တစ်စုံတစ်ယောက်ကသာ နှုတ်ဆိတ်မှုကို ဖြိုခွင်းခဲ့လျှင် (၁) (ကလေးသူငယ်များတွင် ကြုံတွေ့ရသော လိင်မှုဆိုင်ရာ အကြမ်းဖက်မှု)

တစ်စုံတစ်ယောက်ကသာ နှုတ်ဆိတ်မှုကို ဖြိုခွင်းခဲ့လျှင် (၁) (ကလေးသူငယ်များတွင် ကြုံတွေ့ရသော လိင်မှုဆိုင်ရာ အကြမ်းဖက်မှု)
Published 29 November 2016
ကျွန်း

အခြားကလေးအများစုလိုပါပဲ။ သင်လည်း သင့်ရဲ့မိဘတွေ၊ အဘိုးအဘွားတွေအပြင် အခြားအရွယ်ရောက်ပြီးသူ လူကြီးတွေအများကြီးနဲ့ သိကျွမ်းရ၊ တွေ့ဆုံရပါလိမ့်မယ်။ ဥပမာ - သင့်ဦးလေး၊ အဒေါ်၊ အဖေ့မိတ်ဆွေတွေ၊ အမေ့မိတ်ဆွေတွေ၊ အစ်ကိုအစ်မတွေရဲ့ သူငယ်ချင်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ အိမ်နီးချင်းတွေ စသဖြင့်ပေါ့။
ကဲ .. အခု ကျွန်မကို အမှန်အတိုင်းဖြေ။ သူတို့အားလုံးကို သင်သဘောကျ ခင်မင်သလား။ အဲဒီလူအားလုံးက သင်နဲ့တွေ့တဲ့အချိန်တွေမှာ၊ သူတို့သင့်အနားမှာ ရှိနေတဲ့အချိန်တွေမှာ သင့်ကို အဆင်ပြေ၊ ပျော်ရွှင်စေသလား။
အဲဒါလေးကို တွေးကြည့်ပေးပါ။
သင်တွေးနေတဲ့အချိန်မှာ ကျွန်မက ကျွန်မငယ်စဉ်ကလေးဘဝတုန်းက လူကြီးတွေနဲ့ပတ်သက်တဲ့ အတွေးတွေ၊ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို မျှဝေပြောပြချင်ပါတယ်။
အမှန်အတိုင်းပြောရရင် ကျွန်မငယ်စဉ်ဘဝတုန်းက ကျွန်မအနားမှာရှိတဲ့ လူကြီးတိုင်းကို သဘောမကျပါဘူး။
ကျွန်မခင်မင်တဲ့သူ နည်းနည်းပဲရှိပါတယ်။ ကျွန်မကို လေးလေးစားစား ဆက်ဆံပြောဆိုကြတဲ့ လူကြီးတွေကိုသာ ကျွန်မကသဘောကျလေ့ ရှိပါတယ်။ လေးစားတယ်ဆိုတဲ့ အဓိပ္ပာယ်က သူတ့ိုကကလေးတွေကို အမိုက်အမဲလေးတွေလို့ မယူဆကြဘူး။ ကျွန်မစကားပြောရင်လည်း သေသေချာချာ နားထောင်ကြတယ်။ သူတို့ရဲ့ပြောဆိုဆက်ဆံတဲ့ ပုံစံကြောင့် ကျွန်မကဉာဏ်ရည် ထက်မြက်တဲ့သူ၊ အရေးပါတဲ့ပြောစရာ တစ်ခုခုရှိတဲ့သူလို့ ခံစားရပါတယ်။ ကျွန်မကကလေးဖြစ်နေတဲ့အတွက် ကျွန်မကိုအထင်သေးတာ၊ နှိမ့်ချပြီးပြောတာမျိုးတွေ မလုပ်ကြပါဘူး။
သူတို့ကျွန်မကိုတို့ထိရင်လည်း ညင်ညင်သာသာ၊ လေးလေးစားစားနဲ့ တို့ထိလေ့ရှိပါတယ်။ ပါးကိုလိမ်ဆွဲတာမျိုး၊ အားနဲ့အတင်းညှစ်ပြီး ဖက်လိုက်တာမျိုးတွေ မလုပ်ကြပါဘူး။ သူတို့ ကျွန်မကိုတို့ထိတဲ့အချိန်တွေမှာ ကျွန်မမှာလည်း တူညီတဲ့တုံ့ပြန်မှုကို ခံစားရပါတယ်။ သူတို့ရဲ့တို့ထိမှုတွေကို ကျွန်မသဘောကျပါတယ်။ သူတို့အနားမှာရှိနေတာက ကျွန်မအတွက် လုံခြုံတယ်လို့ ခံစားရပါတယ်။ သူတို့ အနားမှာရှိနေတာက ကျွန်မကိုစိတ်ချမ်းသာစေပါတယ်။ ကျွန်မကသူတို့ထက် အများကြီးငယ်ပေမယ့် သူတို့က ကျွန်မကိုလူတစ်ယောက်လို ခံစားရစေပါတယ်။ သူတို့အကြောင်းကို အခုချိန်အထိ ကျွန်မမကြာခဏ တွေးမိတတ်ပါသေးတယ်။ တွေးမိတိုင်းလည်း ချစ်ခင်တဲ့စိတ်တွေနဲ့ပေါ့။
ဒါပေမဲ့ ကျွန်မ မနှစ်သက်တဲ့ လူကြီးတွေလည်း ရှိပါသေးတယ်။ သူတို့ရဲ့အပြုအမူတွေကို ကျွန်မနားမလည်သလို၊ သဘောလည်းမကျပါဘူး။ ဥပမာပြောရရင် သူတို့ကသူတို့ရဲ့အချစ်ကို ကျွန်မရဲ့ပါးကို အတင်းလိမ်ဆွဲတာနဲ့ ပြကြပါတယ်။ ကျွန်မရဲ့ပါးတွေ နီရဲပြီးနာကုန်တော့တာပေါ့။ အချို့သူတွေက ကျွန်မရဲ့ ဆံပင်ကိုဆွဲတာ၊ ဒါမှမဟုတ် ကျွန်မရဲ့ခန္ဓာကိုယ်ကို အတင်းညှစ်ပြီး ဖက်တာတ့ိုနဲ့ သူတ့ိုရဲ့ အချစ်ကို ပြသလေ့ရှိကြပါတယ်။ ကျွန်မက အဲဒီလိုအချစ်မျိုးတွေကိုရော၊ အဲဒီလို အပြုအမူမျိုးတွေနဲ့ အချစ်ကိုပြသတာကိုရော မကြိုက်ပါဘူး။ လူတွေက ဘာလို့လွယ်ကူ ရိုးရှင်းတဲ့အရာတွေကို နားမလည်ကြတာလဲလို့ ကျွန်မတွေးမိတတ်ပါတယ်။ သူတို့ရဲ့ချစ်ပုံချစ်နည်းက ကြမ်းတမ်းပြီး နာကျင်စေပါတယ်။
ကျွန်မက သူတို့ရဲ့ပါးကို ‘ချစ်စနိုး’ နဲ့ ဆွဲလိမ်ပြီး သူတို့ အဲဒီလိုလုပ်ရင် ကလေးတွေဘယ်လိုခံစားရသလဲလို့ သိသွားအောင် လုပ်ပြချင်စိတ်တွေ မကြာခဏဖြစ်မိပါတယ်။ အဲဒီလူကြီးတွေက ကျွန်မကို စကားပြောရင်လည်း ကလေးဆိုတာ မိုက်မဲတဲ့အရာလေးတွေလ့ို အဓိပ္ပာယ်ရတဲ့ ပုံစံမျိုးနဲ့ပြောတတ်ကြပါတယ်။ သူတို့ကကျွန်မကို ကလေးပေါက်စနလေး ပုံစံမျိုးနဲ့ ဆက်ဆံတတ်ကြပါတယ်။ အဲဒါကို ကျွန်မလုံး၀ မကြိုက်မနှစ်သက်ပါဘူး။ သူတို့ရဲ့ကျေးဇူးကြောင့် ကျွန်မကြီးလာရင် ဘယ်လိုလူကြီးမျိုး မဖြစ်ချင်ဘူးဆိုတာကို စောစောစီးစီး သိခွင့်ရခဲ့ပါတယ်။
ကျွန်မအစပိုင်းမှာ ခင်မင်သဘောကျခဲ့မိခဲ့ပေမယ့် နောက်ပိုင်းမှာ သူတို့ကျွန်မအပေါ်မှာပြုမူတဲ့ အပြုအမူတွေကြောင့် ကြောက်ရွံ့ထိတ်လန့်ခဲ့ရတဲ့ ယောက်ျားအချို့ကို သတိရမိပါတယ်။ ကျွန်မသူတို့ကို စပြီးသိတဲ့အချိန်မှာ သူတို့က အလွန်ကိုကောင်းမွန်တဲ့သူတွေလို့ ယူဆရတဲ့ပုံစံမျိုးတွေ ရှိကြပါတယ်။ သူတို့က ကလေးတွေရဲ့ ချစ်ခင်မှုကို ဘယ်လိုယူရမယ်ဆိုတာ ကောင်းကောင်းသိ နားလည်ကြတဲ့သူတွေပါ။ သူတို့ကကျွန်မကို ကောင်းကောင်းမွန်မွန် စကားပြောကြပြီး ကျွန်မဘာတွေ ကြိုက်တယ်၊ ဘာတွေမကြိုက်ဘူး ဆိုတာတွေကိုလည်း စိတ်ဝင်စားပြကြပါတယ်။ နောက်တော့ သူတို့က ကျွန်မရဲ့ယုံကြည်မှုကို  ရရှိလာကြပြီး ကျွန်မအနားကို ပိုကပ်လာကြပါတယ်။
ဒါပေမဲ့ သိပ်မကြာမီမှာပဲ သူတို့ကျွန်မကို ထိတဲ့ပုံစံ၊ နမ်းတဲ့ပုံစံတွေက ကျွန်မကို စိတ်အနှောင့်အယှက် ဖြစ်လာစေပါတော့တယ်။ အဲဒါတွေက မလုပ်သင့်တဲ့အရာတွေလို့ ခံစားရပါတယ်။ အကြိမ်ပေါင်းများစွာမှာ ကျွန်မနားမလည်နိုင်ဘဲ ဖြစ်နေခဲ့ရပါတယ်။ သူတို့ရဲ့အပြုအမူတွေ၊ ဘာကြောင့် အဲဒီလိုလုပ်တယ်ဆိုတာတွေကို ကျွန်မနားလည်လို့မရပါဘူး။ ကျွန်မကိုယ်တိုင်ရဲ့ တုံ့ပြန်ခံစားရမှုတွေကိုလည်း ကျွန်မ သိပ်မသေချာလှပါဘူး။ သူတို့ ကျွန်မကိုတို့ထိတဲ့ ပုံစံကမမှန်ကန်ဘူး၊ မလုပ်သင့်ဘူး၊ ညစ်ညမ်းတယ်လို့ ကျွန်မဘာကြောင့်၊ ဘယ်လိုသိရှိခံစားရသလဲဆိုတာကိုလည်း ရှင်းမပြတတ်ပါဘူး။ သူတို့ကိုယ်တိုင်လည်း သူတို့ ကျွန်မကိုအဲဒီလိုလုပ်တာ မှားမှန်းသိကြတယ်လို့ ကျွန်မထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ တခြားသူတွေ အနားမှာရှိနေတဲ့ အချိန်တွေမှာ သူတို့က ကျွန်မကို အဲဒီလိုမျိုးတွေ မလုပ်ကြလို့ပါ။ အဲဒီယောက်ျားတွေ အားလုံးက ကျွန်မထက်အများကြီး အသက်ကြီးကြပါတယ်။ အချို့က အသက် ၅၀၊ ၆၀တွေနဲ့ ၆၀ ကျော်တွေပါ။ သူတို့က ဆွေမျိုးထဲကသူတွေ၊ ဒါမှမဟုတ် ကျွန်မတို့ မိသားစုဝင်တွေရဲ့ မိတ်ဆွေတွေ၊ ဒါမှမဟုတ် ကျွန်မသူငယ်ချင်းတွေရဲ့ ဆရာတွေ၊ အစ်ကိုတွေနဲ့ အဖေတွေ ဖြစ်ကြပါတယ်။ ပြောချင်တာက အားလုံးက ကျွန်မတို့မိသားစုနဲ့ရော၊ ကျွန်မနဲ့ပါ ရင်းရင်းနှီးနှီးရှိတဲ့ သူတွေချည်းပါပဲ။ ကျွန်မရဲ့ မိသားစုကလည်း သူတို့ကို ယုံကြည်လေးစားကြပါတယ်။ အဲဒါကြောင့် ကလေးတစ်ယောက်ဖြစ်တဲ့ ကျွန်မက သူတို့ကိုမယုံကြည် မလေးစားစရာအကြောင်း မရှိခဲ့ပါဘူး။
ကျွန်မက လူတွေနဲ့ ခင်မင်ရင်းနှီးလွယ်ပြီး လူကြားထဲသွားလာရတာ ပျော်တတ်တဲ့ကလေးမျိုး ဖြစ်ပါတယ်။ ကျွန်မအလွန်ခင်မင်ခဲ့မိဖူးတဲ့ ကျွန်မအစ်ကိုရဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရမိပါတယ်။ သူက ကျွန်မ တစ်ယောက်တည်းရှိနေတဲ့ အချိန်တွေမှာ ကျွန်မရဲ့နှုတ်ခမ်းကို နမ်းလေ့ရှိပါတယ်။ အဲဒီလို နမ်းတာမျိုးကို ကျွန်မမကြိုက်ပါဘူး။ အဲဒါက ထူးဆန်းပြီး၊ မမှန်ကန်တဲ့အပြုအမူလို့ ကျွန်မခံစားရပါတယ်။ ကျွန်မအဖေရဲ့ သူငယ်ချင်း တစ်ယောက်ကတော့ အလွန်ကို ဖော်ရွေတဲ့သူပါ။ သူက ကျွန်မကိုတင်းတင်းကျပ်ကျပ် ဖက်လေ့ရှိတယ်။ ကျွန်မတို့ နှစ်ယောက်တည်းရှိတဲ့ အချိန်တွေဆိုရင် သူက ထူးဆန်းတဲ့နည်းလမ်းနဲ့ သူ့ခန္ဓာကိုယ်ကို ကျွန်မခန္ဓာကိုယ်နဲ့ ပွတ်တိုက်ပြီး ထူးဆန်းတဲ့ ပုံစံနဲ့နမ်းတတ်ပါတယ်။ သူအဲဒီလိုလုပ်တိုင်း ကျွန်မရဲ့အတွင်းစိတ်ထဲက တွန်းလှန်နေမိပါတယ်။ အစပိုင်းမှာ ကျွန်မသူ့ကို ခင်မင်ခဲ့မိပေမယ့် နောက်ပိုင်းမှာ သူ့ကိုကြောက်ပြီး ရှောင်ဖြစ်ခဲ့ပါတယ်။
အသက် ၇၀ လောက်ရှိတဲ့ လူကြီးလူကောင်းတစ်ယောက်က ကျွန်မတို့အိမ်ကိုလာပြီး ကျွန်မကို အင်္ဂလိပ်စာသင်ပေးလေ့ ရှိပါတယ်။ သူက အင်္ဂလိပ်လူမျိုး ဒါမှမဟုတ်၊ အင်္ဂလိပ် - အန္ဒိယကပြား လူမျိုးဖြစ်ပုံရပါတယ်။ သူက ကျွန်မကို သူ့ခန္ဓာကိုယ်နဲ့ အတင်းဆွဲကပ်ဖက်ထားပြီး နှုတ်ခမ်းကို နမ်းလေ့ရှိပါတယ်။ အဲဒီလိုလုပ်တဲ့ အချိန်တိုင်းမှာ သူ့မျက်နှာနဲ့အသက်ရှူတဲ့ပုံစံက အလွန်ကိုထူးဆန်းပါတယ်။ ကျွန်မက ကျွန်မအဖေကို ကျွန်မက သူနဲ့စာမသင်ချင်ဘူးလို့ ပြောဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ အဲဒီလိုပြောတိုင်း အဖေက “ဘာဖြစ်တယ် .. သူက ဆရာကောင်းတစ်ယောက်လေ၊ သူ့အင်္ဂလိပ်စာက အရမ်းကောင်းတာ၊ ပြီးတော့ သူက သမီးကိုအလကား သင်ပေးတာ” လို့ ပြန်ပြောတတ်ပါတယ်။ ကျွန်မ အဖေ့ကို ဘယ်လိုရှင်းပြရမယ်မှန်း မသိခဲ့ပါဘူး။ ဒါပေမဲ့ ကံကောင်းစွာနဲ့ အဲဒီလူ နာမကျန်းဖြစ်ပြီး အိမ်ကို မလာနိုင်တော့ပါဘူး။ ဘုရားသခင် ဒါမှမဟုတ်ရင် နတ်ကောင်းနတ်မြတ်တွေက ကျွန်မ ဆုတောင်းကိုကြားသွားခဲ့တယ်လို့ ခံစားရပါတယ်။
အခြား ‘လူကြီးလူကောင်း’ တစ်ယောက်ဖြစ်တဲ့ ကျွန်မတို့အိမ်မှာ လာလာနေတတ်တဲ့ ခပ်ဝေးဝေးဆွေမျိုးထဲက ဦးလေးတစ်ယောက်ကို သတိရမိပါတယ်။ သူက ကျွန်မတို့ကို အတော်လေးချစ်ပါတယ်။ ကျွန်မလည်း သူ့ကိုခင်ပြီး သူ့အနားမှာနေရတာ သဘောကျပါတယ်။ ကျွန်မတို့ သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။ တစ်နေ့မှာ ကျွန်မက သူ့ပေါင်ပေါ်မှာထိုင်ပြီး၊ သူစာဖတ်ပြတာကို နားထောင်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ သူက သူ့လက်မကို ကျွန်မဘောင်းဘီထဲ ရုတ်တရက် ထိုးထည့်လိုက်ပါတယ်။ ကျွန်မနာကျင်ပြီး အလွန်အမင်း ထိတ်လန့်သွားပါတယ်။
သူ့ပေါင်ပေါ်ကနေ ခုန်ထပြီး အဝေးကို ထွက်ပြေးခဲ့မိပါတယ်။ သူက ဘာမှမပြောပါဘူး။ ကျွန်မမှာ ထူးဆန်းတဲ့ကြောက်ရွံ့ ထိတ်လန့်မှုတွေနဲ့ စိတ်မချမ်းမြေ့မှုတွေကို ခံစားခဲ့ရပါတယ်။ သူက ဘာမှမဖြစ်ခဲ့သလို ကျွန်မကို အရင်အတိုင်း ပြောဆိုဆက်ဆံနေပေမယ့် ကျွန်မကတော့ ကြောက်ရွံ့ထိတ်လန့်နေခဲ့ရပါတယ်။ မေးခွန်းတွေအများကြီး ကျွန်မခေါင်းထဲမှာ ရှိနေခဲ့ပါတယ်။ သူဘာကြောင့် အဲဒီလိုလုပ်ခဲ့တာလဲ။ သူ ကျွန်မအပေါ်မှာ ခင်မင်ရင်းနှီးပြခဲ့တာ အဲဒါကြောင့်လား။ သူက လူကောင်းမဟုတ်ဘူးလား။ ကျွန်မဘယ်လို နေထိုင်ပြုမူသင့်သလဲ။
