၇၈ နှစ်မြောက် ၁၃၀၀ ပြည့် အရေးတော်ပုံ မေဒေး(သို့မဟုတ်)ကမ္ဘာ့အလုပ်သမားနေ့

၇၈ နှစ်မြောက် ၁၃၀၀ ပြည့် အရေးတော်ပုံ မေဒေး(သို့မဟုတ်)ကမ္ဘာ့အလုပ်သမားနေ့
Published 1 May 2016
အောင်ကျည်စိုးမြင့် ANA

နိုင်ငံတကာမှာ အလုပ်သမားများက ဖိနှိပ်စော်ကား အနိုင်ကျင့် လုပ်အားနဲ့ လုပ်အားခ ခေါင်းပုံဖြတ်တဲ့ အရင်းရှင်တွေကို ဆန့်ကျင် တော်လှန်ရေး စတင်ခဲ့တဲ့ရက်ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် မေလ ၁ ရက်နေ့ကို မေဒေး (သို့) အလုပ်သမားနေ့လို့ သတ်မှတ် ခေါ်တွင်ခဲ့ပါတယ်။
အမေရိကန် ဖီလာဒယ်လ်ဖီးယားမြို့က ၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့မှာ စတင်ခဲ့ပြီး (၅၂) နှစ်အကြာမှာ မြန်မာနိုင်ငံ၊ ရေနံမြေ ဒေသ ချောက်မြို့မှာ ရေနံအလုပ်သမားတို့ကလည်း ဘီအိုစီ (Burma Oil Company) က နယ်ချဲ့စီးပွားရေး ဗြိတိသျှ အရင်းရှင်တွေကို ဆန့်ကျင်တော်လှန်ရင်း မြန်မာနိုင်ငံမှာ မေဒေးနေ့ (သို့မဟုတ်) အလုပ်သမားနေ့ဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်။ မြန်မာအလုပ်သမားတစ်ဦးရဲ့ တစ်နေ့လုပ်အားခဟာ ၇ ပဲ ၈ ပဲ (ယခုခေတ် ငွေကြေး ၄၅ ပြား၊ ပြား ၅၀) သာရရှိပြီး တစ်လလလုံးမှာ ကျပ် ၂၀ သာ ရရှိခဲ့ကြပါတယ်။ တစ်နေ့အလုပ်ချိန် ၁၂ နာရီမှ ၁၆ နာရီအထိ အညာဒေသ နေပူပူထဲမှာ တပင်တပန်း လုပ်ကြရပါတယ်။ ပေးသမျှယူ ကြွေးသမျှစား၊ ခိုင်းသမျှ လုပ်နေကြရတဲ့ ဘဝပါ။ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရရှိလျှင်လည်း လျော်ကြေးမရ အခမဲ့ ဆေးဝါးကုသခွင့် လုံလုံလောက်လောက် မရခဲ့ကြပါ။ ခွင့်ရက်၊ အလုပ်ပိတ်ရက်လည်း မရှိ။ ပင်ပန်းဆင်းရဲခြင်းကြီးစွာ မနားမနေ လုပ်ကြရပါတယ်။ BOC ရေနံကုမ္ပဏီ အရင်းရှင်၊ အရာရှိကြီးများက လစာတစ်လ ကျပ် ၃၀၀၀ မှ ကျပ် ၅၀၀၀အထိ ရရှိခဲ့ကြပါတယ်။ အလုပ်သမားတွေ ဘဝနဲ့ အရင်းရှင်ကြီးအရာရှိကြီးတွေ ဘဝဟာ ငရဲပြည်နဲ့ နိဗ္ဗာန်ဘုံတမျှ ကွာခြားလွန်းလှပါတယ်။
ရေနံချောင်းမြို့နဲ့ ချောက်မြို့မှာရှိတဲ့ ရေနံတွင်းတွေကို ရှေးဘုရင်တွေ လက်ထက်ကနေ ဗြိတိသျှကိုလိုနီတွေ လက်ထက်တိုင်အောင် ပုဂ္ဂလိက ရေနံတွင်းပိုင်ရှင် မြန်မာပြည်သား ဗမာတိုင်းရင်းသားတွေ အစဉ်အဆက် ပိုင်ဆိုင်ခဲ့ကြပြီး တွင်းရိုး၊ တွင်းစားဆိုတဲ့ အမည် ခေါ်တွင်ခဲ့ကြပါတယ်။ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ဟာ မကွေးမြို့၊ မကွေးကောလိပ် ကျောင်းအုပ်ကြီး ဦးခင်မောင်တင့်ဘဝက ရေနံမြေအလုပ်သမားများရဲ့  ၁၃၀၀ ပြည့် အရေးတော်ပုံကို  “ကမ္ဘာ့ကုန်ကျယ်သရွေ့ ဝယ်” အမည်နဲ့ ဝတ္ထုရေးဖွဲ့ မှတ်တမ်းတင်ခဲ့ပါ တယ်။ စာရေးဆရာ မောင်သိန်းသန်းဆိုင်ကလည်း “ရေနံသာခင်ခင်ကြီး”အမည်နဲ့ တွင်းရိုး၊ တွင်းစားမျိုးရိုး ရေနံမြေ အလုပ်သမားတွေအကြောင်း ဝတ္ထုရှည်ကြီး ရေးဖွဲ့ခဲ့ဖူးပါတယ်။

