ပြေရာပြေကြောင်း

ပြေရာပြေကြောင်း
Published 1 May 2016
နီမင်းဆွေ

ကမ္ဘာ့ အထင်ရှားဆုံး စာရေးဆရာ ၅၀ အဖြစ် သတ်မှတ်ခံထားရသူတွေရဲ့ စာရင်းထဲက ‘အီယန်မက်ခယူးဝမ်’ Ian McEwan ဆိုတဲ့ အင်္ဂလိပ် စာရေးဆရာ တစ်ယောက်ရဲ့ စိတ်ကူး စိတ်သန်းကို သတိပြုမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူရေးတဲ့ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်ထားတဲ့ ‘ပြေရာပြေကြောင်း’ Atonement ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းဟာ ဆန်းကြယ်ပြီး စိတ်ဝင်စားစရာ ဖြစ်နေလို့ပါပဲ။ဒီဇာတ်လမ်းဟာ ၁၉၃၅ ခုနှစ်က အင်္ဂလန်မှာ နေထိုင်တဲ့ ချမ်းသာကြွယ်ဝတဲ့ မိသားစု တစ်စု အကြောင်းကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီ မိသားစုထဲမှာ ‘ဘရိုင်ယန် နီထားလစ်စ်’ ဆိုတဲ့ ကလေးမလေးဟာ စာရေး အလွန် ဝါသနာပါပြီး အသက် ၁၃ နှစ် အရွယ်မှာတောင် ပြဇာတ် တစ်ပုဒ်ကို ရေးနိုင်တဲ့ အဆင့်ထိ ထူးချွန်နေတာကို တွေ့ရပါတယ်။ အမေ့ဘက်ကတော်တဲ့ ဝမ်းကွဲမောင်နှမ တော်စပ်တဲ့ အပျိုပေါက်အရွယ် ‘လိုလာ’ နဲ့ အသက်ရှစ်နှစ်အရွယ် အမြွှာညီအစ်ကို နှစ်ယောက်ဟာလည်း ဘရိုင်ယန်နီတို့အိမ်ကို အလည်ရောက်နေပါတယ်။ သူတို့အိမ်က အိမ်ဝန်ထမ်းရဲ့ သားဖြစ်သူ ‘ရိုဘီတန်းနား’ Jame McAvoy ဆိုသူကို အပျိုဖော် ဝင်ခါစ ဖြစ်တဲ့ ဘရိုင်ယန်နီက စိတ်ကစားနေပါတယ်။ ဒါပေမဲ့ ရိုဘီကတော့ ဘရိုင်ယန်နီရဲ့ အစ်မ ‘စီစီလျား’ Keira Nightley ကိုသာ သဘောကျနေတာပါ။ တစ်ရက်မှာတော့ ရိုဘီဟာ လက်နှိပ်စက်နဲ့ စာတစ်စောင်ရိုက်ပြီး အဲဒီစာကို စီစီလျားကို သွားပေးဖို့ ဘရိုင်ယန်နီ့ကို အကူအညီ တောင်းပါတယ်။ ဘရိုင်ယန်နီဟာ အစ်မဖြစ်သူကို အဲဒီစာ မပေးခင် စာအိတ်ကို ဖောက်ဖတ်လိုက်တဲ့အခါ စာထဲမှာ ရာဂစိတ်ကို နှိုးဆွစေတဲ့ မဖွယ်မရာ စာကြောင်းကို တွေ့လိုက်ရလို့ ထိတ်လန့်သွားပါတယ်။ အမှန်ကတော့ ရိုဘီဟာ စာတွေ အများကြီး ရိုက်ပြီး စာအိတ်ထဲကို စာထည့်တဲ့ အခါမှာ အဲဒီစာကို မှားထည့်ခဲ့မိတာဖြစ်ပြီး ဒါကိုလည်း နောင်တစ်ချိန်ကျမှ သူသိသွားခဲ့တာပါ။ စီစီလျားကလည်း ဒီစာကို သူ့ညီမ ဘရိုင်ယန်နီက ဖောက်ဖတ်ထားတယ် ဆိုတာကို သိလိုက်ရလို့ အတော် စိတ်ညစ်သွားပါတယ်။ အဲဒီအချိန်မှာ စီစီလျားရဲ့ အစ်ကိုကြီးဖြစ်သူ ‘လီယွန်’ ဟာ သူငယ်ချင်းဖြစ်သူ ချော့ကလက်စက်ရုံ ပိုင်ရှင် သူဌေး ‘ပေါမာရှယ်’ ဆိုသူကို ကားနဲ့ အိမ်ကို အလည်ခေါ်လာပါတယ်။အဲဒီ ညနေမှာပဲ စီစီလျားက ရိုဘီ့ကို သူ့ကို အဲဒီလိုစာမျိုး ပေးရကောင်းလားဆိုပြီး အိမ်က စာကြည့်တိုက်ထဲမှာ ရန်တွေ့ပါတယ်။ ရိုဘီက တောင်းပန်နေရင်းနဲ့ပဲ သူတို့နှစ်ဦးဟာ အချစ်နယ်ကျွံသွားကြပါတော့တယ်။ ဒါကိုလည်း ဘရိုင်ယန်နီက ဟနေတဲ့ တံခါးကြားကနေ အကုန်လုံး တွေ့မြင်သွားခဲ့တာပါ။ ရင်ထဲမှာလည်း ချစ်စိတ်တွေလား၊ မနာလိုစိတ်တွေလား၊ ဒေါသတွေလား၊ ဘာမှန်းညာမှန်း မသိတဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်လို့ နေပါတော့တယ်။ အဲဒီနေ့က ညစာစား အပြီးမှာ အမြွှာညီအစ်ကို နှစ်ယောက်ဟာ အစ်မဖြစ်သူ လိုလာက နှိပ်စက်လို့ဆိုပြီး အိမ်ကနေ ထွက်ပြေးသွားကြပါတယ်။ ဒါကြောင့် လူစုခွဲပြီး လက်နှိပ်ဓာတ်မီးတွေနဲ့ တောထဲမှာ လိုက်ရှာကြရပါတယ်။ ဘရိုင်ယန်နီလည်း အဲဒီလို လိုက်ရှာရင်းနဲ့ လူကွဲသွားပြီး ထွက်ပြေးလာတဲ့ လူတစ်ယောက်နဲ့ ဝင်တိုက်မိတော့မလို ဖြစ်သွားပါတယ်။ အဲဒီလူဟာ လိုလာ့ကို မတော်မတရား ပြုကျင့်ပြီး သွေးရူးတန်းရူးနဲ့ ထွက်ပြေးလာတာ ဖြစ်ပါတယ်။ မြေကြီးပေါ်မှာ လဲနေတဲ့ လိုလာဟာ သူ့ကို ဘယ်သူက ဘာတွေလုပ်လို့ လုပ်သွားမှန်း အနားရောက်လာတဲ့ ဘရိုင်ယန်နီ့ကို အသေအချာ ပြန်ပြောမပြနိုင်ပါဘူး။ ဘရိုင်ယန်နီကတော့ ရိုဘီ့ကို စိတ်လည်းကောက်နေ၊ နာလည်း နာကြည်းနေဆဲ ဖြစ်တာမို့ “ညည်းကို စော်ကားသွားတဲ့ လူဟာ ရိုဘီပဲ၊ ငါတွေ့လိုက်ရတယ်” လို့ ပြောလိုက်တဲ့ အခါမှာ လိုလာလည်း ဘာပြန်ပြောရမှန်း မသိတော့ပါဘူး။ ဒါနဲ့ပဲ ဘရိုင်ယန်နီဟာ ရိုဘီ့ လက်နှိပ်စက် နံဘေးမှာရှိတဲ့ အံဆွဲထဲက စာတွေကို လိုက်ရှာတဲ့အခါ စီစီလျားဆီကို ရေးထားတဲ့ ရာဂကို နှိုးဆွစေတဲ့ စာမျိုး နောက်တစ်စောင် ထပ်တွေ့သွားလို့ ရိုဘီ မသိအောင် ယူထားလိုက်ပြီး အဲဒီစာကို မိခင်ဖြစ်သူကိုရော ရဲစခန်းကိုပါ ပြလိုက်ပါတယ်။ နောက်ပြီး “ဒီအမှုကို ကျူးလွန်သွားတဲ့ လူဟာ ရိုဘီပဲ၊ ကျွန်မ မျက်လုံးနဲ့ကို သေသေချာချာ တွေ့လိုက်ရတာပါ” ဆိုပြီး ရဲစခန်းမှာ သက်သေပြု