အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်များ ရေးဆွဲရေး အလုပ်အဖွဲ့ကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်း

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်များ ရေးဆွဲရေး အလုပ်အဖွဲ့ကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်း
သြဂုတ် ၂၁ ရက်က ပြုလုပ်သော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို တွေ့ရစဉ်
သြဂုတ် ၂၁ ရက်က ပြုလုပ်သော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို တွေ့ရစဉ်
Published 18 September 2016
ဝီရမိုးနေ

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီစ သည့် အစုအဖွဲ့များမှ ကိုယ်စားလှယ် သုံးဦးစီပါဝင်သည့် အလုပ်အဖွဲ့တစ်ခုကို စက်တင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ ပြုလုပ်သော နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း ပဉ္စမအကြိမ် အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်အဖွဲ့သည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များ ကျင်းပပုံကျင်းပနည်း အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်မည့်သူများနှင့် ဆွေးနွေး မည့် အကြောင်းအရာများ စသည်တို့နှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်ရမည်ကို ရေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်ရေးဆွဲရေး အလုပ်အဖွဲ့ဝင် တစ်ဦးဖြစ်သည့်   နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဦးစိုင်းကျော်ညွန့်က “အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လုပ်ဖို့က အရင်အစိုးရမူနဲ့ အခုအစိုးရမူကလည်း မတူဘူး။ အရင်အစိုးရမူမှာကတော့ ကျွန်တော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံရှိမယ်။ ငြိမ်း ချမ်းရေးညီလာခံ ကိုယ်စားလှယ်တွေ နဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီရှိမယ်။ ပြီးရင် အဲဒီလုပ်ငန်း ကော်မတီက ကြီးကြပ်လမ်းညွှန်တယ်ဆိုတဲ့ ပုံစံလောက်ပဲရှိတယ်။ အခုက ကျွန်တော် တို့ ဘယ်လောက်အထိ စဉ်းစားသလဲ ဆိုတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပတာတော့ ဟုတ်ပါပြီ။ ဘယ်လိုကျင်းပမလဲ။ကျင်းပတဲ့အချိန်မှာ ဘယ်သူတွေပါ ဝင်ခွင့်ရှိမလဲ၊ ဘယ်လိုဆုံးဖြတ်မှုတွေ ချမလဲဆိုတာကအစ အကုန်စဉ်းစားရပါတယ်။ မဟုတ်ဘူးဆိုရင် ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်။ ပြည်နယ်တစ်ခုမှာ ဒေသတစ်ခုမှာ လူ လေး၊ ငါး၊ ၁၀ ယောက်နဲ့ ကျင်းပ ပြီးတော့ ဒါက သူတို့ကိုယ်စားပြုတယ် ဆိုတဲ့ဟာတွေပြောလာရင် ဘယ်လိုလုပ်ကြမလဲ။ အဲဒီတော့ ဆုံးဖြတ်ချက် ရှိဖို့လိုတယ်” ဟု ပြောကြားသည်။
အဆိုပါ အလုပ်အဖွဲ့အနေဖြင့် လုပ်ငန်းလမ်းညွှန်မူကြမ်းကို ရန်ကုန်မြို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် စက်တင်ဘာ ၁၇ ရက်မှ စတင်ကာ ရေးဆွဲလျက်ရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီကိုးဦးကော်မတီကနေပြီးတော့ ဆွေးနွေးမယ်။ ဆွေးနွေးပြီးတော့ ဖြစ်သင့်တဲ့ အခု ဒီအစည်းအဝေးမှာ ချမှတ်ပေးလိုက်တဲ့ လမ်းညွှန်ချက်တွေ ညွှန်ကြားချက်တွေအတိုင်း အဲဒါအားလုံးကို အံဝင်ခွင်ကျဖြစ်အောင် ကျွန်တော်တို့က မူကြမ်းတွေချပြရမှာပေါ့။ ကျွန်တော်တို့ ကိုးဦးကလည်း အဲဒါကို အတည်ပြုခွင့် မရှိဘူး။ အဲဒါကို အပေါ်ကို ပြန်တင်ပြီးတော့ ရေရှည်သွားမယ့် လမ်းကြောင်းမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲက ဒီပုံစံနဲ့သွားပါတော့မယ်ဆိုတဲ့ အဲဒီအချိန်ကျမှသာလျှင် အဲဒီအချိန်ကျတော့လည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲက ဒီလိုသွားပါမယ် ဆိုတာပဲ ဖြစ်လိမ့်ဦးမယ်” ဟု ဦးစိုင်းကျော်ညွန့်က ရှင်းပြသည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန် ရေးဆွဲရေး အလုပ်အဖွဲ့ကို အစိုးရအစုအဖွဲ့မှ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦးနှင့် ဗိုလ်မှူးချုပ်စိန်ထွန်းလှ၊ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒေါက်တာဆလိုင်းလျန်မှုန်း၊ ရဲဘော် မျိုးဝင်းနှင့် ဦးခွန်မြင့်ထွန်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဦးစိုင်းကျော်ညွန့်၊ ဦးကျော်ဇေယျာဦး၊ ဦးတာလှဖေ စသည့်ကိုယ်စားလှယ် ကိုးဦးဖြင့် ဖွဲ့စည်းထားကြောင်း ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ၏ ပထမအကြိမ် အစည်းအဝေးကို နေပြည်တော်တွင် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ လေးရက်ကြာ ပြုလုပ်ခဲ့ပြီး ထိုညီလာခံမှ သဘောထားများကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ပြုလုပ်သွားမည်ဖြစ်ကာ ခြောက်လအတွင်း ညီလာခံထပ်မံ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent