လှိုင်း

လှိုင်း
Published 30 November 2016
မောင်ကြည်

မနက်ဝေလီဝေလင်းမှာပင် ကျွန်တော်တို့ ‘ငွေဆောင်’ သို့ရောက်သွားကြသည်။ ငွေဆောင်ပတ်ဝန်းကျင်သည် အိပ်ကောင်းနေဆဲ။ ငွေဆောင်ကို မြင်လိုဇောနှင့် ကမ်းခြေရှိရာသို့ ကျွန်တော်တို့ဆင်းလာခဲ့ကြသည်။ ပင်လယ်ကို ဖြတ်သန်းလာသည့် အေးမြမြလေက ဦးစွာနှုတ်ဆက်၏။ အို မင်္ဂလာနံနက်ခင်းပါ ငွေဆောင်။
ကားရပ်ထားသည့်နေရာမှ သစ်သားလှေကားလေးအတိုင်း ကျွန်တော်တို့ဆင်းလာရာ အဆုံး၌ သဲမြေပွပေါ်ခြေချမိသည်။ ဒါငွေ ဆောင်မြေပဲ။ ဆက်လျှောက်လာသောအခါ ပွနေသောသဲသည် တစ်စတစ်စ ကျစ်လျစ်သိပ်သည်းလာသည်။ ရေရောက်သည့်ကမ်းစပ်နှင့် နီးကပ်လာလေ သဲမြေကျစ်လာလေ။ နူးညံ့အိထွေးသော သဲမြေပေါ်နင်းလျှောက် လာရသည်ကပင် အရသာတစ်မျိုး။ ချိုင့်ခွက်တွေ ဗရပွနှင့် လမ်းကြမ်းပေါ် နင်းနေကျ ကျွန်တော်တို့ ခြေဖဝါးတွေ ခုမှကတ္တီပါလမ်းပေါ် လျှောက်လှမ်း ပျော်ရွှင်ရတော့သည်။ ရေတက်ရေကျကြောင့် စေးကပ်တွယ်ငြိသိပ်သည်း ကျစ်လျစ်နေသော သဲ၏အထိအတွေ့ အရသာမှာ ကျွန်တော်တို့ ပျော်မွေ့နေကြလေသည်။ ဒါသည်ပင် မြို့ပြမှာမရနိုင်သည့် ရှားရှားပါးပါး အရသာမဟုတ်ပါလား။
ကျွန်တော်တို့ခြေလှမ်းများသည် ရေပြင်ရှိရာဆီသို့ တဖြည်းဖြည်းချင်း တိုးကပ်လာကြသည်။ တက်လာသည့်ရေပြင်လွှာနှင့် မထိတထိအကွာအဝေးသို့ပင် ရောက်လာသည်။ တသုန်သုန်တိုက်နေသည့် လေထဲမှာ တဝုန်းဝုန်းမြည်သံတွေကို ကြားနေရသည်။ လှိုင်းသံ ... လှိုင်းရဲ့ မြည်သံ။ ကျွန်တော်သိနေသည်။ ဒါလှိုင်းခေါ်သံပဲ။ လှိုင်းမြည်သံက ကျွန်တော့် မျက်လုံးအစုံကို ဆွဲငင်ခေါ်ဆောင်လိုက်ရာ ဘယ်လိုမှမနေသာတော့။ သဲပြင်ကို ငုံ့ကြည့်နေရာမှ ဟိုးမိုးကုပ်စက်ဝိုင်းအထိ အကြည့်ကို ပို့လွှတ်လိုက်သည်။ အို လှပလွန်းပါဘိ။ ကျွန်တော်မတ်တတ်ရပ်နေရင်း မှင်တက်မိသွားသည်။ သဘာဝ၏ ထူးဆန်းသောအလှတရားကို ငေးမောမိသွားသည်။ လှလိုက်တာ... လှလိုက်တာဟု တဖွဖွရေရွတ်နေမိသည်။ ကျွန်တော့်သူငယ်ချင်းတွေ ဖုန်းကိုယ်စီထုတ်ကာ ဓာတ်ပုံတဖျပ်ဖျပ် ရိုက်နေကြပြီ။ ကျွန်တော် ဓာတ်ပုံမရိုက်အားသေး။
ဟိုးအဝေးကနေ တဝေါဝေါမြည်သံပေးရင်း ပြေးလာသည့်လှိုင်းတွေကို တအံ့တသြ ငေးနေမိသည်။ လှိုင်းတွေ ... လှိုင်းတွေ။ အခုမှ လှိုင်းမြင်ဖူးသူတစ်ယောက်လို လှိုင်းလုံးတွေ တရိပ်ရိပ်တက်လာတာကို မဝတမ်းကြည့်နေမိသည်။ လှိုင်းခေါင်းဖြူတွေ...