လဝက၏ ထုတ်ပြန်စာ၊ တာမိုးညဲဒေသ၌ သြဇာရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးမြင့်လွင် (ခ) ဝမ်ကောင်းတာ့ အကြောင်းကို ရွေးကောက်ပွဲ ကော်မရှင်က ဖော်ပြထားသော အချက်အလက်များနှင့်ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ (Shan Drug Watch) က ဖော်ပြခဲ့သော အချက်အလက်များကို တွေ့ရစဉ်
သမ္မတ ဦးသိန်းစိန် ရာထူးက မဖယ်မီ ရက်ပိုင်း အလိုမှာပဲ မြန်မာနိုင်ငံမှာ နောက်ထပ် အမည်ခံ တိုင်းရင်းသား လူမျိုးတစ်ခု ထပ်ပေါ်လာပါတယ်။မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးထဲမှာ လုံး၀ ပါဝင်ခဲ့ခြင်း မရှိတဲ့ မုန်းဝန်း အမည်ခံ တာမိုးညဲ ဒေသခံတွေကို မုန်းဝန်း ဗမာတိုင်းရင်းသားအဖြစ် သတ်မှတ်ပေးဖို့ လုပ်ဆောင်ခဲ့တာပါ။ဒါဟာ ပြည်သူတွေရဲ့ သဘောဆန္ဒ ပါဝင်ခြင်း မရှိဘဲ အမည်ခံ တိုင်းရင်းသား လူမျိုးတစ်ခု သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီလို ထပ်ပေါ်လာတဲ့ အမည်ခံ တိုင်းရင်းသား လူမျိုး ဆိုတာ ဗမာစာကို မတတ်၊ ဗမာစကား မပြောပဲ တရုတ် ဘာသာကိုပဲသိ၊ တရုတ်စကားပြော၊ တရုတ်နာမည် သုံးသူတွေ ဖြစ်နေပါတယ်။
■ မုန်းဝန်း ဗမာ သတ်မှတ်ခြင်းလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ဝန်ကြီးဋ္ဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က မတ် ၁၁ ရက် ရက်စွဲနဲ့ လက်မှတ်ထိုး ထုတ်ပြန်ခဲ့တဲ့ စာတစ်စောင် ပေါက်ကြားပြီး လူမှုကွန်ရက် Facebook စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။“တာမိုးညဲ ဒေသ (မုန်းဝန်း) ဗမာတိုင်းရင်းသားများအား မုန်းဝန်း ဗမာဟု သတ်မှတ် အသုံးပြုသွားရန် ကိစ္စ” လို့ ခေါင်းစဉ်ပေးထားတဲ့ စာကို လဝက ဝန်ကြီးဌာန အောက်မှာ ရှိတဲ့ ညွှန်ကြားရေးမှူးချုပ် သုံးဦးထံ ပေးပို့ခဲ့တာပါ။ စာမှာ အကြောင်းအရာ ခြောက်ချက် ပါဝင်ခဲ့ပါတယ်။ပထမ တစ်ချက်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ၂၀၁၀ ပြည့်နှစ်မှာ မုန်းဝန်း ဗမာလို့ သတ်မှတ်ပေးခဲ့တာကို တရားဝင် ဆက်ပြီး အတည်ပြုပေးဖို့ သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့တယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးနိုင်ဖို့ မုန်းဝန်း(ဗမာ)လို့ သတ်မှတ်ပြီး မှတ်ပုံတင်လဲပေးဖို့ မှတ်ချက်ပြုခဲ့တယ်လို့ ဆိုပါတယ်။ဒုတိယ အချက်မှာတော့ ခေတ်အဆက်ဆက် နိုင်ငံတော်အကြီး အကဲတွေက နိုင်ငံတော် လုံခြုံရေး အတွက် သူတို့ (မုန်းဝန်း) ရဲ့ ပူးပေါင်းပါဝင်မှုကို အသိအမှတ် ပြုမှုများ ရှိခဲ့တယ်၊ ၁၉၉၈ ခုနှစ် မေ ၁၁ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းခရီးစဉ်မှာ တာမိုးညဲဒေသ မုန်းဝန်း(ဗမာ) တိုင်းရင်းသားတွေကို မုန်းဝန်း အမည်ကနေ တာမိုးညဲဒေသ ဗမာတိုင်းရင်းသား အမည်သို့ ပြောင်းလဲ သတ်မှတ်ပေးခဲ့တဲ့ နောက်ပိုင်း ဗမာတိုင်းရင်းသား အမည် ခံယူခဲ့တယ်။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၀ မှာ ပြည်ထဲရေး ဝန်ကြီးဌာနက မုန်းဝန်း တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး တာမိုးညဲမြို့မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ကိုယ်တိုင် ဖွဲ့စည်းပေးခဲ့တယ်လို့ ဆိုပါတယ်။၂၀၀၉ ခုနှစ်မှာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက တာမိုးညဲဒေသ ဗမာတိုင်းရင်းသားတွေကို နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးတဲ့ အခါ လူမျိုးနေရာမှာ ‘မုန်းဝန်း တရုတ်’ အစား မုန်းဝန်းဗမာ/ဗုဒ္ဓဘာသာလို့ ဖော်ပြပြီး စာရင်း ရေးသွင်းခဲ့တယ်။ ဒီ မတိုင်ခင် ထုတ်ပေးခဲ့တဲ့ မှတ်ပုံတင်တွေမှာ လူမျိုး နေရာတွေကို ပြင်ဆင်ပေးခဲ့ခြင်း မရှိဘူး၊ ၂၀၀၃ ခုနှစ်မှာ မှတ်ပုံတင် လုပ်ပေးတုန်းက လူမျိုးနေရာမှာ မုန်းဝန်းလို့သာ ဖော်ပြခဲ့တာကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သတ်မှတ်ပေးခဲ့တဲ့ တာမိုးညဲ ဗမာ တိုင်းရင်းသား အမည် ပယ်ဖျက်ခံရသလို ဖြစ်ခဲ့တယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ်မှာ ပြင်ဆင်ပေးဖို့ တာမိုးညဲ ဒေသခံတွေက လဝက ဝန်ကြီးဆီ တင်ပြခဲ့တယ်လို့ တတိယ အချက်မှာ ဖော်ပြပါတယ်။လားရှိုးမြို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှာ ၂၀၁၅ ခုနှစ် ဇူလိုင် ၆ ရက်က ပြုလုပ်တဲ့ တာမိုးညဲ ဒေသ (မုန်းဝန်း) ဗမာတိုင်းရင်းသား ယဉ်ကျေးမှု ပြခန်းတစ်ခန်း ပြသနိုင်ရေး အစည်းအဝေးမှာ ဒေသခံ ရှမ်း၊ တအာင်း (ပလောင်)၊ ‘ဝ’၊ ကချင်၊ ကိုးကန့်၊ မြောင် ဇီး(ခ)မှုန့်၊ လီဆူး၊ လားဟူ၊ ဗမာ၊ ဗမာ(မုန်းဝန်း) ယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်၊ ကိုယ်စားလှယ် ၅၇ ဦးက တာမိုးညဲဒေသ (မုန်းဝန်း) ဗမာတိုင်းရင်းသား ဖြစ်တည်မှုကို ထောက်ခံတယ်လို့ စတုထ္ထ အချက်မှာ ပြောခဲ့ပါတယ်။ပဉ္စမ အချက်မှာ ဖော်ပြထားတဲ့ အရာက လဝက ဝန်ထမ်း အချို့ဟာ နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်ကို မသိဘဲ မုန်းဝန်း လူမျိုးလို့ မှတ်ပုံတင်မှာ ဖော်ပြခဲ့တဲ့အတွက် ကွတ်ခိုင်မြို့နယ်၊ မဲဆန္ဒနယ်မှာ ဆန္ဒမဲ ပေးခွင့်ရှိတဲ့ တားမိုးညဲဒေသ မုန်းဝန်း(ဗမာ) တိုင်းရင်းသား ၆၀၀၀၀ ကျော် ရှိတဲ့ထဲမှာ ဗမာတိုင်းရင်းသား ကိုယ်စားလှယ်လောင်းကို မုန်းဝန်း (ဗမာ) ၆၂၀ ကျော်သာ မဲပေးခွင့် ရှိခဲ့တယ်၊ ရွေးကောက်ပွဲ ကော်မရှင်က မုန်းဝန်း(ဗမာ)တွေကို မဲပေးခွင့် ပြုခဲ့ပေမယ့် မှတ်ပုံတင်မှာ မုန်းဝန်း/မြန်၊ မုန်းဝန်း/တရုတ်၊ မုန်းဝန်း/ဗုဒ္ဓလို့ ဖော်ပြခံရသူတွေ မဲပေးခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။ဒီအတွက် မှတ်ပုံတင်မှာ ဖော်ပြပြီး ဖြစ်တဲ့ လူမျိုးနေရာတွေမှာ မုန်ဝန်း(ဗမာ) သတ်မှတ်ပေးဖို့နဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြား မှတ်ပုံတင်တွေကို အစားထိုး လဲလှယ် ပြင်ဆင်ပေးဖို့ နောက်ဆုံး အချက်မှာ ပြောခဲ့ပါတယ်။
