စိုးထိတ်မှုကမ်းပါးထက်က ရွာကလေးဆီ

စိုးထိတ်မှုကမ်းပါးထက်က ရွာကလေးဆီ
Published 29 November 2016
လဲ့လဲ့အောင်

နိုဝင်ဘာလလယ်ခန့်မှစ၍ မန္တလေးဆောင်းမှာ တစ်ရက်ထက်တစ်ရက် သိသာလာသည်။ နံနက်အချိန်ခါတွင် ပိန်းပိတ်အောင် ကျဆင်းတတ်သည့် ငွေနှင်းမှုန်တို့မှာလည်း ဆောင်း၏ပုံရိပ်ပန်းချီကားကို ပီပြင်သထက် ပီပြင်အောင် ကျဆင်းပုံဖော်လျက်ရှိသည်။ အေးစက်ငြိမ်သက်လျက်ရှိသော နိုဝင်ဘာ ဆောင်းနံနက်ခင်းတစ်ခု၌ ဧရာဝတီမြစ်အတွင်း ဆန်တက်မည့် ခရီးစဉ်တစ်ခုတွင် လိုက်ပါရန်အတွက် မန္တလေးဆိပ်ကမ်း နေရာတစ်ခုဖြစ်သော မရမ်းခြံဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ ခရီးစဉ်မှာ သေဆုံးသွားခဲ့သည့် လင်းပိုင်သားမိအတွက် သဘာဝပတ်ဝန်းကျင်အဖွဲ့များမှ သွားရောက်ဆုတောင်းပေးမည့် ခရီးစဉ်ဖြစ်ပြီး မရမ်းခြံဆိပ်ကမ်းမှတစ်ဆင့် ဧရာဝတီမြစ်အတွင်း ဆန်တက်ကာ ကျွန်းရွာတစ်ရွာသို့ သွားရောက်မည်ဖြစ်သည့်အတွက် မရမ်းခြံဆိပ်ကမ်းတွင် လူစုစောင့်ဆိုင်း၍ မော်တော်ဖြင့်သွားကြရမည် ဖြစ်သည်။ ဆိပ်ကမ်းမှမြစ်အတွင်းသို့ ကြည့်သော်လည်း မြူတွေဆိုင်း၍မှိုင်းနေ၍ မြစ်တစ်ဖက်ကမ်းကို လှမ်းမြင်ရဖို့ဝေးစွ အနီးနားတွင် ဆိုက်ကပ်ထားသော ရေယာဉ်များနှင့် မြစ်လယ်ကျွန်းသောင်ကိုပင် သဲကွဲစွာမမြင်ရ။
မြူတွေမှိုင်းနေသည့်ကြားကပင် မော်တော်ဆလင်၏ ကျွမ်းကျင်မှုဖြင့် ရေလမ်းခရီးကို စတင်ခုတ်မောင်း ထွက်ခွာခဲ့သည်။ ဘေးဘီဝဲယာနှင့် အရှေ့ရေလမ်းကြောင်းတွင် မှိုင်း၍ပိတ်နေသည့် ငွေနှင်းမှုန်များကြောင့် မော်တော်ဆလင်မှာ စီးနင်းလိုက်ပါသည့်သူများ မြင်ကွင်းကွယ်၍ မနေရန်နှင့် ခုတ်မောင်းရမည့်လမ်းကြောင်းကို အသံဖြင့်ချင့်ဆကာ မြစ်အတွင်းဆန်တက်သည်မှာ သူ၏ကျွမ်းကျင်မှုနှင့် ပညာရပ်ပင်။ ကျွန်မအတွက်တော့ ပိန်းပိတ်နေသည့် နှင်းထုကြားရှေ့လမ်းကို ရေးရေးမှမမြင်ရဘဲ မော်တော်အပေါ် လိုက်ပါစီးနင်းနေရမှုကပင် စိတ်လှုပ်ရှားစေပြီး တိုးဝင်လာသည့် လေအေးများက ကြက်သီးထစေသည်။ အချိန်အနည်းငယ်ကြာ ခုတ်မောင်းလာသည့်အခါ သူရိန်နေမင်း၏ အလင်းဓာတ်အရှိန်ကြောင့် နှင်းဆဲကာမြူကွဲ၍ ဧရာဝတီမြစ်ဘေး တစ်လျှောက်မြင်ကွင်းများကို နံနက်နေရောင်ခြည်နှင့် တွဲဖက်မြင်တွေ့ခွင့်ရသည့် ပုံရိပ်များက ဆွတ်ပျံ့စရာကောင်းလှပေသည်။