။ ကြည့်သူတို့ အပြေးကလေးလှမ်းလာပုံက လှပဲလှသေးတော့။ တစ်လှိုင်းက ကမ်းခြေမရောက်သေးခင် နောက်တစ်လှိုင်းက အသည်းအသန် ကပ်လိုက်လာသည်။ ပထမလှိုင်းက ကမ်းခြေရောက်တော့ ဝမ်းလျားထိုးလှဲချလိုက်သည့် လူလိုပြားပြားဝပ်သွားသည်။ ထို့နောက် မာန်ကျသွားသော လှိုင်းသေက ပင်လယ်ဆီသို့ ပြန်အဆင်း နောက်ကထပ်ချပ်မကွာလိုက်လာသည့် ဒုတိယလှိုင်းနှင့် မျက်နှာချင်းဆိုင်တွေ့ကြရာ ရေစက်ရေမှုန်ရေဖြူတွေ ဖွားခနဲလွင့်စင်သွားကြသည်။ ကြည့်စမ်းလှိုင်းတွေရဲ့ ရန်ပွဲ။ ဘယ်လောက်ကြည့်လို့ လှလိုက်ပါသလဲ။ လှိုင်းနှစ်လှိုင်း ရင်ဆိုင်တွေ့ပြီးနောက် ကြေပြတ်သွားသော လှိုင်းအကြေအမွ လှိုင်းကွဲစလေးတွေသည် အဖြူရောင်ပူစီဖောင်းကလေးများသဖွယ် ကမ်းခြေရေစပ်စပ်မှာ ဟိုဟိုဒီဒီ မျောပါနေကြပြန်ပါသည်။ လှိုင်းက မွေးဖွားလိုက်သည့် ရေပူစီဖောင်းကလေးများကို ကြည့်ရင်း ကျွန်တော့်မှာ ကြည်နူးသွားရလေသည်။ သူတို့လေးတွေကို ကြည့်ရတာ ကဗျာဆန်လိုက်တာ။ တကယ်ပါပဲ။ ကဗျာတစ်ပုဒ်လိုပါပဲ။
ကျွန်တော်သည် လှိုင်းလုံးတွေကိုကျော်ပြီး ဟိုးအဝေးက မိုးကောင်းကင်ကို ငေးကြည့်မိပြန်သည်။ နေမပြူသေးသော တိမ်ဖြူဖြူ သည် အရုဏ်ရှေ့ပြေးရောင်နီကြောင့် ပန်းနုရောင်လဲ့လဲ့သန်းနေသည်။ တိမ်ဂွမ်းဖြူလွလွမှာ ပန်းရောင်အစွန်းအစတွေနှင့် ပေပွလှပလို့...။ အံ့သြစရာ။ အဆိုပါ တိမ်အလှက ရေလွှမ်းနေသည့် ကမ်းစပ်သဲမြေလွပေါ် အရိပ်ထင်လို့နေပါကလား။ ပါးပြင်ပေါ် ပန်းနုခြယ်သထားသည့် တိမ်အပျိုမသည် ကမ်းစပ်မှန်ပြင်ကို ငုံ့ကြည့်ကာ အလှရှုနေသည့်နှယ်။ ကောင်းကင်မှာ ပန်းနုတိမ်။ ကမ်းစပ်ရေပြင်မှာလည်း ပန်းနုတိမ်။ ထိုပန်းနုတိမ်နှစ်ခုကြားဝယ် လှိုင်းအိကလေးတွေက တရိပ်ရိပ်ပြေးလွှား ဆော့ကစားလို့။ ပင်လယ်ဆီကနေ ဒေါမာန်ထကာ စိတ်ကြီးဝင်လာသမျှသည် ကမ်းခြေရောက်တော့လည်း အလိုအလျောက် စိတ်ကောက်ပြေသွားရသည်သာ...။ သြော် ဒါသည်ပင် လှိုင်းရဲ့သဘာဝထင်ပါရဲ့။
နားထဲမှာ ကဗျာတစ်စကို ကြားယောင်လာမိသည်။ ဆရာဇော်ဂျီ၏ ‘လှိုင်းကလေးသင်’...။ အလွတ်နီးပါးရနေသည့် ကဗျာ၏ ပထမနှစ်ပိုဒ်က လှိုင်းကလေး၏ အမူအရာကို ရေးဖွဲ့ထားသည်။ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီကသည်ကမ်းယံ စေတီဦးဆီသို့ဖူးမြော်ရန် ရောက်လာရင်းပေလာ့ဘောအိုအချင်း လှိုင်းကလေး - သင်။ကမ်းရောက်ပြန်တော့တဖြောက်မြည်သံကျူ၍နဂိုမူ စွန့်ကာပစ်ပါလို့မူသစ် တစ်ဆင်ခြယ်၍ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီသို့မြန်းကြွမည့်သွင်။  ...တဲ့