ချောက်မြို့က ရေနံမြေ BOC ကုမ္ပဏီမှာ မော်တော်ယာဉ်ဌာနက သခင်ခင်၊ တို့ဗမာ အစည်းအဝေးတက်ဖို့ ခွင့်တင်တာကို ခွင့်မပြုဘဲ အလုပ်ထုတ်ပစ်ခဲ့ရာကစပြီး မြန်မာနိုင်ငံမှာ မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်မှာ စတင်ခဲ့တဲ့ ၁၃၀၀ အရေးတော်ပုံကြီး စတင် ဖြစ်ပေါ် လာခဲ့ပါတယ်။ ဖိနှိပ်ချုပ်ချယ် နှိမ့်ချစော်ကားမော်ကား ပြုခြင်းတွေခံရပြီး လူနေမှုဘ၀ အဆင့်အတန်း နိမ့်ကျလွန်းတဲ့ ရေနံမြေ အလုပ်သမား တွေဟာ သခင်မိသားစုများက BOC ကုမ္ပဏီကို ဆန့်ကျင်အံတု ဖက်ပြိုင်ပြီး ခြေလျင်ခရီးနှင်ရင်း ရန်ကုန်မြို့ဆီ ချီတက် လာခဲ့ပါတော့တယ်။
ရေနံမြေ အလုပ်သမားတွေဟာ စနစ်တကျနဲ့ ချောက်မြို့မှနေပြီး ရေနံချောင်း၊ ရေနံကြပ်၊ လမ်းရွာ၊ မကွေး၊ ပြည်၊ ပေါင်းတည်၊ သာယာဝတီ၊ ကြို့ပင်ကောက်၊ ရန်ကုန်၊ အင်းစိန်မှတစ်ဆင့် ရွှေတိဂုံဘုရားအထိ ချီတက်လာခဲ့ကြပါတယ်။ ရေနံမြေအလုပ်သမားတွေ မကွေးမြို့ ရောက်စဉ်မှာ ခေါင်းဆောင်တွေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့အတွက် မကွေးမြို့ကို ရောက်ရှိနေတဲ့ ကျောင်းသားသမဂ္ဂက ကိုဗဟိန်းက အလုပ်သမားတွေကို အားပေးကူညီရင်း “ မြင်းခွာတစ်ချက်ပေါက်ရင် မီး ဟုန်းဟုန်း တောက်စေရမယ်” ဆိုတဲ့ သမိုင်းဝင် ရဲရဲတောက်မိန့်ခွန်းကို ပြောခဲ့ပါတယ်။
ရေနံမြေ အလုပ်သမားတွေနဲ့အတူ သခင်မတွေ အမျိုးသမီးတွေကလည်း နေပူထဲ၊ ကတ္တရာလမ်းပေါ်မှာ လှဲအိပ်ရင်း ဗြိတိသျှအစိုးရ အာဏာပိုင်တွေနဲ့ မြင်းစီးပုလိပ်တွေကို ရဲရဲဝံ့ဝံ့အာခံပြီး သပိတ်မှောက်ခဲ့ကြပါ တယ်။ ရေနံမြေအလုပ်သမားတွေရဲ့ ဘဝကို စာနာတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်း ကျောင်းသားလူငယ်တွေကလည်း ငွေအား၊ လူအား၊ စိတ်ဓာတ်အားနဲ့ ဝိုင်းဝန်းပံ့ပိုး ကူညီပေးခဲ့ကြပါတယ်။
ကြို့ပင်ကောက်မြို့ကို ရေနံမြေသပိတ်တပ်ကြီး ရောက်ရှိလာစဉ်မှာ ဇာတ်မင်းသားကြီး မင်္ဂလာဦးအောင်မောင်းက သုံးရောင်ခြယ် ကဒေါင်းအလံကြီးကို လွှင့်ထူရင်း စည်တော်ယွန်းပြီး ကြိုဆို ဂုဏ်ပြုခဲ့ပါတယ်။ရေနံမြေသပိတ်ကြီးဟာ ခြစ်ခြစ်တောက် ပူပြင်းနေတဲ့ နေရောင်အောက်မှာ စည်းကမ်းသေဝပ်စွာနဲ့ အားမာန်အပြည့် သံမဏိစိတ်ဓာတ်နဲ့ ပိတ်ဆို့တားဆီးမှု ဖမ်းဆီး အရေးယူမှု တွေကိုမမှုဘဲ ရန်ကုန်မြို့ အတွင်းဝန်များရုံး၊ သံလျင်ဘီအိုစီ ရေနံချက်စက်ရုံတွေဆီသွား ပြီး ၁၀ လတိုင်တိုင် ဆန္ဒပြခဲ့ကြပါတယ်။