ခရီးစဉ်မှာ ကနဦးကလင်းပိုင်းသားအမိ အသေတွေ့ရှိမြှုပ်နှံခဲ့သည့် ခိုတောင်ရွာသို့သွား၍ ဆုတောင်းပွဲပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ယင်းရွာသို့ ရေယာဉ်ဆိုက်ကပ်သွားလာရန် အဆင်မပြေသည့်အတွက် လင်းပိုင်ထိန်းသိမ်းရေး နယ်ထဲမှဖြစ်ကာ ယခုနှစ်အတွင်းသေဆုံးခဲ့သည့် လင်းပိုင်တစ်ကောင်မြှုပ်နှံထားခဲ့ဖူးသည့် ဆင်ကျွန်းကျေးရွာကလေးဆီသို့ သွားရောက်ကြရမည်ဖြစ်သည်။ ဆင်ကျွန်းရွာမှာ မင်းကွန်းအထက်တွင်တည်ရှိသည့် ဧရာဝတီမြစ်ဘေးရှိ ကျွန်းရွာတစ်ရွာဖြစ်ပြီး ဧရာဝတီမြစ်ရေများချိန်တွင် မရမ်းခြံဆိပ်ကမ်းမှ တည့်တည့်ဆန်တက် ခုတ်မောင်းသွားလာ၍ ရသော်လည်း ယခုကဲ့သို့ မြစ်ရေနည်းချိန်တွင် ရေလမ်းကြောင်း ပေါက်သည့်အလိုက် မင်းကွန်းဘက်သို့ ဆန်တက်ကာ မင်းကွန်းဘက်မှတစ်ဆင့် ကွေ့ဝိုက်သွားလာရခြင်းကြောင့် ရေများချိန်ထက် မော်တော်ခုတ်မောင်းချိန် အနည်းငယ် ပိုကြာမြင့်စေခဲ့သည်။
မရမ်းခြံဆိပ်ကမ်းမှ မြစ်အတွင်း တစ်နာရီကျော်ခန့် ခုတ်မောင်းလာသည့်အခါ သွားရောက်မည့် ကျွန်းရွာကလေးကို မြစ်အတွင်းမှ လှမ်းမြင်တွေ့ရပြီဖြစ်သည်။ အဝေးမှပင် မြင့်မားသည့် ကမ်းပါးနံရံများကို မြင်တွေ့နေရပြီး နီးသထက်နီးလာသည့်အခါတွင် အဝေးမှလှမ်းမြင်တွေ့ရသည့် မြင့်မားသောကမ်းပါးများမှာ ပဲ့ကြွေတိုက်စားခံထားရမှုကြောင့် ခုတ်ရာထစ်ရာများကဲ့သို့ မညီမညာဒဏ်ရာများဖြင့် မတ်စောက်နေသည့် ကမ်းပါးတန်းကြီးအဖြစ်မြင်တွေ့ရမှုက စက်လှေပေါ်ရှိလူများကို စုပ်သပ်စေသည်။ အဆင်ပြေသည့်နေရာတွင် စက်လှေမော်တော် ဆိုက်ကပ်သည့်အခါ ဒေသခံများမှ မြင့်မားသည့် ကမ်းပါးထက်မှမိုး၍ ဆီးကြိုစူးစမ်းကြည့်မျှော် ကြိုဆိုကြလျက်ရှိသည်။ ပဲ့ကြွေတိုက်စားကာ သစ်မြစ်များပေါ်၍ လမ်းဟုမမည် လှေကားထစ်မရှိသော မြစ်ကမ်းနံရံများထက် ခြေလှမ်းများကို စမ်း၍လှမ်း၍ တက်ရင်း မြင့်မားသည့်ကမ်းပါးထက်က ဆင်ကျွန်းဟုအမည်ရှိသည့် ရွာကလေးသို့ ရောက်ရှိခဲ့လေသည်။
ရွာပေါ်ရှိ အချို့အိမ်များမှာ မြစ်ရေတိုက်စားခံရသည့်ကမ်းပါးနှင့် အလွန်နီးကပ်စွာ တည်ရှိနေပြီး အချို့အိမ်များမှာ ယခုမှတဲငယ်ကဲ့သို့ ဆောက်လက်စအိမ်အချို့ကို ကျော်ဖြတ်ကာ ရွာ၏မြောက်ဘက် လင်းပိုင်သေ မြှုပ်နှံထားသည့် သဲသောင်ပြင်ပေါ်သို့သွား၍ ဆုတောင်းပွဲအစီအစဉ် ပြုလုပ်ခဲ့ကြသည်။
