နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ယနေ့ မိန့်ခွန်းပြောကြားမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ယနေ့ မိန့်ခွန်းပြောကြားမည်
Published 21 September 2016
ငြိမ်းကို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ယနေ့ (စက်တင်ဘာ ၂၁ ရက်) ၌ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
 
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများက အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်ကို စက်တင်ဘာ ၂၀ ရက် ဒေသစံတော်ချိန် ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲ တစ်ဦးအတွက် မိန့်ခွန်းပြောကြားချိန် ၁၅ မိနစ် ကန့်သတ်ထားကြောင်း သိရသည်။
 
နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများက နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားခြင်း ဖြစ်သည့်အတွက် အလေးပေး ဆွေးနွေးမည့် ဘာသာရပ်ခေါင်းစဉ်ကို နှစ်စဉ် ရွေးချယ်သတ်မှတ်လေ့ ရှိကြောင်းနှင့် ယခုနှစ်အတွက် ဘာသာရပ်ခေါင်းစဉ်မှာ “ The Sustainable Development Goals: a universal push to transform our world ” ဖြစ် ကြောင်း သိရသည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (စက်တင်ဘာ ၂၁ ရက်) နံနက်ပိုင်းအတွက် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမည့် ပုဂ္ဂိုလ်များစာရင်းအရ (၁၄) ဦးမြောက် မိန့်ခွန်းပြောကြားမည့်သူ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
အဆိုပါ မိန့်ခွန်းပြောကြားမှုကို ရိုက်တာ သတင်းအေဂျင်စီမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်သွယ်ရယူပြီး ယနေ့ စက်တင်ဘာ ၂၁ ရက် မြန်မာစံတော်ချိန် ခန့်မှန်းည ၁၀ နာရီ ၄၅ မိနစ်တွင် မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 
 
ကုလသမဂ္ဂ အထွေထွေညီလာခံကို နှစ်စဉ် စက်တင်ဘာလ တတိယရက်သတ္တပတ်၏ အင်္ဂါနေ့တွင် စတင်ကျင်းပလေ့ရှိပြီး အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်ကို အထွေထွေညီလာခံ ဖွင့်လှစ်သည့် ရက်သတ္တပတ်ပြီးနောက် ကျရောက်သည့် အင်္ဂါနေ့တွင် စတင်ပြီး ကိုးရက်ကြာ (9 working days) ကျင်းပကြောင်း သိရသည်။ 
 
ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် နယူးယောက်မြို့တွင် ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၉ ရက် ဒေသစံတော်ချိန် ၉  နာရီခွဲ တွင် United Nations Educational, Scientific and Cultural Organization (UNE-SCO) ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Ms. Irina Bokova နှင့်လည်းကောင်း၊ ၁၀ နာရီတွင် ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Lars  Løkke Rasmussen  နှင့်လည်းကောင်း၊ ၁၀ နာရီခွဲတွင် မက္ကဆီကိုနိုင်ငံ သမ္မတ  H.E.Mr.Enrique Peña Nieto နှင့်လည်းကောင်း၊ ၁၁ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် H.E. Ms.Sheikh Hasina နှင့် လည်းကောင်း ကုလသမဂ္ဂဌာနချုပ်တွင် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရပြီး ဆွေးနွေးမှုများကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ 
 

Most Read

Most Recent