိုင် အလှူခံခဲ့သည်။ မင်းကွန်းတိပိဋက ဆရာတော်ကြီးကိုယ်တော်တိုင် မြန်မာပြည်အနံှ့ ခရီးဆန့်၍ တရားဓမ္မဟောပြကာ လှူဒါန်းမှုအစုစုကို ရေစက်သွန်းချ ပေးတော်မူခဲ့သည်။
(၅)ရန်ကုန်မြို့၌ တည်ထောင်မည့် သာသနာ့တက္ကသိုလ်အတွက် ကမ္ဘာအေးကုန်းမြေ သိမ်တော်ကြီးအနီးရှိ မြေလွတ်နေရာကို ရွေးချယ်ပြီး မန္တလေးမြို့၌ တည်ထောင်မည့် သာသနာ့တက္ကသိုလ်အတွက် နန်းတော်ရှေ့၊ ၆၂ လမ်းမဘေး၊ ရွှေကျောင်းတော်ကြီး အရှေ့ဘက်ရှိ သီပေါမင်း၏ မိဖုရားကြီးတစ်ပါး ဆောက်လုပ်လှူဒါန်းခဲ့သော မဟာဝိဇယပုညမှန်ကျောင်းတိုက် မြေနေရာကို (နွယ်ခွေဆရာတော်ထံမှ မြေနေရာအလှူခံ၍) ရွေးချယ်ခဲ့သည်။
ရန်ကုန်သာသနာ့တက္ကသိုလ်ကို ၁၉၈၆ ခုနှစ် ဇွန်လပိုင်း၌ မန္တလေးသာသနာ့တက္ကသိုလ်ကို ၁၉၈၆ ခုနှစ်၊ သြဂုတ်လပိုင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။ စတင်ဖွင့်လှစ်စကာလက မန္တလေးသာသနာ့တက္ကသိုလ်၌ ‘သိမ်တော်ကြီး၊ နာယကချုပ်ကျောင်းဆောင်၊ ဆရာများအဆောင် နှစ်ဆောင်၊ စာသင်သားများ အဆောင် နှစ်ဆောင်၊ စာသင်ဆောင် နှစ်ဆောင်နှင့် ဆွမ်းချက်၊ ဆွမ်းစားဆောင်’ တို့လောက်သာ တည်ဆောက်ပြီးစီးသေးသည်။ တက္ကသိုလ်ဖွင့်လှစ်စနှစ်များက ဓမ္မာစရိယအောင်ပြီး ၁၅ ဝါထက်မလွန်သည့် ရဟန်းတော်များကိုသာ ဝင်ခွင့်ပြုခဲ့သည်။ ဝင်ခွင့်စာမေးပွဲအတွက် ‘ဝိနည်း၊ သဒ္ဒါ၊ သဂြုႋဟ်၊ အထွေထွေဗဟုသုတ’ ဟု မေးခွန်းလေးမျိုးမေးသည်။ ရေးဖြေအောင်မြင်သူတို့ကို လူတွေ့စစ်ဆေးပြီးနောက် ကျောင်းဝင်ခွင့်ပြုခဲ့သည်။ မန္တလေးသာသနာ့တက္ကသိုလ်ကို သင်ကြားစီမံဆရာတော် ၁၉ ပါး၊ ဝင်ခွင့်အောင် စာသင်ရဟန်းတော်  ၃၇ ပါးဖြင့် ‘မဟာတန်း’ ကို စတင်ဖွင့်လှစ်ခဲ့သည်။ စာသင်နှစ်နှစ်၊ ကျမ်းပြုသုံးနှစ် သတ်မှတ်သည်။ အောင်မြင်သည့် ရဟန်းတော်တို့အား ‘သာသနတက္ကသီလ မဟာဓမ္မာစရိယ’ M.A (Buddhism) ဘွဲ့ကို နှင်းအပ်ခဲ့သည်။
(၆)၁၉၈၉ ခုနှစ်မှစ၍ ဝင်ခွင့်မေးခွန်းပုံစံများလည်း ပြောင်းခဲ့သလို ၁၀ ဝါထက်မလွန်သော ပထမကြီးတန်းအောင်ပြီး ပုဂ္ဂိုလ်များကို စိစစ်ရွေးချယ်၍ တက်ရောက် သင်ကြားခွင့်ပြုခဲ့သည်။ ကနဦးကာလက ‘ဝိနယ၊ သုတ္တန္တ၊ အဘိဓမ္မ’ ဟုမဟာဌာနကြီး သုံးခုသာရှိခဲ့သော်လည်း ထိုနှစ် (၁၉၈၉ - ခု) မှစ၍ မဟာဌာနသုံးခုအပြင် ‘ပါဠိစာပေဌာန၊ မြန်မာစာပေဌာန၊ အင်္ဂလိပ်စာပေဌာန၊ ဗုဒ္ဓဒေသနာပြန့်ပွားရေး ပညာဌာန’ တို့ကိုပါ ဖြည့်စွက်၍ သင်ကြားပို့ချခဲ့သည်။ အဆိုပါ နောက်တိုးဌာနတို့ကို ‘အထောက်အကူပြုလေးဌာန’ ဟုခေါ်သည်။ 