ဆုတောင်းပွဲသို့ လာရောက်ကြည့်ရှုသည့်ဒေသခံများအား ရွာလေးနှင့်ပတ်သက်၍ မေးမြန်းကြည့်ရာတွင် “မိုးရွာသွန်းတာကြောင့် လွန်ခဲ့တဲ့ နှစ်ရက်လောက်ကကို ဒီသောင်ပေါ်အထိ ရေဖုံးနေတုန်း။ အခုမှ ရေပြန်ကျသွားပြီး သောင်ပေါ်လာတာ။ ခါတိုင်းဆိုရင် ဒီအချိန်အထိ ရေတက်လေ့မရှိတော့ဘူး။ ဒီနှစ်က မိုးများတော့ မြစ်ရေများချိန်တုန်းကလည်း ကမ်းပြိုလို့ ပြောင်းရွှေ့ခဲ့ရသလို။ အခု မြစ်ရေပြန်ကျပြီး တန်ဆောင်မုန်းလပြည့်နားနီး မိုးရေကြောင့် ရေပြန်တက်တုန်းက ကမ်းပါးထပ်ပြိုတော့ စိုက်ထားပြီးသားပဲခင်းတွေ ဒီတိုင်းရေစီးကြောင်းထဲ မျောကုန်ခဲ့တယ်။ ကမ်းပြိုတာကတော့ သုံးနှစ်လောက်ရှိပြီ ဆက်တိုက်ပြိုကျနေတာ။ အခုနှစ်တော့ ကာကွယ်ရေးလုပ်ပေးမယ်ပြောတယ်။ ဒီနှစ်မှမလုပ်ပေးဘူးဆိုရင်လည်း နောက်နှစ် ရေတက်ချိန်ကျတော့ မြေမရှိလောက်တော့ဘူး” ဟု ဆင်ကျွန်းရွာသူတစ်ဦးက ပြောကြားသည်။
ထိုမှတစ်ဆင့် မြစ်အတွင်း ပန်းမျှောဆုတောင်းရန် ရွာအတွင်းမှပတ်၍ စိုက်ခင်းများကို ဖြတ်သွားစဉ်တွင် ပေါင်းနုတ်နေသည့် ဒေသခံအမျိုးသမီးတစ်ဦးက “လင်းပိုင်တွေအတွက် ဆုတောင်းပေးသလို တို့ရွာကမ်းမပြိုဖို့အတွက်လည်း ဆုတောင်းပေးခဲ့ကြဦးနော်” ဟု လှမ်းအော်သည်ကို ကြားသိရသည်ကပင် ရွာသားတို့၏စိုးထိတ်မှုကို သိမြင်ခံစားရစေသည်။
ယခင်က ဆင်ကျွန်းရွာကလေးမှာ ယခုတည်ရှိသည့် ရွာနေရာတွင်မဟုတ်ဘဲ မြစ်အတွင်းလှမ်းမျှော်မြင်နေရသည့် ကိုင်းပင်ဖွေးဖွေး ကျွန်းသောင်ခုံလေးနေရာဖြစ်ခဲ့ပြီး မြစ်ကြောင်းပြောင်းကာ ရေတိုက်စား ကမ်းပြိုမှုများကြောင့် မြေနေရာပျောက်ကာ ပြောင်းရွှေ့မှုအလီလီ ပြုလုပ်ခဲ့ရပြီး လက်ရှိနေရာတွင် ရွာအဖြစ်တည်ရှိနေခြင်း ဖြစ်ကြောင်းသိရသည်။ ရွာကလေး၏ အဓိကစီးပွားရေးမှာ လက်မှုလုပ်ငန်းနှင့် ရေကျချိန်စိုက်ပျိုးရေး လုပ်ငန်းဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းမှာ မြေအခြေအနေပေါ် မူတည်၍ စိုက်ရပျိုးရခြင်းဖြစ်ကာ မြေများတရိရိ တိုက်စားကာ ပျောက်ကွယ်သွားသည့် တောင်သူများအတွက်တော့ လက်မှုလုပ်ငန်းမှာ အဓိကစီးပွားရေးဖြစ်သည်။ လက်မှုလုပ်ငန်းအဖြစ် ရွာလုံးကျွတ်နီးပါး ဝါးခမောက်ရက်လုပ်ခြင်း လုပ်ငန်းကို လုပ်ကိုင်ကြခြင်းဖြစ်ပြီး ဒေသခံများမှာ ခမောက်ရှိလျှင်ငွေရှိသည်ဟု ဆိုကြသည်။
“စိုက်ပျိုးရေးကတော့ ထောပတ်ပဲ၊ မြေပဲလို သီးနှံတွေကို ဒီတစ်ရာသီပဲစိုက်ရတယ်။ တံငါလုပ်ငန်းကလည်း အရင်တုန်းကတော့ လုပ်တဲ့သူပေါပေမယ့် အခုမြစ်ထဲမှာငါးရှားတော့ လုပ်တဲ့သူပါးသွားပြီ။ မရှိသလောက်ဘဲ။ လင်းပိုင်နဲ့တွဲပြီး ကွန်ပစ်ငါးဖမ်းတာဆိုရင် အခုဦးမောင်လေးတစ်ယောက်ပဲ ကောင်းကောင်းဖမ်းနိုင်တော့တယ်။ သူကနေ ထပ်လက်ဆင့်ကမ်းနေတဲ့သူတွေတော့ ရှိတာပေါ့။ အဓိကလုပ်ငန်းကတော့ ခမောက်ပဲ။ တစ်ရွာလုံး ကလေးကအစ ခမောက်ရက်တတ်ကြတယ်။ ခမောက်လုပ်ငန်းက တစ်နှစ်ပတ်လုံး လုပ်ရသလို သွင်းတဲ့အခါကျတော့လည်း ငွေပေါ်လွယ်တယ်။ ကုန်ကြမ်းဝါးကလည်း ဝါးဖောင်တွေကနေ ဝယ်ရုံပဲ” ဟု ဝါးခမောက်ရက်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ လက်မှုလုပ်ငန်းရှိကာ လင်းပိုင်ထိန်းသိမ်းရေးနယ်မြေအတွင်း ပါဝင်သည့် ကျေးရွာတစ်ရွာဖြစ်ခြင်းကြောင့် လင်းပိုင်အခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ထားသည့် ရေလုပ်သားကျေးရွာ ခြောက်ရွာအနက် တစ်ရွာအဖြစ် သတ်မှတ်ခံထားရကာ ရွာသို့ခရီးသွားဧည့်သည်များ မကြာခဏလာ ရောက်လေ့လာမှုရှိသကဲ့သို့ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးရန်အတွက် ရွာတွင်အသင်းအဖွဲ့လည်း ရှိလေသည်။
ကမ်းပါးပြိုကျမှု အန္တရာယ်အတွက် စိုးရိမ်စရာသာမရှိလျှင် ဆင်ကျွန်းရွာကလေးမှာ လက်မှုလုပ်ငန်း၊ တောင်သူလုပ်ငန်းများနှင့် စည်ပင်သာယာသည့် ရွာတစ်ရွာအဖြစ် အစဉ်အဆက် တည်တံ့နေမည်မှာပင်။ ယခုတော့ ကမ်းပြိုမှုကို စိုးထိတ်နေရသည့်အတွက် နောက်တစ်ခေါက်လာရန် အလည်ခေါ်သည်ကပင် “ကမ်းမပြိုရင်တော့ ဒီနေရာပဲ ဒီအိမ်ပဲလာခဲ့။ ကမ်းပြိုရင်တော့ တို့လည်းရွှေ့ရမှာ။ ရွာအနောက်ဖျားရောက်မလား၊ ဘယ်နားရောက်မလဲတော့ မသိဘူး” ဟုဆိုလေသည့်အခါ မမြဲသောသဘာဝအလျောက် အပြောင်းအရွှေ့တို့ဖြင့် ယဉ်ပါးနေသည့် ကျွန်းရွာသူတို့၏ အရိုးခံသဘောကပင် ချစ်ခင်စရာ။
တိုက်စားခြင်း၊ ပို့ချခြင်းဖြစ်စဉ်နှင့်အတူ ကမ်းပါးပြိုကျခြင်း၊ သဲသောင်ထွန်းခြင်း ဖြစ်စဉ်များမှာ ရှင်သန်နေသောမြစ်များ၏ လုပ်ဆောင်ချက်များဖြစ်သော်လည်း ရှင်သန်နေသောမြစ်အတွင်း ကပ်ပါတည်ရှိနေသည့် လူမှုဘဝများနှင့် ဝန်းကျင်များကွဲပြား မပျောက်ဆုံးသွားရန်နှင့် ဧရာဝတီ၏ရင်သွေးရတနာများ မပျောက်ကွယ်သွားရန်၊ မိခင်ဧရာဝတီ ကျန်းမာသက်ရှည်ရန် တောင်းဆုပြုမိပါသည်။