သူ့အနားကို ကျွန်မသွားသင့်သလား၊ မသွားသင့်ဘူးလား။ ကျွန်မက သူ့ကိုအလွန်ကို ခင်မင်နေခဲ့တဲ့အတွက် သူ့ကိုမကောင်းမတွေးချင်သလို၊ တိုင်လည်း မတိုင်ချင်ခဲ့ပါဘူး။ အဲဒီလိုဖြစ်ခဲ့တာ အလွန်အမင်း ကြာနေခဲ့ပြီမို့ အဲဒီအချိန်မှာ ကျွန်မဘယ်လိုတွေ ခံစားခဲ့ရတယ်၊ ဘယ်လိုတွေ တုံ့ပြန်ခဲ့တယ်ဆိုတာတွေကို ကောင်းကောင်း မမှတ်မိတော့ပါဘူး။ ကျွန်မမှာ ဆီမာလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ ကျွန်မတို့နှစ်ယောက်က အခြားသူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို အတူတူသွားကစားကြလေ့ ရှိပါတယ်။ အဲဒီသူငယ်ချင်းရဲ့ အစ်ကိုက မကြာခဏဆိုသလို ကျွန်မတို့ရဲ့ ကစားပွဲတွေမှာ ဝင်ပါလေ့ရှိပါတယ်။ သူက ကျွန်မတို့အတွက် သကြားလုံးတွေလည်း ဝယ်လာတတ်ပါတယ်။ ကျွန်မတို့ ကစားနေစဉ်မှာ သူကဆီမာကို သူ့ပေါင်ပေါ်တင်ပြီး စကားပြောလေ့ရှိပါတယ်။ အောက်ပိုင်းကို မဖွယ်မရာပြုလုပ်တယ်လို့ ပြောပြပါတယ်။ အဲဒီဖြစ်ရပ်က ဆီမာ့ကို အလွန်အမင်း ထိခိုက်ခံစားစေခဲ့တဲ့အတွက် ဆီမာက သူ့ဆီက ထွက်ပြေးလာခဲ့ပါသတဲ့။ အဲဒီလိုဖြစ်ပြီး နောက်ပိုင်း ကျွန်မတို့ အဲဒီလူကို ကြောက်ရွံ့ထိတ်လန့်နေခဲ့ကြပါတယ်။ အဲဒီလူကြောင့် ကျွန်မတို့ သူငယ်ချင်းရဲ့အိမ်ကိုလည်း သွားမကစားကြတော့ပါဘူး။
အခြားလူတစ်ယောက်နဲ့ အခြားအဖြစ်အပျက်တစ်ခုကို ကျွန်မသတိရလိုက်မိပါတယ်။ အခြားသူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို ကျွန်မသွားကစားလေ့ ရှိပါသေးတယ်။ ကျွန်မတို့နှစ်ယောက် နာရီပေါင်းများစွာ အတူကစားကြလေ့ ရှိပါတယ်။ ရုံးပိတ်ရက်တွေမှာတော့ သူငယ်ချင်းရဲ့အဖေက ကျွန်မတို့နဲ့အတူတူ ဝင်ကစားလေ့ရှိပါတယ်။ သူနဲ့ကစားရတာ ပျော်ဖို့အလွန်ကောင်းပါတယ်။ ကျွန်မက သူဟာ အခြားအဖေတွေနဲ့ မတူဘူး၊ သိပ်ကို ခင်စရာကောင်းတဲ့သူလို့ ယူဆခဲ့မိပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ အဲဒီလူက ကျွန်မကို ရုပ်ဆိုးတဲ့နည်းလမ်းနဲ့ တို့ထိခဲ့ပါတယ်။ ကျွန်မအလွန် စိတ်အနှောင့်အယှက်ဖြစ်၊ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကျွန်မသူငယ်ချင်း အဖေရဲ့အပြုအမူကြောင့် ကျွန်မအဲဒီသူငယ်ချင်းအိမ်မှာ သွားကစားတာကို ရပ်ပစ်ခဲ့ရပါတယ်။ အဲဒီလိုဖြစ်ပြီးတဲ့ကာလမှာ ကျွန်မကိုယ့်ဘာသာကိုယ် ပြန်မေးမိပါတယ်။ ကျွန်မသူငယ်ချင်းရဲ့ အဖေက သူ့သမီးကိုရောအဲဒီလို လုပ်တတ်သလား။ တကယ်လို့သာလုပ်ခဲ့ရင် သူဘယ်လိုထွက်ပြေးမလဲ။ ကျွန်မက အဲဒီအိမ်ကိုသွားတာ ရပ်လိုက်လို့ရပေမယ့် သူကတော့ ဘယ်ကိုမှထွက်ပြေးလို့မရ။ အတွေးနဲ့တင် ကျွန်မကြောက်ရွံ့ တုန်လှုပ်မိခဲ့ပါတယ် ကျွန်မနားမလည်နိုင်မှုများစွာနဲ့ နေခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်တွေနဲ့ ကြုံခဲ့ရတဲ့ကာလတွေက ကျွန်မအသက် ငါးနှစ်နဲ့ ၁၀ နှစ်ကြားမှာပါ။ ငယ်ရွယ်ပေမယ့် အဲဒီအထိ အတွေ့တွေက ညစ်ညမ်းတယ်၊ မှားတယ်လို့ ကျွန်မသိနားလည်ခဲ့ပါတယ်။ ကျွန်မကို မကောင်းတဲ့ပုံစံနဲ့ တို့ထိခဲ့တဲ့ ယောက်ျားတွေဟာလည်း မကောင်းတဲ့သူတွေလို့ ကျွန်မသိရှိ ခံစားခဲ့ရပါတယ်။ သူတို့က ကျွန်မကိုအသုံးချဖို့ ကြိုးစားခဲ့ကြတယ်။ တစ်ခါတစ်ရံမှာ ကျွန်မနဲ့ရော၊ ကျွန်မမိသားစုနဲ့ပါ ရင်းရင်းနှီးနှီးရှိတဲ့ ဒီလိုလူမျိုးတွေက ဘာကြောင့်ကျွန်မကို အဲဒီလိုလုပ်ကြသလဲလို့ တွေးမိတတ်ပါတယ်။ အခုအချိန်အထိ ကျွန်မမှာနားလည်ဖို့ အလွန်ကိုခက်ခဲနေဆဲမို့ ဘယ်သူတွေကကောင်းတယ်၊ ဘယ်သူတွေက ဆိုးတယ်ဆိုတာကို ပြောနိုင်စွမ်းမရှိပါဘူး။
ကျွန်မကြီးပြင်းလာတဲ့အချိန်မှာ မိန်းကလေးတွေသာ မဟုတ်ဘဲ ယောက်ျားလေးတွေကလည်း လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုတွေကို ခံစားကြရတယ်လို့ သိရှိလာခဲ့ပါတယ်။ သူတို့ကို မိသားစုဝင်ထဲက၊ ကျောင်းက၊ အထူးသဖြင့် ကျောင်းအိပ်ကျောင်းစားနေရတဲ့ ကျောင်းတွေက၊ လုပ်ငန်းခွင်က၊ စခန်းသွင်း လေ့ကျင့်တဲ့နေရာတွေက အသက်ပိုကြီးတဲ့ ယောက်ျားတွေက မဖွယ်မရာပြုမူလေ့ ရှိကြပါတယ်။
