အမြန်ဆုံး အဖြေရှာရမယ့် တရားမဝင်ကုန်သွယ်မှု ပုစ္ဆာ

အမြန်ဆုံး အဖြေရှာရမယ့် တရားမဝင်ကုန်သွယ်မှု ပုစ္ဆာ
Published 24 April 2016
ဖြိုးဝေ

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှာ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ဖျက်သိမ်းပြီးနောက်မှာ မှောင်ခိုကုန်သွယ်မှုတွေ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။  Mobile Team လို စနစ်တကျ ဖမ်းဆီးနိုင်ခွင့် ပေးထားတဲ့ အဖွဲ့အစည်း မရှိတော့တဲ့ နောက်မှာ မှောင်ခိုကုန်သွယ်မှုတွေ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ဒီလို မှောင်ခိုကုန်သွယ်မှုတွေ ပြန်လည်မြင့်တက်လာတဲ့အချိန်မှာ ယခင် Mobile Team  တုန်းက ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဂိတ်ပေါင်းစုံကို ငွေပေးပြီး လွတ်မြောက်လာတဲ့ မှောင်ခိုကုန်သွယ်တဲ့ယာဉ်တွေကို ထိုင်ပြီးတော့ စာရင်းကောက်ယူရုံသာ တတ်နိုင်ခဲ့ပါတယ်။တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီရဲ့သက်တမ်း သုံးနှစ် နဲ့ တစ်လလောက်အတွင်းမှာ ကျပ်  ၅၃ ဘီလျံကျော်ဖိုးအထိ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီပမာဏဟာ အမှန်တကယ် စစ်စစ်ပေါက်ပေါက် ဖမ်းဆီးနိုင်တဲ့ အနေအထား မဟုတ်သလို လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတဲ့ကြားက ဖမ်းဆီးနိုင်ခဲ့တဲ့ ပမာဏလည်း ဖြစ်ပါတယ်။ ဒီလို မှောင်ခိုကုန်သွယ်မှုတွေကို ဖမ်းဆီးနိုင်ခဲ့တာကြောင့်မို့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တရားဝင်ကုန်သွယ်မှု ပမာဏလည်း ပြန်လည်မြင့်တက်လာခဲ့ပါတယ်။Mobile Team ကို စတင်ဖွဲ့စည်းပြီးတဲ့ အချိန်ကစပြီး မှောင်ခိုကုန်သွယ်နေတဲ့ လုပ်ငန်းရှင်တွေက မနှစ်သက်တဲ့အတွက် အကွက်ဆင် တိုင်ကြားမှုတွေ ရှိခဲ့သလို Mobile Team ဟန်ဆောင်ပြီး ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။ ဒီလိုမျိုး လုပ်ငန်းရှင်တွေရဲ့ တိုင်ကြားမှုတွေနဲ့ Mobile Team အဖွဲ့တွေ အကြား လာဘ်စားမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဖမ်းဆီးရမိတဲ့ တန်ဖိုးတွေကနေ ရာခိုင်နှုန်းတစ်ခု သတ်မှတ်ပြီး Mobile Team ကို ဆုကြေးအဖြစ်ပေးဖို့ တောင်းဆိုချက်တွေလည်း ရှိခဲ့ပါတယ်။ဒါပေမဲ့ ဒီတောင်းဆိုချက်က Mobile Team ဖျက်သိမ်းလိုက်ချိန်အထိ အသက်မဝင်ခဲ့ပါဘူး။ ဒီလိုအခြေအနေတွေနဲ့ Mobile Team ဟာ လာဘ်ပေးလာဘ်ယူမှုတွေ တိုင်ကြားခံရတဲ့ အခြေအနေနဲ့ပဲ ဖျက်သိမ်းလိုက်ရတယ်လို့ ပြည်သူတွေ သိခဲ့ပါတယ်။ ဒါပေမဲ့ တရားဝင်ထုတ်ပြန်မှုအရ သိခဲ့ကြရတာမျိုးတော့ မဟုတ်ဘဲ ဖားကန့်မှာ ကျောက်စိမ်း အလွန်အကျွံတူးဖော်နေတဲ့ ယာဉ်ယန္တရားတွေဟာ တရားမဝင် ဝင်ရောက်လာလို့ Mobile Team မှာ ပါဝင်တဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် နှစ်ယောက်ကို အနားပေးပြီး တချို့သူတွေကို