မြိုင်ကြီးငူ-မဲသဝေါ နယ်မြေရှင်းလင်းမှုများနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် NCA စာချုပ်ပါ အချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

မြိုင်ကြီးငူ-မဲသဝေါ နယ်မြေရှင်းလင်းမှုများနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် NCA စာချုပ်ပါ အချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
KKO  ခွဲထွက်အဖွဲ့က မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်သည့် နေရာနှင့် တိုက်ပွဲဖြစ်ပွားရာနေရာပြမြေပုံ
KKO ခွဲထွက်အဖွဲ့က မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်သည့် နေရာနှင့် တိုက်ပွဲဖြစ်ပွားရာနေရာပြမြေပုံ
Published 17 September 2016

မြိုင်ကြီးငူ-မဲသဝေါ နယ်မြေရှင်းလင်းမှုများနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် NCA စာချုပ်ပါ အချက်အလက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်နေကြောင်း ကကပြည် (တပ်မတော် ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန) မှ စက်တင်ဘာ ၁၆ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကောင်းမူကျေးရွာနှင့် အနီးတစ်ဝိုက်တွင် ကလိုထူးဘော ကရင်အစည်းအရုံး (KKO)အဖွဲ့မှ ကျော်သက်နှင့် ဆန်းအောင် ခေါင်းဆောင်သော KKO (ခွဲထွက်)အဖွဲ့သည် မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ် ကားလမ်းတွင် တရားမဝင် အကောက်စခန်းများ ဖွင့်လှစ်၍ ခရီးသွားပြည်သူများထံမှ ငွေကြေး အဓမ္မကောက်ခံခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်နယ်အစိုးရနှင့် တပ်မတော်က အကြိမ်ကြိမ် သတိပေး အကြောင်းကြားခဲ့သော်လည်း လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အပြင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့၏ ခရီးစဉ်ယာဉ်တန်းများကိုပါ တားဆီးနှောင့်ယှက်ခြင်း၊ လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်သည့် တပ်မတော် စစ်ကြောင်းများကိုပါ နှောင့်ယှက် တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသည့်အတွက် ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း တပ်မတော်စစ်ကြောင်းများက အဆိုပါ KKO (ခွဲထွက်)အဖွဲ့ကို ယင်းနယ်မြေမှ အပြီးအပိုင် တိုက်ခိုက်ရှင်းလင်း ဖယ်ရှားခဲ့ရာ နယ်မြေတည်ငြိမ်အေးချမ်းခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။အဆိုပါ KKO (ခွဲထွက်) အဖွဲ့မှ နားမကြား ခေါင်းဆောင်သော အင်အားစုတချို့သည် ယခုနှစ်ဆန်းပိုင်းအတွင်းက ကော့ကရိတ်မြို့နယ်အတွင်း ကောင်းမူကျေးရွာ တစ်ဝိုက်သို့ ပြန်လည် စိမ့်ဝင်လာသည့် သတင်းများ ရရှိသဖြင့် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများကို ဆောင်ရွက်စဉ် ယခုနှစ် သြဂုတ် ၂၁ ရက်တွင် ဘားအံမှ မြဝတီသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော်ယာဉ်တန်းကို ကျုံဒိုးနှင့် ကော့ကရိတ်အကြား ကြာအင်းဆိပ်ကြီး လမ်းခွဲအနီး၌ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်သဖြင့် တပ်မတော်ပိုင် မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့သည်။ အလားတူ ဘားအံမြို့ စက်မှုဇုန်ရှိ မဟာဘားအံ အထည်ချုပ်စက်ရုံအနီးတွင် မိုင်းထောင် ဖောက်ခွဲခဲ့သည်ဟု ထုတ်ပြန်မှုတွင် ဖော်ပြသည်။သြဂုတ် ၂၉ ရက်တွင် ကောင်းမူကျေးရွာ အရှေ့ဘက် ၄ မိုင်ခန့်အကွာ၌ ဆင်ကျောင်းနေသော ဒေသခံ ငါးဦးနှင့် ဆင်နှစ်ကောင်ကို နားမကြား ဦးစီးသည့် KKO (ခွဲထွက်) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားမှုကို  လိုက်လံရှင်းလင်းသော နယ်မြေခံ နယ်ခြားစောင့်တပ် နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဒေသခံများနှင့် ဆင်နှစ်ကောင်ကို ပြန်လည် ကယ်ဆယ်နိုင်ခဲ့ပြီး တိုက်ပွဲဖြစ်စဉ်တွင် KKO (ခွဲထွက်) အဖွဲ့မှ နားမကြားဆိုသူ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ KKO (ခွဲထွက်)အဖွဲ့က နိုင်ငံတော်နှင့် တပ်မတော်အပေါ် အတိအလင်း စစ်ကြေငြာသည့် သဘောသက်ရောက်သည့် ထုတ်ပြန်ကြေညာချက်(၃/၂၀၁၆)ကို ထုတ်ပြန်ခဲ့သကဲ့သို့ စက်တင်ဘာ ၃ ရက်တွင် မြိုင်ကြီးငူ-မဲသဝေါ ကားလမ်းရင်းပိုင်တံတား လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် ရင်းပိုင်-မဲဆိပ်နယ်မြေရှိ နယ်ခြားစောင့် တပ်စခန်းများကို လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းများ စတင်ဆောင်ရွက်ခဲ့သည်။စက်တင်ဘာ ၄ ရက်မှ စက်တင်ဘာ ၈ ရက် အထိ တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် တပ်စခန်းများကို လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ကော့ကရိတ်မြို့ မီးသတ်ဦးစီးဌာနတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ ဆက်လက် ဆောင်ရွက်လာခဲ့သဖြင့် စက်တင်ဘာ ၁၁ ရက်တွင် ဝါးဘိုးတောင်-ကျုံထော်နယ်မြေနှင့် မဲသဝေါနယ်မြေသို့ အကန့်အသတ် ရည်မှန်းချက် သတ်မှတ်ပေးကာ တပ်သွင်းရှင်းလင်းစေရာ စက်တင်ဘာ ၁၅ ရက်အထိ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။တပ်မတော်အနေဖြင့် နယ်မြေအကန့်အသတ်ဖြင့် ရှင်းလင်းခြင်းအပေါ် အချို့သော အဖွဲ့အစည်းများမှ မြေပြင်ဖြစ်စဉ်ဖြစ်ရပ်များကို မျက်ကွယ်ပြုလျက် NCA နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုကိုသော် လည်းကောင်း၊ ဒေသခံ ပြည်သူများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နားလည်မှုနှင့် ယုံကြည်မှုပျက်ပြားမှုကို စိုးရိမ်သည့်အနေဖြင့်သော် လည်းကောင်း သဘောထား အသီးသီး ထုတ်ပြန်နေကြကြောင်း တွေ့ရှိရပြီး တပ်မတော်အနေဖြင့် NCA စာချုပ်ပါ အချက်အလက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်လျက် ရှိသည့်အပြင် ယခု နယ်မြေအကန့်အသတ်နှင့် ရှင်းလင်းသည့်နေရာမှာလည်း KKO (ခွဲထွက်)အဖွဲ့များ အခြေပြု လှုပ်ရှားလျက်ရှိသည့် မြိုင်ကြီးငူမှ မဲသဝေါအထိ ကားလမ်းတစ်လျှောက်သာ ဖြစ်သည့်အပြင် တိုက်ပွဲနယ်မြေအတွင်းမှ ခေတ္တတိမ်းရှောင်လာသည့် ပြည်သူ ၃၈၇၄ ဦးတို့အား မြိုင်ကြီးငူဒေသတွင် ခေတ္တနေရာချလျက် ဆေးဝါးကုသပေးခြင်း၊ ထောက်ပံ့ကူညီခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent