မုန်းသွားမှာစိုးလို့ . . .

မုန်းသွားမှာစိုးလို့ . . .
Published 30 April 2016
သန်းထိုက် (သာကေတ)

ကျွန်တော်- သူ့ကို ဝိုင်းကိုင်ပေးနော်။
ပိုင်ရှင်       - ကျွန်မ မကိုင်ချင်ဘူး။
ကျွန်တော်- ဘာဖြစ်လို့လဲ...။ ကျွန်တော် တစ်ယောက်တည်းနဲ့ အဆင်မပြေဘူး။ ခင်ဗျားပါ ဝိုင်းကူပေးမှ အဆင်ပြေမှာ။
ပိုင်ရှင်   - ကျွန်မ ဝိုင်းကိုင်ချုပ်ပေးရင် ကျွန်မကို မုန်းသွားမှာစိုးလို့...။
မနေ့က စာရေးသူရဲ့ဆေးခန်းမှာ ပြောဖြစ်ကြတဲ့စကားတွေဖြစ်ပါတယ်။ ကိုယ်ချစ်လို့ မွေးထားတဲ့ တိရစ္ဆာန်ကို ဆေးကုပေးဖို့ရာ ချုပ်ကိုင်လိုက်လို့ သူကမိမိကို မုန်းတီးစိတ် ဆိုးသွားမှာကို မလိုပါတယ်။ မုန်းချင်းမုန်းရင် သူကတော့ အမုန်းမခံချင်ဟု ဆိုပါတယ်။ ရောဂါဝေဒနာခံစားနေရတဲ့အချိန်၊ အသက်ရှင်ရေး အရေးကြီးနေချိန်မှာ ပိုင်ရှင်သခင်နဲ့ ကျွန်တော် နှစ်ဦးပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပေမယ့် ပိုင်ရှင်က အချစ်ပျက်ပြီး အမုန်းခံရမှာကို မလိုချင် ဦးစားပေးပေမယ့် ကျွန်တော်ကတော့ တာဝန်အရရော၊ သတ္တဝါကျန်းမာချမ်းသာဖို့အတွက်ပါ အဓိကထားပြီး သူ့ရဲ့မုန်းတီးမှုကို ခံယူခဲ့ရပါတယ်။
ကျွန်တော် - သူ့ကိုသေသေချာချာလေးကိုင်ထား၊ မကြောက်နဲ့။
ပိုင်ရှင်       - ကျွန်တော်မကိုင်ချင်ဘူး။
ကျွန်တော်- ဘာဖြစ်လို့လဲ။
ပိုင်ရှင်        - သနားလို့...။  သူနာသွားမှာ စိုးလို့။ သူကနာရင် ပြန်ကိုက်တတ်တယ်။
ဒါကတော့ နေ့စဉ်နီးပါး ပြောဖြစ်တဲ့ စကားနဲ့ အဖြေတွေပဲဖြစ်ပါတယ်။ ကျွန်တော် ယူထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အရ ဆေးခန်းကိုလာတဲ့ တိရစ္ဆာန်တွေကို ဝေဒနာသက်သာ ပျောက်ကင်းအောင် လုပ်ပေးရပါမယ်။ သူတို့ ရဲ့အသက်နဲ့ ကျန်းမာချမ်းသာဖို့ကို အဓိက ဦးစားပေးရမှာဖြစ်တဲ့အတွက် ခဏတာ အခိုက်အတန့်မှာတော့ နာကျင်မှု၊ ဆန့်ကျင်မှုကို ခံစားရမှာ ဖြစ်ပါတယ်။ သာမန်ရပ်ကြည့်နေသူ တစ်ယောက်အနေနဲ့ တိရစ္ဆာန်နာကျင်မှာ စိုးရိမ်လို့ ကိုယ်ချင်းစာနာလို့ မျှဝေခံစား ဦးစားပေးတတ်ကြပါတယ်။ ကျွန်တော်ကတော့ တိရစ္ဆာန်အသက်ချမ်းသာဖို့ ဝေဒနာပျောက်ကင်းဖို့ကို အဓိက ဦးစားပေးရတဲ့အတွက် သူကပြန်ကိုက်တဲ့အနာနဲ့ စိတ်ဆိုးတဲ့ဝေဒနာကိုတော့ လျစ်လျူရှုမှသာ အောင်မြင်နိုင်ပါတယ်။
အမေ        - ရှင့်ကို မှန်တိုင်းမပြောပါနဲ့။ မှန်တာပြောရင် လူတွေက သိပ်ကြိုက်ချင်တာ မဟုတ်ဘူး။ လူမုန်းတာ အဖတ်တင်လိမ့်မယ်။ လူရွှင်တော်တွေတောင် ပြောဖူးတယ်မဟုတ်လား။ မှန်တဲ့သူတွေ ကျကုန်ပြီလို့။
အဖေ - မဟုတ်တာ၊ မမှန်တာကို မပြောဘဲ နေလိုက်ရင် ငါပါ အလိုတူအလိုပါ ဖြစ်နေမှာပေါ့။
အမေ - ရှင်က လူကြီးမှ မလုပ်တတ်တာပဲ။ လူကြိုက်များတဲ့ မင်းသားမင်းသမီးဆိုတာ အပြောကောင်း၊ အဆိုကောင်း၊ အငိုကောင်းပြီး လူတွေ ဟတ်ထိတဲ့ စကားမျိုးပြောတတ်မှ ဖြစ်မှာပေါ့။ နေပါဦး..ကျုပ်မေးချင်ပါသေးတယ်။ လူကြီးဆိုတာ လူအများကြိုက်အောင် လုပ်နိုင်မှ ဖြစ်တယ်ဆိုတာ သဘောပေါက်ရဲ့လား။
အဖေ - ငါကလူကြီးဖြစ်ဖို့ လူအများကြိုက်အောင် လုပ်နေတာမဟုတ်ဘူး။
အမေ - ဒါဖြင့်ရင် ရှင်က ဘာအတွက်လုပ်နေတာလဲ။
အဖေ - ငါက လူအများကြိုက် လူကြီးဖြစ်ဖို့ လုပ်နေတာမဟုတ်ဘူး။ အမှန်တရားအတွက်၊ အမှန်တရားအကြိုက် လုပ်နေတာ။
အမေ - ဒါဆိုရင် ရှင့်ကိုအကြံတစ်ခုပေးလိုက်မယ်။ အဲဒီခေတ်က ကျန်ခဲ့ပြီ။ ဟိုးအဝေးကြီးမှာကို ကျန်ခဲ့တာ။ ဒီခေတ်မှာ ရှင့်ယုံကြည်ချက်က အံဝင်ခွင်ကျ မဖြစ်နိုင်တော့ဘူး။ ဒါ ကြောင့် ရှင်လူကြီးလုပ်ဖို့ မစဉ်းစားနဲ့တော့။
အဖေ - ငါကလည်း လူကြိုက်မများ၊ လူကြီးမဖြစ်၊ လူမုန်းတာထက် အမှန်သစ္စာတရား (ဓမ္မ) က မုန်းသွားမှာပဲကြောက်တာ။ လူမုန်းတာက တစ်ဘဝခဏတာပဲ။ ဓမ္မမုန်းရင်တော့ သံသရာပါခံရမှာ။
ဒါတွေကတော့ အမေနဲ့ အဖေတို့ အချီအချ ပြောခဲ့သော စကားတွေကို ပြန်လည် ကြားယောင်ပြီး ရေးတာဖြစ်ပါတယ်။ ယနေ့ အမေရိကန်နိုင်ငံသမ္မတလောင်းအတွက် အပြိုင်အဆိုင် အားထုတ်နေကြတဲ့ ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရန့်တို့အကြောင်း ဖတ်ရှုလေ့လာပြီး အဖေတို့ပြောခဲ့တာကို ပြန်ပြောင်း သတိရသွားတာပဲဖြစ်ပါတယ်။
လူတစ်ယောက်၊ တစ်ဖွဲ့၊ အများရဲ့မုန်းတီးမှုခံရမှာကို လူတိုင်းမလိုလားကြတာဟာ သဘာဝကျပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အကြောင်းတရားလည်းဖြစ်ပါတယ်။ လောကမှာ တစ်ဦးတစ်ဖွဲ့ကမှ အမုန်းမခံရဘဲ ချစ်ခင် နှစ်သက် ခံရတာကောင်းသလို လူတိုင်းလည်း လိုလားကြမှာပါ။ အမုန်းမခံရတိုင်း၊ အမုန်းခံရတဲ့ ဖြစ်စဉ်တွေကို ရှောင်ကြဉ်လွှဲဖယ်တိုင်းရော သင့်တင့်မှန်ကန်သလား၊ ဖြစ်သင့်ရဲ့လားဆိုတာ တွေးဆမယ့်သူ နည်းမယ်ထင်ပါတယ်။ စာရေးသူတို့အားလုံး တွေးဆ ဆင်ခြင်စရာ တစ်ခုတော့ရှိပါတယ်။ အမုန်းမခံရအောင်၊ မုန်းမသွားအောင် ရေလိုက်ငါးလိုက် ဆက်ဆံပြောဆို လုပ်ကိုင်တိုင်း ကောင်းမွန်မှန်ကန်သလား၊ မိမိသူတစ်ပါး အများနိုင်ငံအတွက် အကျိုးရှိနိုင်သလား၊ အဆိုးဖြစ်မှာလား ဆိုတာလောက်တော့ တွေးဆ ဆင်ခြင် သင့်တယ်ထင်ပါတယ်။
ကိုယ့်ဘဝတစ်လျှောက်မှာ မုန်းသွားသူ ဘယ်နှယောက်ရှိတယ်။ သူတို့တွေဘာကြောင့် ကိုယ့်ကို မုန်းသွားကြတယ်။ အဲဒီလို မုန်းတာခံရတဲ့အတွက် မိမိမှာ ဘယ်လောက်ထိ ခံစားခဲ့ရတယ်။ ထိုအမုန်းကြောင့်ကိုယ့်မှာ ကောင်းကျိုးပိုရလာသလား၊ ဆိုးကျိုးပိုလာသလားဆိုတာ ဆန်းစစ်ကြည့်ရင် သိပါတယ်။
လူချစ်လူခင်ပေါတယ်။ လူတိုင်းချစ်ခင်တယ်။ အမုန်းမြင် အပြစ်တင်သူ မရှိသလောက်ပဲ ဆိုတာကို လူတိုင်းနီးပါးက ဂုဏ်ယူဝင့်ကြွား တတ်ကြပါတယ်။ တကယ်တော့ ဒါဟာ လူမှု ဆက်ဆံရေးနယ်ပယ် (ပညတ်နယ်ပယ်)က ထွက်ပေါ်လာတဲ့ အကျိုးတရား၊ လူအချင်းချင်းကြား၊ ရည်ရွယ်ချယ်နဲ့ ခံယူချက်တူသူ တွေ အချင်းချင်းကြားမှာ သတ်မှတ်ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုသာ ဖြစ်ချင်ဖြစ်လိမ့်မယ်။ အမှန်တရား (ဓမ္မ) နယ်ပယ်က လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ မိမိတို့အမြဲအပြတ် ထိတွေ့ ဆက်ဆံ ပေါင်းသင်းနေရတဲ့ လူအချင်းချင်းရဲ့ အမြင်သဘောထား၊ တုံ့ပြန်မှု၊ ဆုံးဖြတ်မှုကိုသာ အဓိကထားပြီး အမုန်းခံရမှာစိုးလို့ အမုန်းမခံချင်လို့သာ လိုလားတောင့်တတာပဲ ဖြစ်ပါတယ်။ တကယ်တော့ စာရေးသူတို့ အားလုံးဟာ လူအချင်းချင်းနဲ့သာ ဆက်ဆံနေရတာ မဟုတ်ပါဘူး။ ဓမ္မဆိုတဲ့ အမှန်တရားနဲ့လည်း ထိတွေ့ ဆက်ဆံနေရတယ်ဆိုတာကို  သတိပြုမိဖို့လိုပါတယ်။ လူ့လောကရဲ့ မုန်းတီးမှုကိုတော့ မခံရပေမယ့် ဓမ္မဆိုတဲ့ အမှန်သစ္စာတရားရဲ့ မုန်းသွားမှာကို ကြောက်ရွံ့စိုးရိမ်သူ မလိုလားသူတော့ လွန်စွာ နည်းနေမလားလို့ တွေးမိပါတယ်။
မုန်းသွားမှာကြောက်တာ၊ မုန်းတီးမှုကို ရှောင်လွှဲဖို့ ကြိုးစားကြရာမှာ အမြဲတမ်း အမှန်မဖြစ်နိုင်ဘူးလို့ ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုရင် ချစ်ခြင်းမုန်းခြင်းဆိုရာမှာ ဘက်လိုက်မှုနဲ့ အတ္တဆိုတာ ရှိတတ်လို့ဖြစ်ပါတယ်။ လူနှစ်ယောက်၊ နှစ်ဖွဲ့ရန်ဖြစ်ကြ၊ ပဋိပက္ခပွားကြရာမှာ တစ်ယောက်တစ်ဖွဲ့ကို ဦးစားပေးရင် ကျန်တစ်ယောက်တစ်ဖွဲ့က ကျေနပ်မှာ မဟုတ်သလို မုန်းသွားတတ်ပါတယ်။ သူတို့ နှစ်ဦးနှစ်ဖွဲ့ ပဋိပက္ခမှာ အမှန်တရားဖြစ်တဲ့ ဓမ္မက သေချာပေါက် ရှိနေမှာပဲဖြစ်ပါတယ်။ မိမိက အမှန်တရားကို မျက်နှာမူပြီး ဝင်ရောက် ဖြေရှင်းပေးတဲ့အတွက် တစ်ဦးတစ်ဖွဲ့က မုန်းတာကို ခံနိုင်ရည်ရှိဖို့တော့လိုပါတယ်။ ဒါပေမဲ့ မုန်းမှာကိုကြောက်တတ်သူ၊ လူချစ်လူခင် ပေါတာကို လိုလားတောင့်တသူ၊ အဂတိတရား လိုက်စားသူတစ်ယောက်အနေနဲ့တော့ အမှန်တရား (ဓမ္မ) ကို မျက်နှာမူမှာ မဟုတ်ဘဲ မုန်းမှာကြောက်တာကိုပဲ ရွေးချယ်မျက်နှာမူကြမှာပါ။ မုန်းသွားမှာ ကြောက်ရွံ့ခြင်းရဲ့ နောက်ကွယ်မှာ အမှန်တရားကို ဆန့်ကျင်သွေဖည်တာ၊ ဘက်လိုက်တာ၊ အတ္တဆန်တာတွေက ပါဝင် ဆက်နွှယ်နေတတ်ပါတယ်။
ယနေ့ ကမ္ဘာကြီးမှာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ အသင်းအဖွဲ့မျိုးစုံက လူသားတွေဟာ အမုန်းတရားနဲ့ အမုန်းတရားဖြစ်စဉ်ကို တွန်းအားပေးသက်ရောက်စေတဲ့ အလုပ်၊ အပြောတွေကို လွန်စွာ စိုးရိမ် တုန်လှုပ် ကြပါတယ်။ နိုင်ငံတွင်းနိုင်ငံပ ဆက်ဆံရေးနယ်ပယ်မှာ ခေါင်းဆောင်နဲ့ အဖွဲ့အစည်းတွေ ရွေးချယ် ဆုံးဖြတ်ရာမှာ အမုန်းတရားနဲ့ အမှန် သစ္စာတရား (ဓမ္မ) ကို မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ ပြုနိုင်သူလည်း ရှိတော့ရှိတယ် ရှားတယ် ဆိုရမလိုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့အားလုံးဟာ ကိုယ်ကျိုးစီးပွားဆိုတဲ့ အတ္တကို မလွန်ဆန်နိုင်လို့ ဖြစ်ကြပါတယ်။
ခေါင်းဆောင်အသီးသီးဟာ မိမိတို့အပေါ် ပြည်သူအများ၊ လူအများထောက်ခံမှု၊ ချစ်ခင်မှု ကျဆင်းစေနိုင်တဲ့၊ အမုန်းခံရမယ့် အလုပ်မျိုး၊ အပြောမျိုးကို သတိထား ရှောင်ရှားလေ့ရှိကြပါတယ်။ လိုရင်းတိုရှင်း ဆိုရမယ်ဆိုရင်ဖြင့် လူကြိုက်များတာကို လိုချင်တဲ့ဆန္ဒကြောင့် ဖြစ်ပါတယ်။ အချစ်ခံရတာနဲ့ အမုန်းခံရတာမှာ အချစ်ခံရတာက အ ကောင်းဆုံးဖြစ်ပေမယ့် အချစ်ခံချင်တဲ့ လိုအင်ဆန္ဒဟာ အတ္တနဲ့လောဘ မကင်းပါဘူး။ အမှန်တရားကို မျက်နှာမူမိလို့ အမုန်းခံရတာမှာတော့ အတ္တကင်းစင်ပြီး လောဘလည်းမပါတတ်ပါဘူး။ ယနေ့ ကမ္ဘာကြီးမှာ အမုန်းတရားတွေ ပပျောက်ဖို့ အမုန်းစကားတွေရပ်ဖို့ ခေါင်းဆောင်ကြီးငယ် အသွယ်သွယ်၊ အဖွဲ့အစည်း အရပ်ရပ်က လှုံ့ဆော် တိုက်တွန်းနေကြတာဟာ ရည်ရွယ်ချက်နဲ့ စေတနာတော့ သင့်တင့်လျော်ကန် ကောင်းမွန်ပါတယ်။ ဒါပေမဲ့ အမုန်းတရား ကြီးထွားမှာစိုးလို့ မုန်းသွားမှာကြောက်လို့ လုပ်ဆောင်ရင်းကနေ အမှန်သစ္စာတရား (ဓမ္မ) တွေ မှေးမှိန် ပျောက်ကွယ်သွားမယ့် အရေးကိစ္စကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုမယ်လို့ ထင်မြင် ယူဆပါတယ်။ တကယ်လို့ များ အမုန်းကိုကြောက်လို့ အမှန်ကိုသစ္စာဖောက်မိကြရင်ဖြင့် .....။ အနာဂတ်မှာ...။

Most Read

Most Recent