လောကဓံ

လောကဓံ
Published 29 April 2016
စိုးခိုင်ညိန်း

လူတိုင်းနီးပါးလောက် ရင်းနှီး သုံးစွဲနေကြတဲ့ လောကဓံဆိုတာ လောကဓမ္မဆိုတဲ့ ပါဠိပုဒ်ကနေ ဆင်းသက်လာတာပါ။ လောကဓမ္မဆိုတာ လောကရဲ့ နောက်ကို အစဉ်တစိုက် လိုက်နေတဲ့ တရားတွေကို လောကဓံလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ လောက သုံးပါးထဲက သတ္တလောကကြီးထဲမှာ နေနေရသမျှတော့ အကောင်းအဆိုး တွဲနေတဲ့ လောကဓံ ရှစ်ပါးကိုတော့ လူတိုင်း ရှောင်လွှဲလို့ မရ၊ တွေ့ကြုံ ခံစားရမှာချည်းပါပဲ။ လူတိုင်းမှာ ဘဝရဲ့ အတက်အကျတွေကတော့ ရှိကြတာချည်းပါပဲ။ ဘဝကို အဆင်ပြေပြေနဲ့ ပြုံးပျော်နေရတဲ့ ကာလတစ်ခုကို ကြာရှည် ထိန်းသိမ်းထားဖို့ ဆိုတာကလည်း ခက်လှပါတယ်။ အချိန်နဲ့ အမျှ တက်လိုက်ကျလိုက်ပါပဲ။ အဆိုးလောကဓံနဲ့ ကြုံတွေ့ရတဲ့အခါ သည်းခံကျော်လွှားဖို့ကလည်း ခက်ခဲတာပါပဲ။ မလွယ်ကူပါဘူး။ တချို့ အဆိုးလောကဓံရဲ့ ရိုက်ချက်ကြောင့် ဘ၀ ပျက်စီးသွားရတဲ့ အဖြစ်တွေလည်း တွေ့ဖူး ကြားဖူးနေတာပါပဲ။ သို့သော်လည်းပဲ ဒီအဆိုး လောကဓံကို ကျော်လွှား အောင်မြင်သွားကြသူတွေလည်း အများကြီး ရှိနေတာပါပဲ။လူတိုင်းဟာ အချိန်ပြည့် ဘဝမှာ ချမ်းချမ်းသာသာ အဆင်ပြေပြေ နေရဖို့ ကြိုးစားနေကြတာ ဖြစ်ပေမယ့် ကြိုးစားတိုင်းလည်း မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အကောင်းအဆိုးတွေနဲ့ ဒွန်တွဲ လည်ပတ်နေတဲ့ လောက ဖြစ်စဉ်ကြီးထဲမှာ နေနေရတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကြိုးစားကြသူတိုင်း ဒီသဘောတရားကို နားလည်ထားဖို့ လိုပါတယ်။ အဆိုးကိုချည်းပဲ ကြည့်နေလို့ မရသလို အကောင်းကိုချည်းပဲ မျှော်လင့်နေလို့လည်း မဖြစ်နိုင်ပါဘူး။နှင်းဆီပင် တစ်ပင်မှာ ပန်းပွင့်ချည်းရှိတာ မဟုတ်သလို ဆူးတွေနဲ့လည်း ပြည့်နေတာ မဟုတ်ပါဘူး။ နှင်းဆီပန်းက နူးညံ့တယ်၊ လှတယ်၊ မွှေးတယ်။ ဒါပေမဲ့ ပင်စည်မှာတော့ ဆူးတွေ ရှိပါတယ်။ လှပမွှေးမြတဲ့ နှင်းဆီပန်းကို လိုချင်ရင်တော့ ပင်စည်က ဆူးကို သတိနဲ့ သည်းခံ ကျော်လွှားနိုင်ရပါမယ်။ ဒီဆူးတွေ ပါတဲ့အတွက်ကြောင့် နှင်းဆီပန်းပွင့်ကို ချိုးနှိမ် ပစ်ပယ်စရာ အကြောင်းမရှိပါဘူး။လောကမှာ မကောင်းမြင်တတ်တဲ့ သူတွေက ကြိုးစားသမျှ မအောင်မြင်တဲ့ အခါတိုင်းမှာ လောကကြီး တစ်ခုလုံးက အဆိုးတွေနဲ့ချည်း ပြည့်နေတယ်လို့ မြင်တတ်ပါတယ်။ ငါ့အတွက် အကောင်းဆိုတာ ဘာမှမရှိဘူး။ ငါဟာ ကံဆိုးတဲ့သူပဲလို့ လောကကြီး တစ်ခုလုံးကို အဆိုးပဲ မြင်နေတော့တာပါ။ သို့သော် အရာအားလုံး လုပ်သမျှ အဆင်ချောနေလို့ အကောင်းမြင်နေတဲ့သူကလည်း လောကကြီးက သူ့အတွက်တော့ အကောင်းချည်းပဲလို့ မြင်တတ်ပြန်ပါသေးတယ်။ ဒီအမြင်တွေဟာ နှစ်ခုလုံး အစွန်းရောက်နေတဲ့ အမြင်ပဲ ဖြစ်ပါတယ်။ ဒီလို အမြင်ရှိထားတဲ့ သူတွေဟာ လောကဓံရဲ့ အပြောင်းအလဲ ရိုက်ချက်မှာ သူတို့ ထင်ထားသလို မဟုတ်တဲ့အတွက် ပြင်းပြင်းထန်ထန် ခံစားသွားရတတ်ပါတယ်။လောကရဲ့ သဘာဝဖြစ်စဉ် အမှန်တရားကို မြင်တဲ့ သူတွေကတော့ အကောင်းအဆိုးတွေနဲ့ ရောထွေးနေတဲ့ သဘောတရားကို နားလည်ပြီး ကျရောက်လာတဲ့ လောကဓံကို ကျော်လွှားသွားနိုင်ကြပါတယ်။ နာရီ ချိန်သီးဟာ အချိန်ပြည့် ဟိုဘက်ဒီဘက် လှုပ်ယမ်းနေသလို လောကထဲ နေကြသူတွေဟာလည်း အကောင်းဘက်တစ်ချက် အဆိုးဘက်တစ်ချက် တစ်လှည့်စီ လှုပ်ယမ်းနေတဲ့ သဘော ရှိပါတယ်။ ဒါကို နားလည် သဘောပေါက်ထားရင် လောကဓံကို ကျော်လွှားသွားနိုင်မှာပါပဲ။ဘဝဆိုတာ ပြဿနာပေါင်း မြောက်မြားစွာနဲ့ ဖွဲ့စပ်ထားတဲ့ ခရီးရှည်ကြီး တစ်ခုပါပဲ။ ဒီလောကကြီးထဲမှာ အသက်ရှင် နေနေရသမျှတော့ ဒီလောကဓံ ရှစ်ပါး၊ ပြဿနာ အရပ်ရပ်တွေဟာ လူတွေရဲ့ အစိတ်အပိုင်းတစ်ရပ် အနေနဲ့ ကပ်ပါနေမှာပါပဲ။ ဘုရားတောင် ခြွင်းချက်မရှိ ကြုံတွေ့ရတဲ့ အဖြစ်ဖို့ သာမန်လူတွေ အဖို့ အထူးပြောစရာ မလိုတော့ပါဘူး။လူရယ်လို့ ဖြစ်လာရင် ရှာဖွေနေသမျှတော့ လာဘောဆိုတဲ့ ပစ္စည်းဥစ္စာ ရရှိခြင်းဆိုတဲ့ လောကဓံကို တွေ့ကြုံရမှာပါပဲ။ ဒါပေမဲ့ လူတွေဟာ ရရှိခြင်း၊ ချမ်းသာခြင်း၊ အခြံအရံများခြင်း၊ ချီးမွမ်းခံရခြင်းဆိုတဲ့ အကောင်း လောကဓံတွေနဲ့ တွေ့ကြုံရတဲ့ အခါမှာ ဝမ်းသာ ပျော်ရွှင်မြူးပြီး ဒါတွေဟာ လောကဓံလို့ မထင်မှတ်ကြပါဘူး။ ဒီအကောင်းလောကဓံတွေဟာ ထာဝရ တည်မြဲနေမယ်ထင်ပြီး သတိတရားမဲ့စွာ ပျော်ရွှင်မိတတ်ကြပါတယ်။ ဒီအနေအထားမျိုးမှာ ရုတ်တရက် ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း၊ ဆင်းရဲဒုက္ခရောက်ခြင်း၊ အခြံအရံတွေ မရှိတော့လို့ အထီးကျန်ခြင်း၊ ကဲ့ရဲ့ခံရခြင်းလို့ ဆိုတဲ့ အဆိုးလောကဓံတွေ ပြောင်းလဲ ရိုက်ခတ်လိုက်တဲ့ အခါမှာ ယူကျုံးမရ ကြေကွဲ ပူဆွေးကုန်ကြတာပါပဲ။ အဲဒီအခါမှသာ ဒါဟာ လောကဓံပါလားလို့ သတိရပြီး လောကဓံရဲ့ ရိုက်ချက် ခံစားရတယ်လို့ ညည်းတွားကြတာ ဖြစ်ပါတယ်။ အကောင်းလောကဓံ လာတုန်းက မှေးပြီး ခံစားနိုင်ခဲ့ပေမယ့် အဆိုးလောကဓံမှာတော့ ငြိမ်မခံစားနိုင် ဖြစ်ကြတာပါပဲ။လူတွေဟာ စားဖို့သောက်ဖို့၊ နေဖို့ထိုင်ဖို့ စီးပွားရှာကြတယ်။ ရှာတဲ့ အခါတိုင်း အဆုံးရှုံး မရှိရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလို ရှင်သန် နေထိုင်ရင်းနဲ့ ဒီလောကဓံ ရှစ်ပါးလုံးနဲ့ တွေ့ကြုံနေရမှာပါပဲ။ ဒီလောကဓံရှစ်ပါးနဲ့ မတွေ့ရဖို့ ရှောင်လွှဲရမယ့် နည်းလမ်းတော့ မရှိပါဘူး။ ရောက်ရှိလာတဲ့ လောကဓံကို ကိုယ်ဘယ်လို စိတ်ထားနဲ့ ခုခံ ရင်ဆိုင်ရမလဲ ဆိုတာပဲ အရေးကြီးပါတယ်။ပထမဆုံး အနေနဲ့ လာဘော၊ အလာဘောဆိုတဲ့ လောကဓံ အတွဲမှာ အမြဲတမ်း ပစ္စည်းဥစ္စာ ရရှိနေဖို့ ဆိုတာ မဖြစ်နိုင်သလို ရသမျှ ပစ္စည်းဥစ္စာတွေ အမြဲတမ်း ဆုံးရှုံးပျက်စီးသွားဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ တစ်လှည့်စီ မကြာခဏ ကြုံတွေ့နေရမှာပါပဲ။ ထို့အတူပါပဲ၊ အမြဲတမ်း အပေါင်းအသင်း အခြွေအရံတွေနဲ့ နေရဖို့ဆိုတာလည်း ခက်ပါတယ်။ ဒီအပေါင်းအသင်း အခြွေအရံတွေက တည်မြဲတဲ့ အရာတွေ မဟုတ်ပါဘူး။ တစ်ခါတစ်ခါမှာ တစ်ယောက်တည်း အထီးကျန်စွာ နေရတဲ့ အခါလည်း ရှိတာပါပဲ။ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းမှာလည်း ဒီလိုပါပဲ။ လောကမှာ အကဲ့ရဲ့ လွတ်နိုင်တဲ့သူ တစ်ယောက်မှ မရှိနိုင်ပါဘူး။ မြတ်စွာဘုရားတောင် အကဲ့ရဲ့ ခံရသေးတာဖြစ်လို့ ကျန်တဲ့ ပုထုဇဉ်တွေအဖို့ ပြောဖွယ်ရာ မရှိတော့ပါဘူး။ သို့သော်လည်း ဘယ်သူမှ အမြဲတမ်း အကဲ့ရဲ့တော့ မခံရနိုင်ပါဘူး။ ကိုယ့်ကို ချီးမွမ်းတဲ့ ကာလတွေလည်း ရှိနေမှာပါပဲ။ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက်လို့တောင် အဆိုရှိသေးတာ မဟုတ်လား။ လူ့သဘာဝအရ ကောင်းတာနဲ့ တွေ့ရင် ပျော်မယ်၊ မကောင်းတာနဲ့ တွေ့ရင် စိတ်ညစ်မယ်။ ဒါ သဘာဝပါပဲ။ သို့သော် အပြင်းအထန် အလွန်အကျူး မခံစားရဖို့ပဲ ဖြစ်ပါတယ်။အဲဒီလိုမှ မဟုတ်ရင်တော လောကဓံရဲ့ ရိုက်ချက်မှာ ကျဆုံးသွားနိုင်ပါတယ်။ အဆင်မပြေ ဖြစ်နေတဲ့ အခိုက်အတန့်မှာ ရုတ်တရက် သိန်းထီပေါက်သလို ငွေအမြောက်အမြား ရရှိတဲ့အခါ မြောက်ကြွမြောက်ကြွနဲ့ ဘယ်သူ့ကိုမှ လူမထင်သလို စိတ်ကြီး ဝင်သွားတတ်ပါတယ်။ ဒါဟာ လာဘဆိုတဲ့ အကောင်း လောကဓံရဲ့ ရိုက်ချက်ကို ခံစားလိုက်ရတာပါ။ စိတ်ထဲမှာ အရမ်းကာရော ဝမ်းသာပျော်ရွှင်မှု ဖြစ်သွားတာဟာ လောကဓံရိုက်ချက်ကြောင့် စိတ်ရဲ့ တုန်လှုပ်ခြင်း ဖြစ်သွားတာပါ။ အဲဒီအခါမှာ အထိန်းအကွပ်မဲ့ မူးယစ်သောက်စား ဖြုန်းတီးပြီး ဘဝပျက်သွားတော့တာပါပဲ။ ဒီလိုမျိုး ဖြစ်ရပ်တွေ ကြားဖူးပါတယ်။အလားတူပါပဲ။ ကိုယ့်မှာရှိတဲ့ စည်းစိမ် ဥစ္စာတွေ ဆုံးရှုံးပျက်စီးသွားလို့ ယူကျုံးမရ ကြေကွဲသွားသူတွေလည်း အများကြီးပါပဲ။ ဆုံးရှုံးမှုတွေက အများကြီး ရှိနိုင်ပါတယ်။ ဆွေမျိုး၊ မိဘ၊ သားသမီး၊ အဆွေခင်ပွန်း၊ ဇနီး၊ ခင်ပွန်း၊ ချစ်သူခင်သူ စသည်တို့ ဆုံးရှုံးရတဲ့ အခါမျိုးမှာလည်း ဖြေဆည်ရာမရ ကြေကွဲတောက်လောင် ပူလောင် ခံစားကြရပါတယ်။ ဒါတွေဟာ လောကဓံ ရိုက်ချက်တွေပါပဲ။ ဘုရားခေတ်က ပဋာစာရီဟာ ဆုံးရှုံးရခြင်း၊ လောကဓံရဲ့ ရိုက်ချက်ကြောင့် နှလုံးကြေပျက် ရူးသွပ်ရတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ သေရိဝရွဲကုန်သည် ဇာတ်တော်မှာလည်း ရွဲကုန်သည် တစ်ယောက်ဟာ ရွှေခွက်ဆုံးရှုံးပြီး မရလိုက်လို့ နှလုံးကွဲ သွေးအန်ပြီး အသက်ဆုံးရှုံးရသည် အထိပါပဲ။လူဆိုတာ အပေါင်းအသင်းနဲ့ နေတတ်တဲ့ အမျိုးပါပဲ။ အပေါင်းအသင်း မရှိဘဲ တစ်ယောက်တည်း အထီးကျန်စွာ မနေချင်ကြပါဘူး။ သို့သော်လည်းပဲ လူဟာ အသက်ကြီးလာတဲ့နဲ့အမျှ တဖြည်းဖြည်း အထီးကျန် ဆန်လာတော့တာပါပဲ။ သက်ကြီးရွယ်အို အဘိုးအဘွား လူကြီးတွေဟာ လူငယ်တွေကြားမှာ အရာမဝင် ဖြစ်လာတော့တာပါ။ သူတို့ကို တဖြည်းဖြည်း ဖယ်ခွာလာတဲ့အခါ အထီးကျန်မှုကို ခံစားရတော့တာပါပဲ။ အနောက်နိုင်ငံတွေမှာဆို သက်ကြီးရွယ်အိုတွေဟာ ခွေးလေးတွေ၊ ကြောင်လေးတွေကို အဖော်ပြုနေနေရတယ်လို့ ကြားဖူးပါတယ်။ လူမသိ သူမသိ သေဆုံးကြရပြီး အခန်းထဲက အပုပ်နံ့ရမှ သေမှန်းသိရတဲ့ အဖြစ်တွေတောင် ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ အယသ အခြံအရံမဲ့ခြင်း လောကဓံ ခံရတာ ဖြစ်ပါတယ်။လူဆိုတာ အချီးမွမ်းခံရခြင်း စိတ်ကြီးဝင်ခြင်း ပျော်ရွှင်တတ်လေ့ ရှိပါတယ်။ မဟုတ်ဘဲနဲ့ မြောက်ပင့်ပြောဆို ခံရရင်တောင် သဘောကျပြီး သွားဖြဲနေတတ်သေးတာပါ။ ဒါကြောင့် လိမ်တဲ့သူတွေက ဒီအားနည်းချက်ကိုနင်းပြီး လိမ်ညာလှည့်စားလေ့ ရှိကြတာပါ။ ချီးမွမ်း မြှောက်ပင့် ပြောဆို ခံရတဲ့ အခါ စိတ်က ပုံမှန် အခြေအနေ မဟုတ်တဲ့အခါ အကြောင်းအကျိုး အမှားအမှန် ဆင်ခြင်နိုင်စွမ်း အားနည်းသွားတဲ့ သဘောပါပဲ။ ချီးမွမ်းခံရတာ သဘောကျသလောက် အကဲ့ရဲ့ခံရတဲ့ အခါမှာတော့ ဖျတ်ဖျတ်ခါ နာတတ်ပြန်ပါတယ်။ ဘာမဟုတ်တာလေးနဲ့ အကဲ့ရဲ့ အထင်မှား ခံရရင်တောင် စိတ်အနာကြီး နာသွားတတ်တာပါ။ ဒါဟာ နိန္ဒပသံသဆိုတဲ့ လောကဓံရဲ့ သဘောပါပဲ။ သုခ၊ ဒုက္ခဆိုတဲ့ ချမ်းသာခြင်း ဆင်းရဲခြင်းကတော့ ရိုက်ခတ်မှု အများဆုံး လောကဓံ ဖြစ်ပါတယ်။လောကဓံရဲ့ ရိုက်ချက်တွေဟာ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ရိုက်ချက်တွေဟာ တစ်ခါတစ်ခါမှာ မုန်တိုင်းလို ပြင်းထန်နိုင်တယ်။ တစ်ခါတစ်ခါမှာတော့ လေပွေလေးလောက် ပျော့ချင် ပျော့နိုင်ပါတယ်။ သို့သော်လည်း ကိုယ့်မှာ သင့်တင့်တဲ့ နှလုံးသွင်းမှု မရှိဘူး ဆိုရင်တော့ အပြင်းအထန် ခံစားကြရမှာပဲ။ အရာအားလုံးဟာ မတည်မြဲဘူး၊ ပြောင်းလဲခြင်း သဘောတရားနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သဘောတရားလေးကို နှလုံးသွင်းပြီး လက်ခံ ရင်ဆိုင်မယ် ဆိုရင်တော့ သက်သာရာ ရနိုင်ပါတယ်။ ဆိုးဆိုးရွားရွားကြီး မခံစားရနိုင်ပါဘူး။ ဒါကြောင့် ရှောင်လွှဲလို့ မရတဲ့ လောကဓံရဲ့ ရိုက်ချက်တွေကို ဆိုးဆိုးရွားရွား မခံစားရအောင် သင့်တင့်တဲ့ နှလုံးသွင်းမှုနဲ့ အစဉ်တစိုက် ပြောင်းလဲခြင်း သဘောတရားကို နားလည်ထားရမှာ ဖြစ်ပါတယ်။

Most Read

Most Recent