စစ်ဆေးနေတယ် ဆိုတာလောက်ပဲ ပြည်သူတွေ သိခွင့်ရခဲ့ပါတယ်။Mobile Team ဟာ လာဘ်စားမှုတွေ အတိုင်ခံရလို့ ဖျက်သိမ်းလိုက်တယ် ဆိုပေမယ့် ပြည်သူတွေကတော့ တိကျတဲ့ အဖြေတစ်ခုကို သိခွင့်မရခဲ့ပါဘူး။ အမှန်တကယ်ဆိုရင် လာဘ်စားသူတွေကိုပဲ စစ်ဆေးအရေးယူပြီး Mobile Team လို နိုင်ငံ့အတွက် အကျိုးပြုနေတဲ့ အဖွဲ့အစည်းကို ဆက်လက်ထားရှိသင့်တဲ့ အခြေအနေပါ။Mobile Team ဖျက်သိမ်းပြီးနောက်မှာ ပြန်လည်မြင့်တက်လာတဲ့ မှောင်ခိုကုန်သွယ်မှု အခြေအနေတွေအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ဖမ်းဆီးနိုင်မှု မရှိတော့ပေမယ့် တရားမဝင်ကုန်သွယ်မှု အခြေအနေတွေကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့က မေးမြန်းလာရင် တင်ပြနိုင်ဖို့ လုပ်ဆောင်ထားတယ်လို့ ယခင် Mobile Team မှာ ပါဝင်ခဲ့တဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။“လောလောဆယ်မှာတော့ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ မစဉ်းစားထားသေးဘူး။ Mobile Team ကို ပြန်လည်ဖွဲ့စည်းဖို့ ဆိုတာက ကျွန်တော်တို့ ဝန်ကြီးဌာန တစ်ခုတည်းအနေနဲ့ စဉ်းစားလို့မရဘဲ ပြည်ထောင်စုအစိုးရအဖွဲ့က လုပ်ဆောင်ရမယ့် ကိစ္စပါ။ အရင်အစိုးရလက်ထက်မှာ နိုင်ငံတော်ရဲ့ ကုန်သွယ်မှုတွေ ထိခိုက်လာတယ်။ Trade Volume တွေ ကျလာတယ်။ SME တွေ အော်လာတယ်၊ မယှဉ်နိုင်ဘူး။ စားသုံးသူပြည်သူတွေ ထိခိုက်စေနိုင်တဲ့ ကုန်စည်တွေ တင်သွင်းလာတယ်။ ကင်ဆာဖြစ်ပွားလာတယ်။ အန္တရာယ်ရှိ စားသောက်ကုန်တွေ တင်သွင်းလာတယ်။ စစ်ဆေးနိုင်မှု မရှိဘူး စတဲ့အခြေအနေတွေကြောင့် ဖမ်းထိန်းခဲ့ရတယ်။ ဒီလိုထိန်းတဲ့အခါမှာ တခြားနိုင်ငံတွေလို ငွေကြေးလည်း မရှိ ဘူး။ Infrastructure လည်း မရှိဘူးဆိုတဲ့ အခြေအနေတွေကြောင့် လူကိုလူနဲ့ပဲ ထိန်းခဲ့ရတယ်။ အဲဒီဟာကို ကျွန်တော်တို့က ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာပဲ အပြီးရပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကို အရင် အစိုးရလက်ထက်မှာ ဖွဲ့ခဲ့တဲ့ ကော်မတီကို အရင်အစိုးရလက်ထက်မှာပဲ အပြီးရပ်မယ်။ ဒါကြောင့် သမ္မတကြီးဆီကို တင်တယ်။ သမ္မတကြီးက လက်မခံဘူး ။ သုံးကြိမ်မြောက် တင်ပြီးတဲ့နောက်မှာ သမ္မတကြီးက ဖျက်သိမ်းခွင့် ပြုလိုက်တယ်။ ဒီအစိုးရအဖွဲ့ကျတော့ ဒီနိုင်ငံကို ဘာတွေလိုအပ်လဲဆိုတာ ကြည့်ပြီး ဆုံးဖြတ်မှရမယ် ။ ကျွန်တော်တို့က တင်ပြလို့ မရဘူး။ အရင်အစိုးရလက်ထက်မှာလည်း ကျွန်တော်တို့က တင်ပြခဲ့တာမဟုတ်ဘူး။ လွှတ်တော်မှာ တင်ရင်း တင်ရင်းနဲ့ ဘယ်သူတွေကို တာဝန်ပေးမလဲဆိုပြီး ဖြစ်လာခဲ့တာ။ ဒါကြီးကိုတော့ ကျွန်တော်တို့က Starter အနေနဲ့ မစဘူး။ အစိုးရအဖွဲ့ကပဲ စဉ်းစားရမယ့် Subject ဖြစ်ပါတယ်” လို့ ဦးတင်ရဲဝင်းက ဆိုပါတယ်။ဒီလို အခြေအနေမျိုးတွေကြောင့် ဖျက်သိမ်းခဲ့ရတဲ့ Mobile Team ကို NLD  အစိုးရ လက်ထက်မှာ ပုံစံတစ်မျိုးနဲ့ ပြန်လည် အသက်ဝင်လာအောင် လုပ်ဆောင်မလားဆိုတာနဲ့  တားဆီးနိုင်ခြင်းမရှိဘဲ ဆက်ပြီး မှောင်ခိုကုန်သွယ်မှုတွေကို မသိ ဟန်ဆောင် လွှတ်ပေးနေမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။■ Mobile Team ကောက်ကြောင်းမြန်မာနိုင်ငံမှာ တရားမဝင်ကုန်သွယ်မှုပပျောက်ရေးအတွက် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်စွဲပါ အမိန့် ကြော်ငြာစာ (၉၇/၂၀၁၂)နဲ့ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။တရားမဝင် ကုန်သွယ်မှုတားဆီးရေးအဖွဲ့ (Mobile Team) ရဲ့ ဖမ်းဆီးမှုကြောင့်  ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကနေ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် လေးနှစ်အတွင်း ကျပ် ခြောက်ဘီလျံ နီးပါးတန်ဖိုးရှိတဲ့ ကျောက်မျက်/ကျောက်စိမ်း၊ သစ်မျိုးစုံ၊ ဟန်းဆက်စတဲ့ ပစ္စည်းတွေ ဖမ်းဆီးမိခဲ့ပြီး ကျောက်စိမ်း/ ကျောက်မျက်ဖမ်းဆီးမှုက ကျပ် လေးဘီလျံနီးပါး ရရှိခဲ့ပါတယ်။ စုစုပေါင်း ဖမ်းဆီးရမိမှုကို ပြန်လည်ကြည့်မယ်ဆိုရင် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီဖွဲ့စည်းခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာကစပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာအထိ တရားမဝင်ကုန်သွယ်မှုတွေနဲ့ ဆက်စပ်တဲ့ ကုန်ပစ္စည်းဖမ်းဆီးရမိမှုပမာဏ ၅၃ ဘီလျံကျော်အထိ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု ပမာဏကို လေ့လာကြည့်မယ်ဆိုရင် နယ်စပ်ကုန်သွယ်မှု ပမာဏဟာ စုစုပေါင်း ကုန်သွယ်မှုရဲ့ ရာခိုင်နှုန်း ၂၀ လောက်ရှိပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုကတော့ စုစုပေါင်း ကုန်သွယ်မှု ရဲ့ ရာခိုင်နှုန်း ၈၀ ဝန်းကျင် ရှိနေပါတယ်။ ၂၀၁၂ ခုနှစ် Mobile Team ဖွဲ့စည်းစအချိန်မှာ နယ်စပ်ကုန်သွယ်မှုကိုပဲ ကြီးကြပ်နိုင်ခဲ့ပေမယ့် ၂၀၁၃ ခုနှစ် သြဂုတ်လကစပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုကို စတင် ဖမ်းဆီးခဲ့ပါတယ်။ ဒီလို ပင်လယ်ရေကြောင်း ကုန်သွယ်မှုဖမ်းဆီးဖို့အတွက် သတင်းစာရှင်းလင်းချိန်မှာ မြန်မာနိုင်ငံအတွင်းကို တရားမဝင် တင်သွင်းနေတဲ့ စက်သုံးဆီတွေကို ဖမ်းဆီးမယ်လို့ ဦးတင်ရဲဝင်းက တွက်ချက်ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ မော်တော်ယာဉ်အစီးရေ  လေးသိန်းကျော်ပဲရှိနေပြီး တစ်နေ့ကို ပျမ်းမျှ တစ်ဂါလန်နဲ့ တွက်မည်ဆိုရင်ကို တစ်နှစ်မှာ ဂါလန်သိန်းပေါင်း ၁၄၄၀ ကုန်ကျမယ်ဆိုတဲ့အကြောင်းနဲ့ ကညနမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ဆိုင်ကယ်၊ ထော်လာဂျီ၊ သုံးဘီးယာဉ် ၃၇ သိန်းကျော် အတွက် တစ်ရက်ကို တစ်လီတာနှုန်းနဲ့ တွက်မယ်ဆိုရင်တောင် တစ်နှစ်ကို ဂါလန်သိန်းပေါင်း ၂၉၁၆ လိုအပ်မယ်လို့ တွက်ချက်ခဲ့ပါတယ်။ ဒီလို အနည်းဆုံးပမာဏနဲ့ တွက်ချက်ထားတဲ့ အပြင် ရေယာဉ်တွေ၊ လုပ်ငန်းသုံးယန္တရားတွေ၊ မီးစက်သုံး ဓာတ်ဆီ၊ ဒီဇယ်ဆီတွေကို တွက်ချက်ထားမှု မရှိခဲ့ပါဘူး။ ဒီလို အနည်းဆုံး တွက်ချက်မှုရဲ့ လိုအပ်တဲ့ ပမာဏစုစုပေါင်းဟာ ဂါလန်သိန်းပေါင်း ၄၃၅၆ အထိ လိုအပ်နေပေမယ့်၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ဓာတ်ဆီ၊ ဒီဇယ်ဆီ တရားဝင် တင်သွင်းဖို့ လျှောက်ထားမှုက ဂါလန်ပေါင်း ၃၉၁၃ သိန်းသာ တရားဝင်တင်သွင်းရန် လိုင်စင်လျှောက်ထားခဲ့ပါတယ်။ ဒီလို ကွာဟနေတဲ့ အခြေအနေတွေကြောင့် စက်သုံးဆီ တရားမဝင်တင်သွင်းမှုကို ဖမ်းဆီးမယ်လို့  Mobile Team တာဝန်ရှိသူတွေ ကြွေကြော်ခဲ့ပေမယ့် ပြည်ထောင်စုအစိုးရအဖွဲ့က စက်သုံးဆီမှောင်ခို တင်သွင်းမှုတွေကို ဖမ်းဆီးခွင့်ပြုလိုက်ချိန်ကနေ Mobile Team ဖျက်သိမ်းချိန်အထိ စက်သုံးဆီ မှောင်ခိုတင်သွင်းမှုတွေကို ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိတာက အံ့သြစရာအခြေအနေဖြစ်ခဲ့ပြီး Mobile Team ကို စောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေရဲ့ သုံးသပ်ချက်မှာတော့ Mobile Team ဟာ အရင်စစ်အာဏာရှင်တွေ နဲ့ ခရိုနီကြီးတွေ ထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေကို အရေးယူနိုင်ခြင်းမရှိဘူးလို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ ဒီလို အားနည်းချက်တွေနဲ့ လာဘ်ပေးလာဘ်ယူမှု အခြေအနေတွေကြောင့် Mobile Team ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှာ ဖျက်သိမ်းခံလိုက်ရပါတယ်။ အဲဒီဖျက်သိမ်းမှုနဲ့ ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက “ဒါဟာ သမ္မတ အမိန့်အရ ပိတ်သိမ်းလိုက်တာပါ။ တရားမဝင် ကုန်သွယ်မှုတားဆီးရေးဗဟိုကော်မတီ အောက်မှာရှိတဲ့ ရှမ်းပြည်အရှေ့ပိုင်း တားဆီးရေးအဖွဲ့ကို တိုင်တာတောတာတွေ အများကြီးရှိတယ်။ သိရသလောက်တော့ အဲဒီကစပြီး ဖြစ်တယ်။ ရှမ်းပြည်အရှေ့ပိုင်းမှာ တာချီလိတ်၊ ကျိုင်းတုံက သွားတဲ့ မိုဘိုင်းအဖွဲ့ တွေလေ။ အဲဒီမှာ သစ်တွေဘာတွေ မှောင်ခိုတွေ ရှိတယ်မို့လား။ ကြီးကြီးကျယ်ကျယ် ဖြစ်သွားတယ်။ ဒါပေမဲ့ အသေးစား တနိုင်တပိုင် ကြက်၊ ဘဲတွေကိုတော့ လိုက်ဖမ်းနေတာပေါ့” လို့ ပြောခဲ့ပါတယ်။ဒီလို အခြေအနေတွေဟာ လက်ရှိ အစိုးရလက်ထက်မှာ စဉ်းစားရမယ့်အချက်တွေ ဖြစ်လာခဲ့ပါတယ်။“တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးပေါ့။ အပြိုင်သွင်းတဲ့ ကုန်ပစ္စည်းတွေ၊ တန်ဖိုးလျှော့သွင်းတာတွေ၊ အတုအပတွေ အများကြီးရှိပါတယ်။ လတ်တလော အခြေအနေတွေမှာ လူမှောင်ခို၊ လူသုံးကုန်၊ စားသောက်ကုန်၊ တောရိုင်းတိရစ္ဆာန် အများကြီးပဲ။ တိုင်းပြည်တစ်ပြည်အနေနဲ့က တရားမဝင်ကုန်သွယ်မှုကို နှိမ်နင်းဖို့ဆိုရင် အရေးလည်းကြီးတယ်၊ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုပါတယ်။ စီးပွားကူးသန်းဝန်ကြီးဌာန တစ်ရပ်နဲ့လည်း မပြီးဘူး။ အကောက်ခွန်ရော၊ ပြည်ထဲရေးရော၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေရော၊ ပြည်နယ်ဝန်ကြီးချုပ်တွေရော ၊ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကုန်သွယ်မှုတွေကလည်း နယ်စပ်တွေကို ဖြတ်ပြီး ဝင်လာတာဖြစ်တဲ့အတွက် နိုင်ငံအချင်းချင်းမှာရှိတဲ့ အစိုးရအချင်းချင်းရဲ့ ဆက်သွယ်မှုတွေကလည်း အရေးကြီးတယ်။ အားလုံးက ပူးပေါင်းဆောင်ရွက်မှ တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်” လို့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေး အဖွဲ့ဝင် ဒေါ်နန္ဒာသောင်းက ဆိုပါတယ်။■ ကုန်သွယ်မှု အခြေအနေမြန်မာနိုင်ငံရဲ့ တရားဝင်ကုန်သွယ်မှု ကိန်းဂဏန်းတွေနဲ့ တရုတ်နိုင်ငံဘက်က တရားဝင်ကုန်သွယ်မှု ကိန်းဂဏာန်းတွေကို လေ့လာကြည့်မယ်ဆိုရင် တရားမဝင်ကုန်သွယ်မှုတွေက တရားဝင်ကုန်သွယ်မှုတွေရဲ့ အဆ ၂၀ လောက်အထိ ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ အစိုးရအဖွဲ့က စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တရုတ်နိုင်ငံဘက်က ထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေကို ကိုးကားပြီး ပြောခဲ့ပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် ကနေ မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုပမာဏဟာ ဒေါ်လာ ၂၇၅၀၇ ဒသမ ၃၄၈ သန်းရှိခဲ့ပြီး  ဒီကုန်သွယ်မှုပမာဏမှာ ပို့ကုန်တင်ပို့မှုက ဒေါ်လာ ၁၁၀၄၉ ဒသမ ၉၄၂ သန်းနဲ့ သွင်းကုန်တင်သွင်းမှုက ဒေါ်လာ ၁၆၄၅၇ ဒသမ ၄၀၆ သန်း ပါဝင်ခဲ့လို့ ကုန်သွယ်မှုလိုငွေဟာ ဒေါ်လာ ငါးဘီလျံကျော် ပမာဏဖြစ်တဲ့ ဒေါ်လာ ၅၄၀၇ ဒသမ ၄၆၄ သန်းအထိ ရှိခဲ့ပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်း၊  ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်းရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅၄၀၇ ဒသမ ၄၆၄ သန်း ရှိခဲ့တဲ့အတွက် ကုန်သွယ်မှုလိုငွေ အများဆုံးပြတဲ့ နှစ်ဖြစ်ခဲ့သလို Mobile Team  ဖျက်သိမ်းမှုရဲ့ အကျိုးဆက်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။Mobile Team  ဖျက်သိမ်းပြီးနောက်မှာ တရားမဝင်ကုန်သွယ်မှုတွေကို အကောက်ခွန်ဦးစီးဌာနက ဖမ်းဆီးနေပါတယ်။ အကောက်ခွန်ဦးစီးဌာနရဲ့ ဖမ်းဆီးမှုတွေကို လေ့လာကြည့်မယ်ဆိုရင် ၂၀၁၅ ခုနှစ် နိုဝင်ဘာမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ဆိပ်ကမ်းတွေ၊ နယ်မြေဒေသတွေက ကျပ် ၇၃ သန်းကျော်ပဲ ဖမ်းဆီးနိုင်ခဲ့ပြီး ဒီဇင်ဘာမှာတော့ ကျပ် ၆၅၁ သန်းကျော်ဖိုးအထိ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ Mobile Team ဖျက်သိမ်းပြီးတဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှာ အကောက်ခွန်ဦးစီးဌာနရဲ့ ဖမ်းဆီးမှုပမာဏက ကျပ် ၁၀၃၅ သန်းကျော်ရှိခဲ့ပြီး မတ်လမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနဲ့ အကောက်ခွန်နယ်မြေဒေသ အသီးသီးမှာ တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးရှာဖွေ တားဆီးအရေးယူမှု ပြု လုပ်ရာမှာ စုစုပေါင်း ဖမ်းဆီး/တားဆီးမှု ၆၉ မှုသာရှိခဲ့ပြီး  ခန့်မှန်းတန်ဖိုးကျပ် ၇၄၇ ဒသမ ၇၉ သန်းခန့်သာ ဖမ်းဆီးနိုင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလို ဖမ်းဆီးမှုကို ပြန်ကြည့်မယ်ဆိုရင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က  တားဆီးမှု နှစ်မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၀ ဒသမ ၈၀ သန်းခန့်ပဲဖြစ်ပြီး ထူးခြားဖမ်းဆီးမှုအနေနဲ့ မတ် ၂၃ ရက်မှာ ကွာလာလမ်ပူကနေ ရန်ကုန်ကို လိုက်ပါလာတဲ့  မြန်မာနိုင်ငံသားခရီးသည်ထံက တားဆီးမှုတစ်မှု ရှိခဲ့ပါတယ်။ ဆိပ်ကမ်းတွေမှာ တားဆီးမှု ခြောက်မှုသာရှိပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၃၉၁ ဒသမ ၀၃ သန်းခန့်နဲ့  ထူးခြားဖမ်းဆီးမှုအဖြစ် ခန့်မှန်းတန်ဖိုး ကျပ် ၃၁၁ ဒသမ ၆၂ သန်းခန့်ရှိတဲ့ သွင်းကုန်တွေကို  ၁၂၆ ရက် ကျော်လွန်နေတဲ့အတွက် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့မှုနဲ့ နယ်မြေဒေသများတွေမှာ တားဆီးမှု  ၆၁ မှုရှိပြီး စုစုပေါင်းခန့်မှန်း တန်ဖိုးကျပ် ၃၅၅ ဒသမ ၉၆ သန်းလောက် ရှိခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ဒီလို Mobile Team ဖျက်သိမ်းပြီးနောက်မှာ လျော့ကျလာတဲ့ တရားဝင် တင်သွင်းမှုတွေနဲ့ ပြန်လည်မြင့်တက်လာတဲ့ မှောင်ခိုကုန်သွယ်မှုတွေအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ တရားဝင်အချက်အလက်တွေ စုဆောင်းထားပြီး အစိုးရအဖွဲ့ မေးမြန်းချိန်မှာ အသင့်ဖြေဆိုနိုင်အောင် ပြင်ဆင်ထားတယ်လို့ ဦးတင်ရဲဝင်းက ဆိုပါတယ်။“ကျွန်တော်တို့ဆီမှာ လစဉ် အချက်အလက်တွေ ကိုင်ထားတယ်။ အစိုးရအဖွဲ့က မေးလာရင် ပြင်ဆင်နိုင်အောင် အသင့်ပြင်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဌာနက Trade Volume ကို ကိုင်တွယ်ရတဲ့ အဖွဲ့အစည်းဖြစ်နေလို့ပါ။ တစ်ချိန်မှာ မေးလာနိုင်တာကိုလည်း တွက်ထားတယ်။ အဲဒီအတွက်ကြောင့် နေ့စဉ် နေ့စဉ် လစဉ် လစဉ်ဖြစ်နေတာတွေကို မှတ်တမ်းတွေ ယူထားတယ်။ ဓာတ်ပုံတွေ ယူထားတယ်။ စခန်းတွေကလည်း တရားမဝင်ကုန်သွယ်မှုတွေ ကို မှတ်တမ်းတွေ ယူထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို မမေးရင် ကျွန်တော်တို့ မဖြေသေးဘူး။ အစိုးရအဖွဲ့က မေးလာရင်တော့ ဖြေနိုင်ဖို့ ပြင်ထားတယ်။ မှောင်ခိုကုန်သွယ်မှုတွေကို စစ်ဆေးဖမ်းဆီးဖို့က အရင်တုန်းက ကျွန်တော်တို့ကို စစ်ဆေးခွင့်ပေးထားတယ်။ အခု ပေးမထားဘူး။ အခြေခံကျကျ စဉ်းစားကြည့်ရင်ကိုပဲ တရားမဝင်ကုန်သွယ်မှုဆိုတာ စစ်ဆေးတားဆီးမှုမရှိရင် ပိုများလာမှာပဲ။ ဘယ်လောက်အထိ များလာလဲဆိုရင်တော့ ကျွန်တော်တို့က အတိအကျကြီး ဟိုအထုပ် ဖြဲကြည့်၊ ဒီအထုပ် ဖြဲကြည့် သွားရှာလို့မရတဲ့အတွက် အတိအကျကြီး ပြောလို့မရပေမယ့် ဖြစ်နေတဲ့ Current  ကြီးတော့ ကျွန်တော်တို့ မြင့်နေရတယ်” လို့ ဦးတင်ရဲဝင်းက