ထွက်ဆိုလိုက်လို့ ရိုဘီဟာ ထောင်လေးနှစ် ကျသွားပါတော့တယ်။နောက်လေးနှစ် ကြာတဲ့ အခါမှာ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပါတယ်။ အကျဉ်းသားဖြစ်တဲ့ ရိုဘီဟာ စစ်မှုထမ်းဖို့ သဘောတူလိုက်တဲ့ အတွက် ထောင်ကနေ လွတ်သွားပါတယ်။ ပြင်သစ် စစ်မြေပြင်ကို မသွားခင်လေးမှာ ရိုဘီဟာ အဲဒီအချိန်က သူနာပြုဆရာမ တာဝန် ထမ်းဆောင်နေပြီဖြစ်တဲ့ အချစ်ဟောင်း စီစီလျားနဲ့ လန်ဒန်မြို့က ကော်ဖီဆိုင် တစ်ဆိုင်ထဲမှာ မိနစ်ပိုင်းလောက် ပြန်တွေ့လိုက်ကြရပြီး ပြင်သစ်စစ်မြေပြင်ကို သွားမယ့် သင်္ဘောပေါ်ကို တက်လိုက်သွားရပါတယ်။ ဒီ့နောက် မကြာခင် ပြင်သစ် စစ်မြေပြင်မှာ ရိုဘီဟာ သူ့တပ်နဲ့ လူစုကွဲသွားလို့ ‘ဒန်းကတ်’ Dunkirk ကမ်းခြေဆီကို ခြေကျင် လျှောက်လာခဲ့ရပါတယ်။ ဒဏ်ရာလည်း ရထားလို့ အနာသက်သာအောင် ကြိတ်မှိတ် သည်းခံရင်းနဲ့ မဟာမိတ် စစ်သည်တွေကို အင်္ဂလန်ကနေ ဒန်းကတ် ကမ်းခြေကိုလာပြီး ကယ်ထုတ်ပေးမယ့် သင်္ဘောနဲ့ မိခင်နိုင်ငံကို ပြန်လိုက်ဖို့ စောင့်ဆိုင်းနေပါတယ်။ အဲဒီအချိန်မှာ ဘရိုင်ယန်နီဟာ ကိန်းဘရစ်ချ် တက္ကသိုလ်ကို ဝင်ခွင့်ရပေမယ့် သူ့ကိုယ်သူ အပြစ်ပေးတဲ့ အနေနဲ့ တက္ကသိုလ်ကို ဆက်မတက်တော့ဘဲ သူနာပြုသင်တန်းတက်ပြီး လန်ဒန်က စစ်ဆေးရုံ တစ်ခုမှာ သူနာပြု ဆရာမ ဝင်လုပ်ရင်းနဲ့ စစ်မြေပြင်မှာ ဒဏ်ရာရလာတဲ့ လူနာတွေကို အစွမ်းကုန် ပြုစုပေးနေပါတယ်။အချိန်ကာလ အတန်ကြာသွားပြီးတဲ့ အခါ ဘရိုင်ယန်နီဟာ အဲဒီအချိန်မှာ လက်ထပ်ပြီး ဖြစ်နေကြတဲ့ စီစီလျားနဲ့ ရိုဘီတို့ အိမ်ကိုသွားပြီး သူ့ကို ခွင့်လွှတ်ဖို့ လူချင်းတွေ့ပြီး တောင်းပန်ပါတယ်။ ဒါပေမဲ့ စီစီလျားကတော့ ဘယ်လောက်ပဲ တောင်းပန်တောင်းပန် ခွင့်မလွှတ်နိုင်ဘူးလို့ ပြောပါတယ်။ ရိုဘီလည်း သိပ်စိတ်ဆိုးနေပေမယ့် မိသားစုဝင်တွေ အားလုံးနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို အမှန်အတိုင်း အပိုအလိုမပါ အတိအကျ အစီရင်ခံစာရေးပြီး တင်သွင်းဖို့ တောင်းဆိုတဲ့ အခါမှာ ဘရိုင်ယန်နီက တကယ့် မုဒိမ်းသမားဟာ ‘ပေါမာရှယ်’ ပါ၊ ဒါကို သူအခင်းဖြစ်တဲ့ နေ့ကတည်းက သိနေခဲ့တာပါ၊ ဒီအကြောင်းကိုလည်း ထည့်ရေးပါ့မယ်လို့ ကတိပေးပြီး ပြန်သွားပါတယ်။ ဒါပေမယ့် အဲဒီ အချိန်မှာ ပေါမာရှယ်နဲ့ လိုလာတို့ဟာ ဘုရားကျောင်း တစ်ခုမှာ တက်ပြီး လက်ထပ်လိုက်ကြပြီဖြစ်လို့ ပေါမာရှယ်ကို မုဒိမ်းမှုနဲ့ ပြန်အမှုဖွင့်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ရုပ်ရှင် ဇာတ်သိမ်းခန်းမှာတော့ အသက် ၇၇ နှစ် ရှိနေပြီဖြစ်တဲ့ နိုင်ငံကျော် စာရေးဆရာမကြီး ‘ဘရိုင်ယန်နီထားလစ်’ ဟာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေနေတာကို တွေ့ကြရပါတယ်။ ဆရာမကြီးဟာ အဲဒီအချိန်က ကုသမရတော့တဲ့ သွေးကြောပိတ် ရောဂါတစ်မျိုး ခံစားနေရတဲ့အချိန် ဖြစ်ပါတယ်။ သူဟာ သတင်းထောက်တွေကို ရှင်းပြတဲ့အခါ အခု သူရေးခဲ့တဲ့ ‘ပြေရာပြေကြောင်း’ ဆိုတဲ့ ဝတ္ထုဟာ သူ့ရဲ့ နောက်ဆုံးရေးတဲ့ ဝတ္ထုဖြစ်ကြောင်း၊ ကျူးလွန်ခဲ့မိတဲ့ သူ့အမှားတစ်ခုအတွက် ဒီအပြစ်ကနေ ပြေပါစေလို့ သူအမြဲ ဆုတောင်းနေရင်းနဲ့ ဒီဝတ္ထုကို ရေးခဲ့တာဖြစ်ကြောင်း၊ သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိလို့လည်း ခေါ်ဆိုနိုင်တဲ့ ဒီဝတ္ထုထဲမှာ သူ့ရဲ့စိတ်ဆန္ဒ ပြင်းပြလွန်းတာက တစ်ကြောင်း၊ စာဖတ်ပရိသတ်ကြီးကို ညှဉ်းဆဲရာရောက်မှာ စိုးတာက တစ်ကြောင်းမို့ ဝတ္ထုရဲ့ အဆုံးမှာ စီစီလျားနဲ့ ရိုဘီတို့ကို ပြန်ပေါင်းထုပ်ပေးခဲ့ပေမယ့် တကယ့်လက်တွေ့ဘ၀ အဖြစ်မှန်က အဲဒီလို မဟုတ်ကြောင်း၊ လက်တွေ့ဘဝမှာ ရိုဘီ ထောင်ကျသွားပြီးတဲ့နောက် ချစ်သူနှစ်ဦးဟာ ပြန်လည်ပေါင်းဆုံဖို့ မဆိုထားနဲ့ ခဏလေးတောင်မှ တစ်ဦးကိုတစ်ဦး တွေ့မြင် မသွားခဲ့ကြရကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ ရိုဘီဟာ တိုက်ပွဲမှာ ရရှိလာတဲ့ ဒဏ်ရာကြောင့် သွေးအဆိပ်သင့်ပြီး နောက်ဆုံးအခေါက် သင်္ဘောရောက်မလာခင် တစ်ညဖြစ်တဲ့ ၁-၆-၁၉၄၀ ရက်က ဒန်းကတ်ကမ်းခြေမှာ ကွယ်လွန်သွားခဲ့ပြီး သူနာပြုဆရာမ စီစီလျားဟာလည်း လန်ဒန်မြို့က ဗုံးခိုကျင်း တစ်ခုထဲမှာ ဝင်ဗုံးခိုရင်း ဂျာမန်တွေ ကြဲချလိုက်တဲ့ ဗုံးဒဏ်ကြောင့် ၁၅-၁၀-၁၉၄၀ ရက် ညမှာ ကွယ်လွန်သွားရှာလို့ ဖြစ်ကြောင်း၊ သူတို့နှစ်ဦးဟာ လက်တွေ့ ဘဝမှာ မပေါင်းကြရပေမယ့် စာရေးဆရာမကြီး အနေနဲ့ ရိုဘီနဲ့ စီစီလျားတို့ကို ပျော်ရွှင်စေချင်လွန်းလို့ ဝတ္ထုအဆုံးမှာ အခုလို ဇာတ်ပေါင်းပေးလိုက်တာ ဖြစ်တဲ့အကြောင်း၊ သတင်းထောက်တွေကို ရှင်းပြနေတဲ့ အခန်းနဲ့ ဇာတ်လမ်းကို အဆုံးသတ်လိုက်ပါတယ်။လောကမှာ ကိုယ့်အမှားကို ပြေရာပြေကြောင်း ပြန်တောင်းပန်လို့ မရနိုင်တော့တဲ့ အမှားမျိုးကို ကျူးလွန်မိကြတဲ့ ပုထုဇဉ် လူသားတွေ ဒုနဲ့ဒေး ရှိကြမှာပါ။ ဘရိုင်ယန်နီရဲ့ ကြိုတင် ကြံစည်မထားတဲ့ မမျှော်လင့်တဲ့ လုပ်ရပ်တစ်ခုကြောင့် စီစီလျားနဲ့ အပြစ်ကင်းစင်တဲ့ ရိုဘီတို့ရဲ့ ဘဝတွေဟာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့ကြရပါတယ်။ ဒါဟာ အလွယ်တကူ ပြန်လည်ပြုပြင်လို့ မရတဲ့ ရာဇဝတ်မှုမျိုးကို ကျူးလွန်လိုက်တာနဲ့ အတူတူပါပဲ။ ဒီအဖြစ်ကို ဒုတိယ ကမ္ဘာစစ်ကြီးကို အစပျိုးခဲ့တဲ့ ဟစ်တလာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကြီးနဲ့ ပြစ်မှု ပမာဏချင်း မတူပေမယ့် သဘောသဘာဝချင်း အနေနဲ့တော့ ဥပမာနှိုင်းမယ်ဆိုရင် နှိုင်းလို့ရနိုင်ပါတယ်။ ဘရိုင်ယန်နီကတော့ သူကျူးလွန်ခဲ့တဲ့ အမှားအတွက် နည်းနည်းလေးလောက်ပဲ ဖြစ်ဖြစ် ပြေမှပြေပါစေတော့ဆိုတဲ့ သဘောမျိုးနဲ့ ဝတ္ထုရေးပြီး နောင်တကြိုးကိုဖြေဖို့ အစွမ်းကုန် ကြိုးစားခဲ့ရှာပါတယ်။ ဟစ်တလာ အနေနဲ့ကတော့ သူ့အပြစ်တွေ ပြေရာပြေကြောင်း ဖြစ်စေဖို့ ကမ္ဘာသူ ကမ္ဘာသားတွေအတွက် ဘာတစ်ခုမှ လုပ်ဆောင်ပေးမသွား နိုင်ခဲ့ပါဘူး။ဒါကြောင့်မို့ ကုစားလို့ မရတဲ့ ပြစ်မှုမျိုးကို တစ်စုံတစ်ယောက်သောသူ အပေါ်မှာပဲ ဖြစ်ဖြစ် လူအများအပေါ်မှာပဲ ဖြစ်ဖြစ် မကျူးလွန်မိအောင် အထူးသတိထားဖို့ လိုပါတယ်။ တကယ်လို့ လူတစ်ယောက် နှစ်ယောက် အပေါ်မှာပဲ ဖြစ်ဖြစ် လူတစ်စု အပေါ်မှာပဲ ဖြစ်ဖြစ် ကံဆိုးမိုးမှောင်ကျစေတဲ့ ပြစ်မှုမျိုးကို ကျူးလွန်ခဲ့မိတယ် ဆိုရင်လည်း ကိုယ်အသက်ရှင် နေသခိုက်မှာ နည်းနည်းလေးလောက်ပဲ ဖြစ်ဖြစ် ပြေရာပြေကြောင်းဖြစ်အောင် ကုစားနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရမှာပါပဲ။ အနည်းဆုံးတော့ ဘရိုင်ယန်နီ လုပ်သွားသလို ကိုယ့်အမှားကို ကိုယ်တိုင်ထုတ်ဖော် ဝန်ခံလိုက်တာမျိုးလောက်ပဲ ဖြစ်ဖြစ်ပေါ့။ ဒါမှသာ လူ့ဘဝရဲ့ နောက်ဆုံးအချိန်မှာ စိတ်သက်သာ ပြေလျော့မှု တစ်ခုကို ရသွားနိုင်မှာ ဖြစ်ပါတယ်။