ရေနံမြေသပိတ်ကြီးနဲ့အတူ တက္ကသိုလ်ကျောင်းသားတွေ ပါဝင်လာပြီး အတွင်းဝန်ရုံးကို ဝန်းရံတဲ့အခါမှာ မြင်းစီးပုလိပ်တွေရဲ့ ရိုက်နှက်မှုကြောင့် တက္ကသိုလ်ကျောင်းသား ကိုအောင်ကျော်မှာ ဦးခေါင်းဒဏ်ရာရပြီး ကွယ်လွန်ခဲ့ရပါတယ်။
မန္တလေးမှာလည်း ၁၃၀၀ပြည့် အရေးတော်ပုံနဲ့ ဆက်စပ်ပြီး ရဟန်းသံဃာနဲ့  ကျောင်းသားပြည်သူများ အင်္ဂလိပ်အစိုးရကို ဆန့်ကျင်ဆန္ဒပြရင်း သေနတ်နဲ့ ပစ်ခတ်တာကြောင့် ၂၆ ဘီ လမ်းမကြီးပေါ်မှာ ၁၇ဦး သေဆုံးခဲ့ပါတယ်။
အဲဒီကာလ မြန်မာနိုင်ငံမှာ လယ်သမား၊ အလုပ်သမားအရေးတွေ ဖြစ်ပေါ်ခဲ့တဲ့အခါ သတင်းစာများက အရေးတော်ပုံလို့ သုံးစွဲရေးသားခဲ့ပါတယ်။အင်္ဂလိပ်အစိုးရ လက်ထက်မှာ တောင်သူလယ်သမားအရေးတော်ပုံ၊ ၁၃၀၀ ပြည့် ရေနံမြေ အလုပ်သမားအရေးတော်ပုံလို့ ခေါ်ဝေါ်သုံးစွဲခဲ့ပါသေးတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကိုယ့်လူမျိုး အစိုးရ၊ စစ်အာဏာရှင်ခေတ်မှာတော့ အလုပ်သမားအရေးအခင်း၊ ကျောင်းသားအရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်း၊ ဒီမိုကရေစီ အရေးအခင်း၊ ရွှေဝါရောင် အရေးအခင်းလို့ နှိမ့်ချပြီး ချိုးချိုးဖဲ့ဖဲ့ အောက်တန်းကျစွာ သုံးစွဲ ခေါ်ဝေါ် ရေးသားခဲ့ပါတယ်။
၁၉၆၄ ခုနှစ်၊ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ချောက်မြို့မှာ ရေနံမြေ အလုပ်သမားခေါင်းဆောင် သခင်ဘိုးလှကြီးရဲ့ သား ဦးအောင်သန်းက ရေနံမြေ ၁၃၀၀ပြည့် အရေးတော်ပုံကို ပြန်လည်ဖော်ထုတ်ရင်း သရုပ်ပြချီတက်ပွဲကို မေဒေးနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်နေဝင်းရဲ့ တော်လှန်ရေးအစိုးရ၊ မဆလအစိုးရလက်ထက်မှာ အလုပ်သမားတွေအတွက် အခွင့်အရေးတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။
(လူရည်ချွန်)ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူတွေကို ရွေးချယ်ပြီး ငပလီ၊ အင်းလေး၊ ပုဂံ၊ မေမြို့(ပြင်ဦးလွင်)၊ ဧရာဝတီ စတဲ့ အပန်းဖြေစခန်းတွေဖွင့်ပြီး ပို့ဆောင်ပေးခဲ့သလို ထူးချွန်တဲ့ အလုပ်သမားကြီးတွေကိုလည်း စံပြလုပ်သား အမည်နဲ့အပန်းဖြေစခန်းတွေကို ပို့ဆောင် အနားယူစေခဲ့ပါတယ်။အဲဒီနေရာမှာ တစ်ခုရှိတာက ပါတီယူနစ်ရုံးထဲမှာ တာဝန် ထမ်းဆောင်နေတဲ့သူတွေက စက်ရုံထဲမှာမရှိဘဲ စံပြလုပ်သား ဖြစ်ခဲ့သူတွေလည်း ရှိခဲ့ဖူးပါတယ်။
ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းကြီးထဲမှာ မေဒေးနေ့ဆိုတဲ့ အလုပ်သမားနေ့ကို တခမ်းတနား ကြီးကြီးကျယ်ကျယ် စက်ရုံပြခန်းတွေ၊ ဌာနဆိုင်ရာပြခန်းတွေ၊ ပျော်ပွဲရွှင်ပွဲအဖြစ် ရွှေမန်းဇာတ်သဘင်အဖွဲ့၊ မန္တလေးသိန်းဇော်အဖွဲ့၊ စိန်မာဒင်မိုးဝင်း၊ မိုးမင်းဇာတ်သဘင်အဖွဲ့တွေ၊ မျက်လှည့်အဖွဲ့၊ ဦးမောင်မောင်ဆပ်ကပ်အဖွဲ့၊ ဗဟိုရုပ်ရှင်အဖွဲ့၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကပွဲ၊ ဂီတဆည်းဆာ၊ ရုပ်ရှင်၊ ဂီတ ဇာတ်သဘင်အဖွဲ့တွေနဲ့ ပျော်စရာတွေ၊ လေ့လာမှတ်သားစရာတွေ ကြုံဆုံခဲ့ဖူးပါတယ်။
၁၉၇၄ ခုနှစ်၊ ဇွန်လမှာတော့ မဆလအစိုးရလက်ထက်မှာ အလုပ်သမား အခွင့်အရေးတွေ ဖိနှိပ်ချုပ်ချယ် ခံရလွန်းတဲ့အတွက် အလုပ်သမား အခွင့်အရေးတောင်းဆိုတဲ့ အလုပ်သမားတွေကို ရက်ရက်စက်စက် ပစ်ခတ်ခဲ့ဖူးပါတယ်။ ဖမ်းဆီးချုပ်နှောင်ပြီး အင်းစိန်ထောင်၊ ကိုကိုးကျွန်းတွေကို နှစ်ရှည်လများ ပို့ဆောင်အပြစ်ပေးခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်၊ အလုပ်သမားအရေး နှစ်ပတ်လည် ဆန္ဒဖော်ထုတ်တဲ့အခါမှာ ထပ်မံဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေးဆိုတာ မရှိတော့ပါဘူး။ တစ်ခေတ်တစ်ခါက အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမား အစည်းအရုံးတွေ ရှိခဲ့ဖူးပါတယ်။ နိုင်ငံတကာ အလုပ်သမားသမဂ္ဂတွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင် ဆောင်ရွက်ခဲ့ဖူးတဲ့ သမိုင်းတွေ ရှိခဲ့ဖူးပါတယ်။
အခုချိန်မှာတော့ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ရောက်ရှိလာခဲ့တဲ့ နိုင်ငံတကာက စီးပွားရေးသမားတွေဟာ မြန်မာနိုင်ငံက အလုပ်သမားတွေကို ဈေးပေါပေါနဲ့ ခိုင်းကောင်းတဲ့သူတွေလို့ သတ်မှတ်ပြီး အလုပ်သမားတွေကို ဖိနှိပ်စော်ကားမှုတွေ၊ လုပ်ခလစာ နည်းပါးစွာနဲ့ မတရားခိုင်းစေမှုတွေ ရှိနေပါတယ်။လွန်ခဲ့တဲ့ ၇၈နှစ်က အင်္ဂလိပ်နယ်ချဲ့ အရင်းရှင် ဘီအိုစီရေနံကုမ္ပဏီကို ဆန့်ကျင်အန်တုခဲ့တဲ့ အလုပ်သမားကြီးတွေသာ သိရင် ရင်နာမှာပါပဲ။
အခုအခါမှာ မကြာခဏ ဖြစ်ပေါ်နေတဲ့  စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေ လုပ်ခလစာ နည်းပါးမှု၊ စက်ရုံပိုင်ရှင်နဲ့ မန်နေဂျာတွေရဲ့ မတရားခိုင်းစေမှု၊ စော်ကားမှုတွေကို ဆန့်ကျင်ရင်း သပိတ်မှောက် ဆန္ဒပြနေတာတွေ ဟာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်တွေမှာ ပါရှိနေတာတွေကို တွေ့မြင်နေရပါ တယ်။
မြန်မာနိုင်ငံမှာရှိနေတဲ့ လူဦးရေသန်း ၅၀ ကျော်ထဲက  အလုပ်လုပ်နိုင်စွမ်းရှိတဲ့သူတွေဟာ အလုပ်လုပ်ချင်ပါလျက်နဲ့ အလုပ်လုပ်ခွင့် မရှိပါဘူး။ ပညာတတ်တွေကလည်း လစာနည်းနည်းလေးနဲ့ လုပ်နေရသလို ပညာမတတ်တဲ့သူတွေကလည်း နိုင်ငံတကာနဲ့ယှဉ်ရင် လုပ်ခလစာ အင်မတန် နည်းပါးစွာနဲ့ လုပ်ကိုင် နေကြရပါတယ်။ အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ တွေမှာ တစ်လလုပ်ခလစာဟာ မော်တော်ကားတစ်စီး အသာလေး ဝယ်စီးနိုင်ပေမယ့် မြန်မာနိုင်ငံမှာ တစ်လလုပ်ခဟာ ရန်ကုန်မြို့ က ဆိုက်ကားတစ်စီးတောင် ဝယ်မစီးနိုင်ပါဘူး။