ဆိုပါတယ်။■ NLD အစိုးရလက်ထက် ကုန်သွယ်မှု မျှော်လင့်ချက်မြန်မာနိုင်ငံမှာ တရားဝင်ကုန်သွယ်မှု ပမာဏနဲ့ တရားမဝင်ကုန်သွယ်မှုပမာဏ တန်ဖိုးက အတူတူနီးပါးဖြစ်နေတဲ့အတွက် ဒီကိစ္စကို အမျိုးသားရေးလုပ်ငန်းတစ်ရပ်အနေနဲ့ လုပ်ကိုင် ဆောင်ရွက်သွားရမယ့် အခြေအနေဖြစ်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဧပြီ ၂၃ ရက် က ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပတဲ့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။“တရားမဝင် ကုန်သွယ်မှုတွေက လက်ရှိအခြေအနေမှာ တော်တော်လေးကို ကိုင်တွယ်ရခက်တဲ့ ပြဿနာဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း တရားဝင်နဲ့ တရားမဝင်က အပြိုင်လိုဖြစ်နေတော့ အဖွဲ့အစည်းပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အနေအထားပဲ။ နောက်ပြီး ဒီ Trade လုပ်တဲ့သူတွေအပေါ်မှာ ဘယ်လိုအရေးယူ ဆောင်ရွက်မလဲဆိုတဲ့ အပိုင်းတွေကလည်း ရှိတော့ တော်တော်လေးကို ခက်ခက်ခဲခဲနဲ့ အမျိုးသားရေးလုပ်ငန်းအနေနဲ့ လုပ်ရမယ့်သဘော ဖြစ်နေတယ်။ဘာလို့လဲဆိုရင် တရားဝင်နဲ့ တရားမဝင်က တချို့ကပြောတော့ တန်ဖိုးက အတူလောက်ဖြစ်နေတယ်လို့ ပြောနေကြတယ်။ ဒါကို စနစ်တကျလေ့လာဖို့တော့ ခက်တယ်”လို့ ဒေါက်တာသန်းမြင့်က ဆိုပါတယ်။ဒါ့အပြင် အရင်အစိုးရ ငါးနှစ်တာ သက်တမ်းအတွင်းမှာ ပို့ကုန်နဲ့ သွင်းကုန်အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် ကုန်သွယ်မှုက တစ်ဆတောင် တက်မလာခဲ့ဘဲ တစ်ဖက်စောင်းနင်း ဖြစ်နေခဲ့တဲ့ အခြေအနေကြောင့် NLD အစိုးရရဲ့ ငါးနှစ် သက်တမ်းအတွင်းမှာ ပို့ကုန်ကို သုံးဆ တက်လာအောင် လုပ်ဆောင်မယ်လို့ ဒေါက်တာသန်းမြင့်က ပြောပါတယ်။“အဓိကကတော့ လယ်ယာကနေပြီးတော့ စားသုံးကုန်အပြင် အပိုအလျှံ ပြန်ထုတ်မယ်။ အသေးစား စက်မှုလုပ်ငန်းကနေပြီးတော့ ပို့ကုန်ပြန်လုပ်မယ်၊ လယ်ယာနဲ့ အသေးစား စက်မှုလုပ်ငန်းရှင်တွေကို တွန်းအားပေးမယ်။ဝန်ကြီးဌာနတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ကူညီသင့်တာ ကူညီ၊ လိုက်လျောသင့်တာ လိုက်လျော၊ ဖြေလျှော့သင့်တာ ဖြေလျှော့၊ ဥပဒေနဲ့အညီ တင်းကျပ်သင့်တာ တင်းကျပ်လိုက်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဝန်ကြီးဌာနတွေ အနေနဲ့ချည်းလည်း ကြိုးပမ်းနေလို့ မလုံလောက်ပါဘူး။ လုပ်ငန်းရှင်တွေရော အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ တကယ်တော့ အစီအစဉ်တစ်ခုအနေနဲ့ ချထားတဲ့ သဘောတော့ မဟုတ်ပါဘူး။ တိုးတက်ဖို့ဆိုရင် တစ်ပိုင်းက ပြည်တွင်းထုတ်လုပ်မှု ပို့ကုန်ရနိုင်မယ့် ပစ္စည်းမျိုး ဘယ်လိုကဏ္ဍတွေမှာ ဦးစားပေးပြီးတော့ လုပ်မလဲဆိုတဲ့အပိုင်း၊ နောက်တစ်ပိုင်းက ထွက်လာတဲ့ပစ္စည်းကို ဈေးကွက်ဘယ်လိုရှာမလဲ ဆိုတဲ့အပိုင်း၊ ဈေးကွက်အလားအလာက ကောင်းပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာရော အမေရိကန်နိုင်ငံတို့၊ EU နိုင်ငံတို့မှာ ဈေးကွက်ရနိုင်ဖို့ အလားအလာရှိတယ်။ ပို့နိုင်တဲ့ ထုတ်လုပ်မှုကဏ္ဍကတော့ နည်းနည်းလေး မေးခွန်းထုတ်စရာ ရှိတာပေါ့။ ဥပမာ လယ်ယာကဏ္ဍ တိုးတက်အောင်လုပ်ဖို့ဆို လယ်သမားတွေ လိုအပ်တဲ့ ငွေကြေးတို့၊ တစ်ဖက်က အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ နည်းပညာတို့၊ အရင်းအနှီးတို့ အားပေးရမယ်။ ဝန်ကြီးဌာနအနေနဲ့ အခြားဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး တတ်နိုင်သမျှ ညှိနှိုင်းပြီး လုပ်ကိုလုပ်ရမယ့်ကိစ္စပါ။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါမယ်” လို့ ဒေါက်တာသန်းမြင့်က ဆိုပါတယ်။ဒီလို စီးပွားကူးသန်းဝန်ကြီးပြောကြားတဲ့ ပို့ကုန်ကို သုံးဆမြှင့်ချင်တယ်ဆိုရင် ကြိုးစားရမယ့် အနေအထားတွေက အများကြီးရှိနေပြီး အခြေခံအဆောက်အအုံတွေကအစ အားလုံးကောင်းအောင် လုပ်ဖို့အပြင် ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးတွေ မြှင့်တင်ဖို့နဲ့ ဝန်ကြီးဌာနအားလုံးလည်း ပူးပေါင်းဆောင်ရွက်ဖို့လိုမှာ ဖြစ်ပါတယ်လို့ ဒေါ်နန္ဒာသောင်းက ဆိုပါတယ်။ပို့ကုန် သုံးဆတက်အောင် လုပ်မယ်ဆိုပေမဲ့ တရားမဝင်ကုန်သွယ်မှုတွေကို အရင်အစိုးရတုန်းကလို Mobile Team ဖွဲ့ပြီး ဖမ်းဆီးအရေးယူမယ့် အနေအထားတော့ မရှိဘူးလို့ ဒေါက်တာသန်းမြင့်က ဆိုပါတယ်။“Mobile Team ကတော့ အန်ကယ်လ် ပုဂ္ဂိုလ်ရေးအရ ကြည့်မယ်ဆိုရင် မဖွဲ့လိုဘူး။ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက သက်ဆိုင်ရာ ဂိတ်တွေမှာ ကိုယ့်တာဝန်ကိုယ် ကျေပြွန်စွာနဲ့ ဥပဒေဘောင်ထဲက တာဝန်ရှိရှိနဲ့ လုပ်မယ်ဆိုရင် ဒီမှောင်ခိုလမ်းကြောင်းတွေက ပိတ်နိုင်ပါတယ်။ ဒီလိုနည်းနဲ့ပဲ လုပ်မှာပါ။ Mobile Team က သွားဖမ်းမှ တွေ့တာမျိုးက လိုအပ်တဲ့အရာတော့ မဟုတ်ပါဘူး။ သို့သော် “စစစ” တို့လို စုံစမ်းစစ်ဆေးရမယ့် အလုပ်တွေကတော့ လုပ်နေရမှာပါ။ သို့သော် အဖွဲ့ကြီးဖွဲ့ပြီးတော့ ဟိုလူ့သွားဖမ်း ဒီလူ့သွားဖမ်း သဘောကတော့ အောင်မြင်တဲ့ အနေအထားမရှိပါဘူး” လို့ ဒေါက်တာသန်းမြင့်က ဆိုပါတယ်။ဒေါက်တာသန်းမြင့်ရဲ့ ပြောဆိုချက် အပေါ် လက်ရှိမှာနယ်စပ်စခန်းတွေ စစ်ဆေးရေးဂိတ်တွေကနေ လာဘ်ပေးပြီး ပြည်တွင်းကို တရားမဝင်ကုန်သွယ်နေတဲ့ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်သွားမလဲလို့ Weekly  Eleven ဂျာနယ်က မေးမြန်းရာမှာ ဒေါက်တာ သန်းမြင့်က “ဒါတွေကတော့ ဥပဒေဘောင်အတွင်းက လုပ်ဖို့နဲ့ တရားဥပဒေစိုးမိုးမှုကတော့ ဝိုင်းဝန်းလုပ်ကြရမှာပါ။ ဟိုတုန်းက အခက်အခဲတွေတော့ ရှိခဲ့တာပေါ့။ ဒီအခက်အခဲကို ဘယ်လိုကျော်လွှားမလဲဆို စုပေါင်းတိုင်ပင်ပြီးတော့ ပွင့်လင်းမြင်သာရမယ်။ ဥပဒေဘောင်ထဲက လုပ်ရမယ်။ ဥပဒေစိုးမိုးရေးလုပ်ဖို့အတွက် အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိပါတယ် ။ ဒီနည်းလမ်းနဲ့ပဲ ဒီပြဿ နာကို ပြေလည်အောင် လုပ်သွားမယ်” လို့ ဆို ပါတယ်။