ကျွန်မက ကျွန်မကို မဖွယ်မရာပြုမူခဲ့ကြတဲ့ ဦးလေးတွေ၊ ဆရာတွေ၊ မိသားစုရဲ့ မိတ်ဆွေတွေကို တွေ့ရတိုင်း နူးညံ့သိမ်မွေ့တဲ့ မျက်နှာဖုံးစွပ်ထားကြတဲ့ ယုတ်မာတဲ့လူသားတွေလို့ ခံစားမိပါတယ်။ ကျွန်မရဲ့ အခြားမိသားစုဝင်တွေက သူတို့ရဲ့ မျက်နှာဖုံးနောက်ကွယ်ကို မြင်နိုင်စွမ်းမရှိကြပါဘူး။ သူတို့ရဲ့ သရုပ်သဏ္ဌာန်အစစ်အမှန်ကို သိထားတဲ့ကျွန်မကသာ စိတ်ရှုပ်၊ စိတ်တိုပြီး၊ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေခဲ့ရတာပါ။
ကျွန်မက ဇဝေဇဝါဖြစ်နေခဲ့တဲ့အတွက် ဘယ်သူ့ကိုမှ အဲဒီဖြစ်ရပ်တွေကို ပြန်ပြောပြနိုင်စွမ်း မရှိခဲ့ပါဘူး။ ကျွန်မဘယ်လိုပြောရမယ်ဆိုတာကိုလည်း မသိခဲ့ပါဘူး။ ကျွန်မတွေ့ကြုံခဲ့ရတာတွေကို ပြန်ပြောပြဖို့ သင့်တော်တဲ့ စကားလုံးတွေကိုလည်းရှာလို့ ရခဲ့ပုံမပေါ်ပါဘူး။ ကျွန်မ ဘယ်လိုပြောရမလဲ၊ ဘယ်လိုရှင်းပြရမလဲ၊ ပြောပြရင်ရော ကျွန်မကိုယုံကြပါ့မလား။ ကျွန်မကြောက်ရွံ့နေခဲ့တဲ့အတွက်၊ ကျွန်မအပေါ် မကောင်းခဲ့တဲ့သူတွေကို တတ်နိုင်သမျှ ရှောင်ခဲ့ပြီး၊ အခြားယောက်ျားတွေကို သတိထားပြီးနေခဲ့တာမျိုးကိုပဲ လုပ်နိုင်ခဲ့ပါတယ်။
သူတော်ကောင်းယောင်ဆောင်ပြီး မျက်နှာဖုံးတွေတပ်ထားတဲ့ ညစ်ညမ်းတဲ့ယောက်ျားတွေကို ကျွန်မကြောက်ရွံ့မုန်းတီးခဲ့ပါတယ်။ သူတို့ကို အပြစ်ပေးဖို့၊ လက်စားချေဖို့ နည်းလမ်းတွေကို အကြိမ်ကြိမ် ကြံစည်တွေးတောခဲ့ဖူးပါတယ်။ ကျွန်မရဲ့ရင်ထဲမှာ ဒေါသတွေ၊ မုန်းတီးမှုတွေကို နှစ်ပေါင်းများစွာ သယ်ဆောင်ထားခဲ့ပေမယ့် ကျွန်မရဲ့ နှုတ်ဆိတ်နေမှုကိုတော့ မဖြိုခွင်းနိုင်ခဲ့ပါဘူး။ ကျွန်မ အရွယ်ရောက်ပြီးချိန်မှာလည်း ယောက်ျားမြောက်မြားစွာက သူတို့ရဲ့ညစ်ညမ်းတဲ့ လှည့်ကွက်တွေကိုသုံးဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။ အခုအချိန်မှာ ကျွန်မက ပိုမိုသန်စွမ်းလာပြီး ပိုမိုဂရုစိုက်တတ်လာပါတယ်။

Most Read

Most Recent