ကမ္ဘာ့နိုင်ငံတွေက အလုပ်သမားတစ်ယောက်ရဲ့ ဝင်ငွေနဲ့ နှိုင်းယှဉ်ဖို့မပြောနဲ့  ပတ်ဝန်းကျင်နိုင်ငံဖြစ်တဲ့ အာဆီယံနိုင်ငံတွေထဲမှာတောင် အလုပ်သမားလခဟာ အနိမ့်ကျဆုံး ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ စီးပွားရေးစစ်တမ်း အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံထဲမှာ ပါဝင်ရောက်ရှိနေတာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက ဆင်းရဲသားမိသားစုတွေဟာ ကလေးငယ်တွေကို ကျောင်းပညာရေး အလေးမပေးနိုင်ဘဲ ကြုံရာကျပန်းအလုပ်တွေ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ စားပွဲထိုး အလုပ်လုပ်နေရတဲ့ ကလေးငယ်တွေ အများကြီးပါ။ သူတို့ရဲ့ အလုပ်သမား အခွင့်အရေးဆိုတာ ဘာမှန်းတောင် မသိရှာပါဘူး။ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုနဲ့ ရောက်လာကြတဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေဟာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတွေကို အလေးမထားဘဲ အလွယ်တကူ အမြတ်အစွန်း ကြီးကြီးမားမားရမယ့် သစ်တောတွေ အကုန်ခုတ်၊ အပြောင်ရှင်း၊ ကျောက်စိမ်း၊ သတ္တုတူးဖော်ရေးတွေကလည်း အဝီစိရောက်တဲ့အထိ တူးနေ၊ မြန်မာနိုင်ငံကထွက်တဲ့ ရေနံနဲ့ ဓာတ်ငွေ့တွေကလည်း ကိုယ့်နိုင်ငံက ပြည်သူတွေက မသုံးရ၊ စက်ရုံအလုပ်ရုံတွေမှာ လုပ်တဲ့ အလုပ်သမား ဝန်ထမ်းတွေရဲ့ဘဝဟာ တစ်နေ့လုပ်ခလစာ ဘယ်လောက်ဆိုတာကို သတ်မှတ်ထားပေမယ့်လည်း စက်ရုံပိုင်ရှင်တွေက လိုက်နာခြင်း မရှိဘဲ ဥပဒေကို လက်တစ်လုံးခြား ရှောင်လွှဲနေတာတွေကြောင့် အလုပ်သမား ဆန္ဒပြမှုတွေကို ခုချိန်ထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိသေးတာကို တွေ့နေရဆဲပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေ အခွင့်အရေးအတွက် ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ မတရားတဲ့ အစိုးရကို ဆန့်ကျင်အန်တု ဆန္ဒပြရင်း ထောင်တွေကျ၊ ကျွန်းတွေရောက်၊ ဘဝတွေပျက်၊ အသက်ခန္ဓာတွေ စွန့်လွှတ်ပေးဆပ်ခဲ့တဲ့ အလုပ်သမားကြီးတွေက ဒီနေ့အထိ ကြုံတွေ့နေရတဲ့ အလုပ်သမားတွေရဲ့ ဘဝကို ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့တဲ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာ အကောင်းဆုံး ဆောင်ရွက်နိုင်ပါစေလို့ မျှော်လင့်လျက် ရှိနေပါတယ်။