စာပေသင်ကြားရာ ပရိယတ္တိကျောင်းတိုက်ကြီးဖြစ်သော်လည်း ပဋိပတ္တိကိုလည်း လက်မလွှတ်ခဲ့။ ၁၉၉၅ - ခုနှစ်မှစ၍ ကျောင်းပိတ်ရက် အစပိုင်းကာလများ၌ ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်များကို ပင့်ဖိတ်ပြီး တရားဘာဝနာ ရှုမှတ်ပွားများကြရသည်။ တက္ကသီလဓမ္မာစရိယ (B.A) တန်းသားများအနေဖြင့် သင်တန်းကာလ လေးနှစ်၊ တရားစခန်း ၁၀ ရက်၊ အခြေခံတိုင်းရင်းဆေးပညာ တစ်လတိတိ သင်ယူပြီးနောက် နယ်စပ်ဒေသ သာသနာပြုတာဝန်ကို နှစ်နှစ်တိတိ ထမ်းဆောင်ရသည်။ တက္ကသီလမဟာဓမ္မာစရိယ (B.A) တန်းသားများအနေဖြင့် သင်တန်းကာလနှစ်နှစ်၊ တရားစခန်း ၄၅ ရက်၊ ကျမ်းပြုကာလနှစ်ပြီးသည့် နောက်နယ်စပ်ဒေသ သာသနာပြုတာဝန်ကို နှစ်နှစ်တိတိ ထမ်းဆောင်ရသည်။ တက္ကသိုလ်ကြီးများ တည်ထောင်ပြီး ၂၄ နှစ်အကြာ ၂၀၀၉ ခုနှစ်၌ ဓမ္မပါရဂူ (Ph.D) ဘွဲ့ကိုပါ နှင်းအပ်ချီးမြှင့်နိုင်ခဲ့သည်။
(၇)သာသနာ့တက္ကသိုလ်ကြီးများ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုသဘင် အခမ်းအနားကို ၂၀၁၁ ခုနှစ်က ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ သာသနာ့တက္ကသိုလ်နယ်မြေ၌ ခမ်းခမ်းနားနား ကျင်းပခဲ့ပြီးဖြစ်သည်။ ယခုအနှစ် ၃၀ ပြည့် အထိမ်းအမှတ်အောင်ပွဲ ပုလဲရတုသဘင်ကို မန္တလေးမြို့ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၌ ၂၈ - ၁၁ - ၂၀၁၆ မှ ၄ - ၁၂ - ၂၀၁၆ အထိ ခုနစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပမည်ဖြစ်သည်။ ယခုပွဲက မန္တလေးသာသနာ့တက္ကသိုလ်ဆင်း ကျောင်းသားဟောင်းများ၏ ကြိုးပမ်းမှုဖြင့် ဖြစ်လာသည့် ပွဲတစ်ပွဲဖြစ်သည်။ မန္တလေးမြို့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်မှ ဓမ္မာစရိယ (B.A) ဘွဲ့ရ ၈၇၁ ပါး၊ မဟာဓမ္မာစရိယ (B.A) ဘွဲ့ရ ၁၆၉ ပါးနှင့်၊ ဓမ္မပါရဂူ (Ph.D) ဘွဲ့ရ ငါးပါးတို့ပေါ်ထွက်ခဲ့ပြီး ဖြစ်သည်။
ပုလဲရတုသဘင် အခမ်းအနား၌ ပွဲတော်အကြိုကာလ ငါးညတိတိ ဓမ္မသဘင်ပွဲများ ကျင်းပပူဇော်ခြင်း၊ နှစ်ရက်တိုင်တိုင် စာတမ်းဖတ်ပွဲများ ပြုလုပ်ခြင်း၊ မန္တလေးသာသနာ့ တက္ကသိုလ်မှ ပေါက်ဖွားလာသည့် စာရေးဆရာ၊ ကဗျာဆရာ စာဆိုရဟန်းတော်တို့၏ စာအုပ်များကို ခင်းကျင်းပြသရောင်းချခြင်း၊ ဒီဇင်ဘာ ၄ ရက်၌ အာစရိယပူဇာ မင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်းတို့ဖြင့် ခမ်းခမ်းနားနား ကျင်းပပြုလုပ်မည်ဖြစ်သည်။
ပရိယတ္တိသာသနာ့ တက္ကသိုလ်ကြီးများ၏ သင်ကြားရေးနည်းစနစ်က ရှေးရှေးဆရာတော်ကြီးတို့ ချမှတ်ခဲ့သည့် ကျမ်းရိုးသင်နည်းစနစ်ကို မဏ္ဍိုင်ထား၍ ခေတ်လေ့လာနည်း အမြင်သစ်၊ အတွေးသစ်တို့ဖြင့် ဝန်းရံကာ သင်ကြားပို့ချသည့်စနစ် ဖြစ်သည်။ ခေတ်နှင့်အညီ သာသနာပြုသည့်နည်းစနစ်ကို သာသနာ့တက္ကသိုလ်ကြီးများက ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ဖြန့်ဝေနေလိမ့်ဦးမည်ဟု မိမိကယုံကြည်ထားပါသည်။
အကိုးအကား - သာသနာ့တက္ကသိုလ်၊ ငွေရတု သမိုင်းမော်ကွန်း။