ကဗျာစာဆို ရပ်နေသည့်ကမ်းခြေတစ်ဝိုက်နားတွင် စေတီလေးတစ်ဆူရှိပုံရသည်။ ထို့ကြောင့်ကမ်းခြေသို့ ပြေးလာနေသော လှိုင်းကလေးကို ဘုရားဖူးလာလေသလားဟု စာဆိုက ခွန်းဆင့်လိုက်ခြင်းဖြစ်သည်။ စာဆိုက လှိုင်း၏အမူအရာတင်မက လှိုင်း၏အသံကိုပါ ‘တဖြောက်မြည်သံကျူ၍’ ဟုကြားယောင်လာအောင် ဖွဲ့နွဲ့ထားသည်။ ထို့နောက် ကမ်းခြေရောက်လာပုံနှင့် ကမ်းခြေမှပြန်ခွာသွားပုံ လှိုင်းအမူအရာနှစ်မျိုးကို တွေးကြည့်စချင်စဖွယ် ရေးစပ်ထားပြန်ပါသေးသည်။ လှိုင်းကလေးသည် သူ့နဂိုမူကို ကမ်းခြေမှာ ထားရစ်ခဲ့ပြီး မူသစ်ဟန်သစ်ပုံစံသစ်ဖြင့် ကမ်းမှပြန်ခွာသွားသည်။ အသွားနှင့်အပြန် ဟန်မတူတော့သော လှိုင်း၏ဘဝက တွေးဆဆင်ခြင်ဖွယ်ပင်။ ပင်လယ်ဆီသို့ ပြန်လည် ဆုတ်ခွာသွားသော လှိုင်းသည် ကနဦးလှိုင်း မူလပထမလှိုင်း မဟုတ်တော့သည့် လှိုင်းအသစ်။ ဘဝအသစ်နှင့်လှိုင်း။ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသော လှိုင်း။ ကဗျာစာဆိုသည် လှိုင်းကလေး၏ အပြုအမူကိုကြည့်ပြီး ဒဿနတစ်ခု ထုတ်ယူခဲ့လေသလော။ အတွေးအမြင်တစ်ခုကို ဆင်ခြင်ခဲ့လေသလော။
ကျွန်တော်သည် စာဆို၏လှိုင်းကလေးနှင့် ကျွန်တော့်မြင်ကွင်းရှေ့မှာ မြင်နေရသော လှိုင်းကလေးကို နှိုင်းယှဉ်ကြည့်နေမိသည်။ ပင်လယ်ဆီမှ တဝုန်းဝုန်းမြည်သံပေးကာ ဒုန်းစိုင်းပြေးလာသောလှိုင်း။ လှိုင်းခေါင်းဖြူဖြူဖွေးဖွေးများနှင့် အစွမ်းကုန် မြူးကြွခုန်ပေါက် ပြေးဆော့လာသော လှိုင်း။ လူတစ်ရပ်နီးနီး လှိုင်းကြီးများ ဖန်ဆင်းကာ ဒေါသမာန်ဟုန် တငြီးငြီးတောက်လောင်လာသော လှိုင်း။ လူးကာလိမ့်ကာ ယိမ်းနွဲ့ကာ အသော့ပြေးလာနေသော လှိုင်း။ ကမ်းခြေရောက်တော့ ဝပ်ဆင်းငုံ့ လျှိုးမာန်စွယ်ကျိုးသွားသော လှိုင်း။ သူမဟုတ်ခဲ့သလိုပင် မာန်မာနကင်းစင်ကြည်လင်သော နှလုံးသားနှင့် ပင်လယ်ဆီပြန်သွားလေသော လှိုင်း။ လှိုင်း ... လှိုင်းတွေ လှိုင်းတွေ။ မဆုံးနိုင်သော လှိုင်းတွေ။ လာလိုက်ပြန်လိုက်နှင့် စုန်ဆန်ခရီးနှင်နေသော လှိုင်းတွေ ... လှိုင်းတွေ။
ကျွန်တော့်မြင်ကွင်းထဲမှာ လှိုင်းတွေနှင့် ပြည့်နေသည်။ အတက်အကျလှိုင်းတွေ၏ ဖြစ်စဉ်ကမဆုံးနိုင်။ ဘယ်တော့မှ မဆုံးနိုင်။ ပင်လယ်ရှိနေသမျှ လှိုင်းတွေရှိနေမည်။ ပင်လယ်က မွေးဖွားပေးလိုက်သော လှိုင်းတွေ မဟုတ်ပါလား။ ‘လှိုင်း’ ဟူသည် ပင်လယ်၏သင်္ကေတ။ ပင်လယ်၏အမှတ်အသား။ ပင်လယ်ကြီးကို တန်ဆာဆင် မွမ်းမံပေးနေသည်မှာ ဟောဒီလှိုင်းတွေပဲ မဟုတ်လား။ လှိုင်းတွေရှိနေသောကြောင့် ပင်လယ်ပြင် အသက်ဝင်နေခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင် လှိုင်းတွေကြောင့် ပင်လယ်ကြီးလှပနေခြင်းဖြစ်သည်။ ပင်လယ်ကြီးအတွက်တော့ လှိုင်းသည် ကဗျာတစ်ပုဒ်။ ပန်းချီကားတစ်ချပ်။ သီချင်းတစ်ပုဒ်။ အနုပညာဖန်တီးမှု တစ်ခုလည်းဖြစ်ပါသည်။

Most Read

Most Recent