ပါတီကို စော်ကားပါက လိုအပ်လျှင် အာဏာရှင်ဆန်ရမည်ဟု ဦးဝင်းထိန် ပြောကြား

ပါတီကို စော်ကားပါက လိုအပ်လျှင် အာဏာရှင်ဆန်ရမည်ဟု ဦးဝင်းထိန် ပြောကြား
Published 9 September 2016

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို စော်ကားပါက လိုအပ်လျှင် အာဏာရှင်ဆန်ရမည်ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။ရှမ်းပြည်နယ်မှ ပါတီဝင်များကို ထုတ်ပယ်ခြင်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်နေမှုအပေါ် ဦးဝင်းထိန်က တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဦးဝင်းထိန်က “သူတို့က ပါတီကို စော်ကားနေတာ၊ လိုအပ်ရင် အာဏာရှင်ဆန်ရမယ်”ဟု ပြောသည်ဟု ဧရာဝတီသတင်းတွင် ဖော်ပြထားသည်။ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးတင်မောင်တိုးအား ပါတီအကြောင်း Facebook ပေါ်တင်သည်ဟုဆိုကာ စက်တင်ဘာ ၄ ရက်တွင် NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ဦးတင်မောင်တိုးအား ပါတီစည်းကမ်းနှင့် ညီညွတ်ခြင်းမရှိဘဲ ပြောဆိုခဲ့သဖြင့် ရာထူးမှ ထုတ်ပယ်ကာ အရေးယူခဲ့ခြင်းဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် စိစစ်ခြင်းမပြု ဘဲ ဦးဝင်းထိန်က နှုတ်မိန့်ဖြင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဦးတင်မောင်တိုးက စက်တင်ဘာ ၃ ရက် ညပိုင်း၌ ၎င်း၏ Facebook စာမျက်နှာပေါ်တွင် “နိုင်ငံရေးမှာ CEC မရှိဘူး။ သမိုင်းပဲရှိတယ်။ CEC က ဝယ်လို့ရတယ်။ နိုင်ငံရေးသမိုင်းက ဝယ်လို့မရဘူး။ ဒီလောက်ပဲ ပြောပါရစေ”ဟု လည်းကောင်း၊ “ရူးလို့ မိုက်လို့ နိုင်ငံရေး လုပ်နေတာလို့ စွပ်စွဲရင်လည်း ထောင်သက် ၁၀ စုနှစ်ကျော်ခဲ့ပြီ၊ အခွင့်အရေးလိုချင်လို့ နိုင်ငံရေးလုပ်တာလို့ စွပ်စွဲရင်လည်း လိုချင်ရင် သန်း ၁၀၀၀ မက၊ ခင်ဗျား ဘာလိုချင်တာလဲဆိုရင် သန်းပေါင်းများစွာသော တိုင်းရင်းသား ပြည်သူတွေရဲ့ တန်းတူညီမျှတဲ့ လူ့အခွင့်အရေး၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်နိုင်ခွင့်ရရှိရေးနဲ့ ကိုယ်ပိုင်နယ်နိမိတ် ပြဋ္ဌာန်းနိုင်ရေးကို လိုချင်တာပါ။ ပြည်နယ်တောင်းတာကတော့ မတော်လောဘလို့ပဲ ပြောပါရစေ။ ဒီလို မကျ့သကမမှာ ဟိုလူကြီးက ရှမ်းပြည်ကို ဘာလာလုပ်တာလဲဗျ။ ရှမ်း NLD တွေ သွေးမကြောင်တာတော့ ခင်ဗျားသိမှာပါ။ မနက်ဖြန် တွေ့ကြမယ်လေ” ဟု ဝေဖန်ရေးသားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ရှမ်းပြည်နယ်အတွင်းရှိ လစ်လပ်လျက်ရှိသော ရာထူးနေရာများ အစားထိုး ခန့်ထားနိုင်ရေးအတွက် ရှမ်းပြည်နယ် အလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် တောင်ကြီးမြို့သို့ ရောက်ရှိနေချိန်တွင် ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။“ပါတီမှာ အသစ်ဖွဲ့ဖို့ ညွှန်ကြားချက် မရှိဘူး။ CEC အလုပ်အမှုဆောင်အဖွဲ့ရဲ့ ညွှန်ကြားမှုက အစားထိုး လစ်လပ်ဖြည့်တင်းဖို့ပဲ ရှိတယ်။ ဒါကို ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးကလည်း ဗဟိုကို တင်ထားပြီးသား။ ဒါကို စာတစ်ရွက်မှ မပါလာဘဲနဲ့ ပြည်နယ်အလုပ်အမှုဆောင်အသစ် ပြန်ရွေးမယ်ဆိုတော့ လက်မခံနိုင်ဘူး။ အာဏာရ နိုင်ငံရေးပါတီ ဖြစ်နေပြီလေ။ ကလေးကစားသလို လုပ်နေလို့ မရဘူး။ အဲဒါပြောလို့ ကျွန်တော့်ကို ပါတီက ထုတ်တယ်။ လက်ခံတယ် ထုတ်။ ဒါပေမဲ့ ဘာအပြစ်ရှိသလဲဆိုတာ စည်းကမ်းထိန်းသိမ်းရေးနဲ့ စစ်ဆေး။ စစ်ဆေး အဖြေရှာပြီးတော့မှ ထုတ်။ ပြည်သူတွေအတွက် လုပ်တာလား၊ နေရာရချင်လို့ လုပ်တာလား။ ရတယ် ကျွန်တော်တို့ကို ထုတ်လိုက် ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ လုပ်လာတာ နှစ်ပေါင်း ၂၆ နှစ် ကျော်ပြီ။ အခုလို  CEC က စည်းမျဉ်းစည်းကမ်း မညီညွတ်ဘဲ အလုပ်အမှုဆောင်ဖွဲ့မယ်ဆိုတာ လုံး၀ လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ CEC က ငွေပေးဝယ်လို့ ရတယ်။နိုင်ငံရေးသမိုင်းကို ငွေပေးဝယ်လို့ မရဘူးလို့ ရေးလိုက်တာ အဲဒါကြောင့် ထုတ်တယ်” ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောကြားထားသည်။ဦးတင်မောင်တိုးအား ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က “နှုတ်မိန့် မဟုတ်ဘူး။ Facebook မှာ ပိုက်ဆံရှိရင် CEC လုပ်လို့ရတယ်ဆိုပြီးတော့ CEC ကို စော်ကားတဲ့ စကား။ ဒီမှာ လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။ တချို့ ကောင်မလေးတွေ ကက်ကက်လန်အောင် ပြန်ပြောတာပဲ။ ဒီမိုကရေစီနည်းအရ အဲဒီလို မပြောဘဲ Facebook  တင်လိုက်လို့၊ ပါတီစည်းကမ်းနဲ့ မညီညွတ်လို့။ ဒီကိစ္စ ပြတ်ပြတ်သားသားလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဆီက အမိန့်ရထားပြီးသား။ ဒါကြောင့် လုပ်လိုက်တာ” ဟု တောင်ကြီးမြို့တွင် သတင်းထောက်များအား ပြောကြားထားသည်။ရှမ်းပြည်နယ် ထိပ်တန်းပါတီခေါင်းဆောင်များကို အရေးယူဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ထံ တင်ပြအစီရင်ခံပြီး ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှ ဘာမျှ မှတ်ချက်ပေး ပြောကြားခြင်းမရှိကြောင်း ဦးဝင်းထိန်က ပြောသည်ဟု ဧရာဝတီသတင်းတွင် ဖော်ပြထားသည်။ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်သို့ စက်တင်ဘာ ၉ ရက်က သွားရောက်၍ NLD ပါတီ သဘာပတိအဖွဲ့ နာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ၁၃ ဦးထံသို့ ဦးဝင်းထိန်၏ မမှန်မကန် စွပ်စွဲမှုများနှင့် ပတ်သက်သည့် ဖြေရှင်းစာအား ပေးပို့ခဲ့ကြောင်း NLD ရှမ်းပြည်နယ်ဥက္ကဋ္ဌ ရာထူးမှ ထုတ်ပယ်ခံရသည့် ဒေါ်ခင်မိုးမိုးက The Daily Eleven ကို ပြောကြားသည်။“ကျွန်မတို့ ၁၁ ရက် CEC အစည်းအဝေးမီအောင် ဖြေရှင်းစာ သွားပို့တာပါ”ဟု ဒေါ်ခင်မိုးမိုးက ပြောကြားသည်။“ကျွန်မတို့ ပါတီရဲ့ လူကြီးတစ်ယောက်ကို အရင်အစိုးရအဖွဲ့က ဝန်ကြီးတွေလိုမျိုး စကားပြောရိုင်းတာတွေ၊ ကြမ်းတာတွေ မဖြစ်စေချင်ပါဘူး။ ကျွန်မအဆင့်က သူ့ထက် အများကြီးငယ်ပါတယ်။ ကျွန်မရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာ ချို့ယွင်းချက်ကြောင့် ပါတီဂုဏ်သိက္ခာ ကျတာမျိုး မဖြစ်အောင် အမြဲတမ်း ထိန်းသွားမှာပါပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ CEC အစည်းအဝေးကို စက်တင်ဘာ ၁၁ ရက်တွင် ပြုလုပ်ရန်ရှိကြောင်း စုံစမ်းသိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်မှာ နေပြည်တော်မှ တောင်ကြီးမြို့သို့ လာရောက်ရာတွင် ပါတီ၏ ရှမ်းပြည်နယ်ဥက္ကဋ္ဌသစ်အဖြစ် ခန့်အပ်ခံထားရသူ၏ ကားဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရ သည်။  ထို့ပြင် ဦးဝင်းထိန် တောင်ကြီးမြို့သို့ ရောက်ရှိခိုက် ခေတ္တအသုံးပြုသွားသည့် မာစီဒီးကားနှင့်ပတ်သက်၍ အဆိုပါကားပိုင်ရှင်နှင့် ဦးဝင်းထိန်အကြား ဆက်စပ်မှုအပေါ် လည်း မြို့ခံများအကြား ပြောဆိုမှုများ ရှိနေသည်။

Most Read

Most Recent