■ တာမိုးညဲ၊ မုန်းဝန်းနှင့် ဆက်နွှယ်မှုများရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ကွတ်ခိုင်၊ သိန္နီ၊ ကွမ်လုံ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မူဆယ် ဒေသတွေနဲ့ ထိစပ်နေတဲ့ တာမိုးညဲ ဒေသ ဆိုတာ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကာလ စစ်အာဏာသိမ်း ခေါင်းဆောင်တွေ လက်ထက်မှာ ထင်ရှားလာတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။တာမိုးညဲ ပြည်သူ့စစ် အဖွဲ့မှာရော၊ မုန်းဝန်းပြည်သူ့စစ် အဖွဲ့မှာပါ သြဇာရှိတဲ့ ခေါင်းဆောင်ဟာ ဦးမြင့်လွင် (ခေါ်) ဝမ်ကောင်းတာ့ ဖြစ်ပါတယ်။ ဗမာလူမျိုး မဟုတ်ဘဲ တရုတ်-ကိုးကန့်နွယ်ဖွား ဖြစ်တဲ့ ဦးမြင့်လွင်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ပြည်ခိုင်ဖြိုး)ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့သလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း အနိုင်ရထားပါတယ်။ထူးခြားချက်က ဦးမြင့်လွင်ဟာ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ယခု ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ) ဦးတီခွန်မြတ်လိုပဲ မူးယစ်ဆေးဝါး ကိစ္စနဲ့ ပတ်သက်ပြီး ကွတ်ခိုင်ဒေသတွင်းမှာ နာမည်ကြီးသူ ဖြစ်ပါတယ်။ဦးမြင့်လွင်ဟာ ဘိန်းဘုရင် ခွန်ဆာရဲ့ Mong Tai Army (MTA) ကနေ ပေါ်ပေါက်လာတဲ့ ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် နှစ်ဦးနဲ့ အနီးကပ် ဆက်ဆံရေး ရှိသူ ဖြစ်ကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာနက ထုတ်ဝေတဲ့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ (Shan Drug Watch) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။သူဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုမှာ ပါဝင် ပတ်သက်နေသူ တစ်ဦး ဖြစ်တယ်လို့ ဆိုထားသလို နယ်သာလန် အခြေစိုက် (Transnational Institute - TNI) ရဲ့ ၂၀၁၂ ခုနှစ် အစီရင်ခံစာမှာလည်း ရှမ်းပြည်နယ်အတွင်း သယံဇာတ ထုတ်ယူမှုတွေမှာ ပါဝင် ပတ်သက်နေတဲ့ တာမိုးညဲချမ်းသာ ကုမ္ပဏီကို ဦးဆောင်သူအဖြစ် ဖော်ပြခဲ့ပါတယ်။ဦးမြင့်လွင်နဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီက တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ သူဟာ ၁၉၄၃ ခုနှစ်မှာ မွေးဖွားခဲ့သူ ဖြစ်တယ်၊ အသက် ၇၃ နှစ်ရှိပြီး ပညာ အရည်အချင်း - ၇ တန်း၊ အလုပ်အကိုင် - တာမိုးညဲချမ်းသာ ရောင်းဝယ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ၊ လူမျိုး - မုန်းဝန်း ဗမာ၊ မိခင်- ဒေါ်လီဖူပေါက်၊ ဖခင်- ဦးဝမ်လောက်ပန်း၊ ကိုးကွယ်သည့် ဘာသာ - ဗုဒ္ဓလို့ ဆိုထားပါတယ်။မူးယစ်ဆေးဝါး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဦးမြင့်လွင်ရဲ့ ဆက်စပ်မှုကို သီးခြား အတည်မပြုနိုင်ပါဘူး။ ဒါပေမဲ့ တာမိုးညဲချမ်းသာ ကုမ္ပဏီဟာ တရုတ်ကုမ္ပဏီ ဖြစ်တဲ့ Sunshine Kaidi New Energy Group နဲ့ ပူးပေါင်းပြီး ဇီဝလောင်စာ ထုတ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းမှာ ရှိတဲ့ မြေရိုင်း ဧက ၆၀၀၀၀၀ ကျော် ပေးဖို့ ၂၀၁၃ ခုနှစ်က အစိုးရဆီမှာ တောင်းခဲ့ဖူးပါတယ်။ ဒေသခံတွေက လက်မခံဘဲ ကန့်ကွက်ခဲ့တဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းခဲ့ရပါတယ်။ဦးမြင့်လွင် ဥက္ကဋ္ဌဖြစ်တဲ့ တာမိုးညဲချမ်းသာ ကုမ္ပဏီဟာ တာမိုးညဲ ပြည်သူ့စစ်အဖွဲ့ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ တာမိုးညဲမြို့ကို ဗဟိုပြုပြီး အနီးတဝိုက်မှာ စခန်းရှစ်ခု အခြေစိုက် လှုပ်ရှားခဲ့ပါတယ်။ အဲဒီ ပြည်သူ့စစ် အဖွဲ့ကို ၁၉၇၂ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တာပါ။ စတင် ဖွဲ့စည်းချိန်မှာ တားမိုညဲဟာ ကျေးရွာ အဆင့်ပဲ ရှိပါသေးတယ်။၁၉၉၉ ခုနှစ် စက်တင်ဘာမှာ တားမိုးညဲချမ်းသာ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ဒီအချိန်မှာ တာမိုးညဲ ဒေသကို တာမိုးညဲ ဗမာ တိုင်းရင်းသား ဒေသလို့ သတ်မှတ်ခဲ့တဲ့ အပြင် ဒေသမှာ နေကြသူတွေကို မုန်းဝန်း အမည်ကနေ တာမိုးညဲဒေသ ဗမာတိုင်းရင်းသား အဖြစ် ပြောင်းဖို့ ၁၉၉၈ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သတ်မှတ်ပေးခဲ့ပါတယ်။တာမိုးညဲချမ်းသာ ကုမ္ပဏီ ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ စက်ပစ္စည်းတွေ၊ မဟာဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံ တည်ဆောက်ရာမှာ လိုအပ်တဲ့ စက်ပစ္စည်းတွေကို၊ ဓာတုပစ္စည်းတွေ၊ တယ်လီဖုန်း ဆက်သွယ်ရေး ဆိုင်ရာ ပစ္စည်းတွေကို မြန်မာနိုင်ငံ အတွက် တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ငါး၊ ပုစွန်၊ ပဲမျိုးစုံ၊ လက်ဖက်ခြောက်၊ ပြောင်းနဲ့ ဂုန်လျှော်တွေကို ပြည်ပ တင်ပို့တဲ့ လုပ်ငန်းတွေ လုပ်ပါတယ်။တာမိုးညဲချမ်းသာ ကုမ္ပဏီဟာ တရုတ်နိုင်ငံက အင်အားတောင့်တင်းတဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ကုမ္ပဏီခွဲ ခြောက်ခုရှိတဲ့ အထိ အင်အားကြီးခဲ့ပါတယ်။ ရရှိတဲ့ အချက်အလက်တွေအရ တာမိုးညဲချမ်းသာ ကုမ္ပဏီ အုပ်စုအောက်မှာ တာမိုးညဲချမ်းသာ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ၊ တာမိုးညဲချမ်းသာ သစ်အခြေခံ စက်မှုလုပ်ငန်း ကုမ္ပဏီ၊ တာမိုးညဲ ချမ်းသာ သတ္တုတူးဖော်ရေး ကုမ္ပဏီ၊ တာမိုးညဲ ချမ်းသာ ထွန်းဝေသာ ကုမ္ပဏီ၊ ချမ်းသာ ကျောက်မျက်ကုမ္ပဏီနှင့် စီမံကိန်းအားလုံး ဆောက်လုပ်ရေး ကုမ္ပဏီတို့ ဖြစ်ကြပါတယ်။ဖော်ပြပါ အချက်အလက်တွေက တာမိုးညဲဒေသ၊ ဦးမြင့်လွင်နဲ့ မုန်းဝန်းတို့အကြား ဆက်နွှယ်မှုတွေ ဖြစ်ပါတယ်။ ကျေးရွာအဆင့် ဌာနေ ပြည်သူ့စစ် အဖွဲ့ကနေ မြို့နယ်ခွဲ အဆင့်ထိ ဖြစ်လာတဲ့ တာမိုးညဲဟာ အခုချိန်မှာတော့ သူတို့ ဒေသမှာ နေထိုင်နေသူတွေကို တိုင်းရင်းသား မျိုးနွယ်အဖြစ် တရားဝင် သတ်မှတ်ဖို့ တွန်းအားပေး လုပ်ဆောင်ခဲ့ပါပြီ။
■ တိုင်းရင်းသား စစ်သလားမှတ်ပုံတင်ရဲ့ လူမျိုးနေရာမှာ မုံးဝန်းဗမာလို့ သတ်မှတ်ပေးမယ်ဆိုရင် တာမိုးညဲ ဒေသမှာ နေထိုင်ကြသူတွေ တိုင်းရင်းသား စစ်သလား ဆိုတဲ့ မေးခွန်း မေးရမှာပါ။ ဒါ့အပြင် သူတို့ရဲ့ နိုင်ငံသား ဖြစ်မှုကိုလည်း စိစစ်ရမှာ ဖြစ်ပါတယ်။၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ရလဒ်အရ သတ်မှတ်တဲ့ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးမှာ ‘မုန်းဝန်း’ အမည် ပါဝင်ခြင်း မရှိသလို မုန်းဝန်း ဗမာ ဆိုတာလည်း မရှိခဲ့ပါဘူး။၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူချိန်မှာလည်း မုန်းဝန်းကို တိုင်းရင်းသား လူမျိုးတစ်ခု အဖြစ် သတ်မှတ်ခြင်း မရှိဘဲ တိုင်းရင်းသား မျိုးနွယ် မဟုတ်သူတွေ ဖြည့်စွက်ရတဲ့ နံပါတ် ၉၁၄ မှာ ရေးသွင်းခဲ့ရပါတယ်။ဒီအတိုင်းပဲ ရှမ်းတိုင်းရင်းသား မျိုးနွယ်စု ၃၃ မျိုးထဲမှာ ကိုးကန့်ကို တိုင်းရင်းသား လူမျိုးအဖြစ် သတ်မှတ်ပေမယ့် မုန်းဝန်း၊ မုန်းဝန်းဗမာ အခေါ်အဝေါ် မရှိပါဘူး။ ဗမာ တိုင်းရင်းသား မျိုးနွယ်စု ကိုးမျိုးထဲမှာလည်း မုန်းဝန်း မပါပါဘူး။ ဗမာ၊ ထားဝယ်၊ မြိတ်၊ ယော၊ ရဘိန်း၊ ကခူး (ခုံကူး)၊ ဂဏန်း၊ ဆလုံ၊ ဖုန်း(ဖွန်) တို့ပဲ ဗမာတိုင်းရင်းသား မျိုးနွယ်စုထဲ ပါဝင်ပါတယ်။ ရှမ်းပြည်နယ်မှာ အစဉ်တစိုက် နေထိုင်လာတဲ့ ရှမ်းတိုင်းရင်းသားတွေက မုန်းဝန်းကို မုန်းဝန်း ဗမာ လုပ်ပြီး လူမျိုး တစ်ခုအဖြစ် သတ်မှတ်တာ လက်မခံပါဘူး။ မုန်းဝန်းဟာ ဒေသငယ် တစ်ခုရဲ့ အမည်သာဖြစ်ပြီး မုန်းဝန်း အမည်ခံတဲ့ လူဦးရေကလည်း နည်းတယ်လို့ ဆိုပါတယ်။ လဝကရဲ့ ထုတ်ပြန်ချက်မှာပါ ဝင်တဲ့ အချက်တစ်ခုအရ တာမိုးညဲ ဒေသမှာ (အသက် ၁၈ နှစ်အထက်)ဆန္ဒမဲပေးခွင့်ရှိသူ မုန်းဝန်း(ဗမာ) တိုင်းရင်းသား ၆၀၀၀၀ ကျော်ရှိ တယ်လို့ ဆိုပါတယ်။တာမိုးညဲဒေသ ကွတ်ခိုင်၊ ကုန်ကြမ်းနှင့် လောက်ကိုင်ဒေသ ဆက်စပ်မှုနှင့် တာမိုးညဲ ဒေသ၏ လူဦးရေ စာရင်း (Source: DOP)
ဒါပေမဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ရလဒ်မှာ ဖော်ပြထားတာက တာမိုးညဲ မြို့နယ်ခွဲ နေထိုင်သူ လူဦးရေ ၇၃၃၁၈ ဦး ရှိပါတယ်။ ဒီထဲမှာ အသက် ၁၈ နှစ်အထက် လူဦးရေ ၄၁၀၅၂ ဦး ရှိပါတယ်။ ဒါကြောင့် လဝက ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ မုန်းဝန်း ၆၀၀၀၀ ကျော်ဟာ တာမိုးညဲ မြို့နယ်ခွဲမှာ နေထိုင်သူ ဖြစ်တယ် ဆိုရင် လူဦး ၂၀၀၀၀ နီးပါး ပိုထွက်နေတယ်လို့ ယူဆနိုင်ပါတယ်။ဒါမှမဟုတ် လူဦးရေ ၆၀၀၀၀ ကျော်မှာ ကွတ်ခိုင်မြို့နယ်ထဲ နေထိုင်သူတွေ ပါဝင်တယ် ဆိုရင် တာမိုးညဲ ဒေသမှာ ၄၀၀၀၀ ကျော်၊ ကွတ်ခိုင်မြို့နယ်မှာ နေထိုင်သူ ဦးရေ ၂၀၀၀၀ နီးပါး ရှိတယ်လို့ ဆိုနိုင်ပါတယ်။လက်တွေ့မှာတော့ မုံးဝန်း အမည်ခံထားသူတွေဟာ တာမိုးညဲနဲ့ ကွတ်ခိုင်တင် မကဘဲ ရှမ်းပြည်နယ် မြို့ကြီးတွေ အပါအဝင် မန္တလေးမြို့မှာပါ နေထိုင်နေကြတဲ့ အချက်အလက်တွေ ရှိပါတယ်။ နိုင်ငံအနှံ့ ဖြန့်ကျက်နေထိုင်နေတဲ့ မုန်းဝန်း အားလုံးကို မုန်းဝန်း ဗမာလို့ သတ်မှတ်လိုက်တာနဲ့ သိန်းဂဏန်းရှိတဲ့ တရုတ်တွေ မုန်းဝန်းဗမာ ဖြစ်လာနိုင်ပါတယ်။
■ မုန်းဝန်း တရုတ်ကိုယ့်ကိုယ်ကိုယ် မုန်းဝန်း ဗမာလို့ ပြောပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့တဲ့ ဦးမြင့်လွင် ကိုယ်တိုင်က ဗမာ မဟုတ်ပါဘူး။ မြန်မာ နိုင်ငံတွင်းမှာ သူ့ကို ဖော်ပြတဲ့အခါ ကိုးကန့် တရုတ်လို့ ပြောပြီး နိုင်ငံတကာ အခြေစိုက် အဖွဲ့အစည်းတွေက ဖော်ပြတဲ့အခါ တရုတ်လို့ပဲ သုံးစွဲခဲ့ပါတယ်။ဒီအတိုင်းပဲ ဦးမြင့်လွင် သြဇာသက်ရောက်မှု ကြီးတဲ့ တာမိုးညဲ ဒေသက မုံးဝန်းတွေကို မုံးဝန်း တရုတ် လူမျိုးတွေလို့ ရှမ်းတိုင်းရင်းသားတွေက သတ်မှတ်ပါတယ်။ သူတို့နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကာလမှာ တရားစွဲဆိုတဲ့ အမှုတွေ ရှိခဲ့ပြီး အခုထိလည်း အမှုတွေ ပြီးပြတ်ခြင်း မရှိသေးပါဘူး။ မုန်းဝန်းတရုတ် လူမျိုးတွေကို တရားစွဲခဲ့တဲ့ အမှုတွေထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၊ နမ့်စမ်ရုံးက မုန်းဝန်း ယဉ်ကျေးမှု အဖွဲ့ကို တရားစွဲဆိုတဲ့ အမှုက ထင်ရှားခဲ့ပါတယ်။ရွေးကောက်ပွဲ ကာလမှာ မုံးဝန်း ဗမာ ၆၀၀၀၀ ကျော်ရှိတဲ့ အထဲက ၆၀၀ ကျော်ပဲ မဲပေးခွင့် ရခဲ့တယ် ဆိုပေမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာ မုန်းဝန်း ယဉ်ကျေးမှု အဖွဲ့ရဲ့ မဲဆွယ် စည်းရုံးမှု အားကောင်းခဲ့ပါတယ်။သူတို့ မဲဆွယ်တဲ့ အခါမှာ လက်ကမ်းစာစောင်ကို တရုတ်ဘာသာ စကားနဲ့ ရေးသားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ မုန်းဝန်းတရုတ် လူမျိုးတွေကို ကူညီထောက်ပံ့မှု များစွာ လုပ်ပေးခဲ့တယ်၊ ပြည်ခိုင်ဖြိုး ပါတီ အနိုင်ရရင် မုန်းဝန်း တရုတ် လူမျိုးတွေ အခွင့်အရေး ရနိုင်မယ်၊ ကျေးဇူးသိတတ်သော အားဖြင့် မုန်းဝန်း တရုတ် လူမျိုးတွေ ပြည်ခိုင်ဖြိုးကို မဲပေးပါရန် ဆိုတဲ့ အချက်တွေ သူတို့စာမှာ ပါဝင်ခဲ့ပါတယ်။တရုတ် ဘာသာနဲ့ ရေးသားခဲ့တဲ့ အဲဒီ စာရွက်ကို တာမိုးညဲ၊ ကွတ်ခိုင်ဒေသတွေတင် မကဘဲ တောင်ကြီး၊ ပင်လုံ၊ မိုင်းပွန်၊ နမ့်စမ် အပါအဝင် ရှမ်းပြည်နယ်မှာရှိတဲ့ မြို့ကြီးတွေကို ဖြန့်ဝေပါတယ်။ ဒါဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းနေတဲ့ အပြင် စာမှာလည်း မုံးဝန်းပြည်ခိုင်ဖြိုး ပါတီလို့ သုံးခဲ့တဲ့အတွက် နမ့်စန် NLD ပါတီက တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီကလည်း တရားစွဲခဲ့တာ ရှိပါတယ်။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံသား မဟုတ်တဲ့ တရုတ်၊ ဘင်္ဂါလီတွေကို မှတ်ပုံတင် ထုတ်ပေးပြီး ဆန္ဒမဲ ပေးခိုင်းတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလမှာ ဘင်္ဂါလီအရေး အာရုံစိုက်မှု အားကောင်းခဲ့တာကြောင့် နိုင်ငံသား မဟုတ်တဲ့ တရုတ်တွေရဲ့ စိမ့်ဝင်မှု ကျယ်ပြန်ခဲ့ပါတယ်။ ဗမာစကား မတတ်၊ မြန်မာနိုင်ငံသား မဟုတ်ဘဲ မြန်မာ မှတ်ပုံတင် ကိုင်ထားသူ၊ မြန်မာပတ်စ်ပို့ ကိုင်ထားသူ တရုတ်တွေကို အများအပြား တွေ့လာပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်တွေရဲ့ စိမ့်ဝင်မှုကြောင့် မန္တလေးမြို့ ကျဆုံးလု နီးပါး ရောက်လာချိန်မှာ တိုင်းရင်းသား အမည်ခံ မုန်းဝန်းတွေကို ဘာတစ်ခုမှ စိစစ်ခြင်း မရှိဘဲ မုန်းဝန်း ဗမာ သတ်မှတ်ပေးလိုက်တာက ပြည်သူတွေ ထိတ်လန့်စရာ ဖြစ်ခဲ့ရပါတယ်။
■ ၁၉၈၂ နိုင်ငံသား ဥပဒေအရေအတွက် ၆၀၀၀၀ ကျော် ရှိတဲ့ မုန်းဝန်း တရုတ်တွေကို မုန်းဝန်း ဗမာအဖြစ် ပြောင်းလဲ သတ်မှတ်ပေးဖို့ ဆိုတာဟာ ဘင်္ဂါလီများ နိုင်ငံသား ပေးဖို့ စိစစ်တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။လဝက ဝန်ကြီးဌာန အတွင်းဝန် ဦးမြင့်ကြိုင်က မုန်းဝန်း တရုတ်တွေကို မုန်းဝန်း ဗမာလို့ သတ်မှတ်တဲ့ ကိစ္စဟာ ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဥပဒေ အခန်း(၂) အရ နိုင်ငံတော် သမ္မတက နိုင်ငံတော် အကျိုးငှာ လုပ်ပိုင်ခွင့်အရ လုပ်တာဖြစ်လို့ သတ်မှတ်တာ အကျုံးဝင်တယ်လို့ မတ် ၂၀ ရက်ထုတ် 7 Day သတင်းစာမှာ ပြောခဲ့ပါတယ်။ဦးမြင့်ကြိုင် ဆိုလိုတာက နိုင်ငံသား ဥပဒေ အခန်း(၂) ပုဒ်မ-၄ နဲ့ ပုဒ်မ ၈ ကို ပြောတာ ဖြစ်နိုင်ပါတယ်။၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အခန်း (၂)၊ ပုဒ်မ-၄ မှာ “မည်သည့် မျိုးနွယ်စုသည် တိုင်းရင်းသား ဖြစ်သည် မဖြစ်သည်ကို နိုင်ငံတော် ကောင်စီက ဆုံးဖြတ်နိုင်သည်” လို့ ဆိုထားပါတယ်။ အခန်း (၂) ပုဒ်မ-၈၊ ပုဒ်မခွဲ (က) မှာ “နိုင်ငံတော် ကောင်စီသည် နိုင်ငံတော်၏ အကျိုးငှာ မည်သူကို မဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူအဖြစ် သတ်မှတ်နိုင်သည်”၊ ပုဒ်မခွဲ (ခ) မှာ “နိုင်ငံတော် ကောင်စီသည် နိုင်ငံတော်၏ အကျိုးငှာ မွေးရာပါ နိုင်ငံသားမှ အပ မည်သူကို မဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူအဖြစ်မှ ရုပ်သိမ်းနိုင်သည်” လို့ ဆိုထားပါတယ်။၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေက ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် အစိုးရ လက်ထက်မှာ ပြဋ္ဌာန်းခဲ့တာပါ။ အဲဒီ အချိန်တုန်းက နိုင်ငံတော် ကောင်စီ ရှိပေမယ့် အခု မရှိပါဘူး။ ဒီအတိုင်းပဲ လက်ရှိ အုပ်ချုပ်နေသူတွေကို နိုင်ငံတော် ကောင်စီ ဆိုပြီး လုပ်လို့ မရသလို သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ဆောင်မှုကို နိုင်ငံတော် ကောင်စီ လုပ်ဆောင်မှုအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုလို့ မရပါဘူး။ဒါကြောင့် မုန်းဝန်း တရုတ်တွေကို မုန်းဝန်း ဗမာ သတ်မှတ်ခြင်းဟာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အခန်း(၂) အရ သမ္မတ လုပ်ပိုင်ခွင့်နဲ့ လုပ်တယ်ဆိုရင် ဒါဟာ တရား မဝင်ပါဘူး။ တရား မဝင်တာကို ဇွတ်အတည်ပြုတယ် ဆိုရင် ဥပဒေကို ကျော်လွန် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။
■ တန်းတူညီမျှ စိစစ်ပါ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက စိမ့်ဝင်လာသူတွေကြောင့် တိုင်းပြည်ရဲ့ အမျိုးသား အကျိုးစီးပွား၊ အမျိုးသား လုံခြုံရေးကို ထိပါးလာနိုင်တဲ့ အခြေအနေ ရောက်နေချိန်မှာ အရင် အုပ်ချုပ်သူ အဆင့်ဆင့်ရဲ့ လမ်းညွှန်ချက်ကြောင့်၊ သမ္မတရဲ့ မှတ်ချက်ပြုမှုကြောင့် တရုတ် မျိုးနွယ်စု တစ်ခုကို မှတ်ပုံတင်မှာ တရားဝင် အသိအမှတ်ပြုပြီး သတ်မှတ်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။သတ်မှတ် ပေးချင်တယ် ဆိုရင် ပထမ အချက်က ဘင်္ဂါလီတွေကို စိစစ်တဲ့ လုပ်ငန်းစဉ်တွေ အတိုင်း လုပ်ရပါမယ်၊ မုန်းဝန်း တရုတ်တွေရဲ့ နောက်ခံနဲ့ ဘင်္ဂါလီတွေရဲ့ နောက်ခံကို ကြည့်ရင် ဘင်္ဂါလီတွေက ပိုပြီး အခွင့်အရေး ရနိုင်ပါတယ်။ဒီအချိန်မှာ ဘင်္ဂါလီတွေကို ၁၉၈၂ ဥပဒေနဲ့ အသေးစိတ် စိစစ်ပြီး နိုင်ငံသား ဖြစ်ခွင့်အတွက် သတိထား လုပ်ဆောင်နေချိန်မှာ သမ္မတရဲ့ မှတ်ချက် တစ်ခုတည်းနဲ့ မုန်းဝန်း တရုတ်တွေကို မုန်းဝန်း ဗမာ သတ်မှတ်ပေးတယ် ဆိုတာ မမျှတတဲ့ ကိစ္စ ဖြစ်ပါတယ်။ အသုံးပြုတဲ့ ဥပဒေချင်း တူတာတောင် ဥပဒေကို လက်တစ်လုံးခြား လုပ်တဲ့ သဘော သက်ရောက်ပါတယ်။ ဒီအတိုင်းပဲ မုန်းဝန်းတရုတ်တွေကို ဘင်္ဂါလီတွေထက် အခွင့်အရေး ပိုပေးတယ် ဆိုတာ ဘင်္ဂါလီနဲ့ တရုတ် နှစ်ခုအကြား တရုတ်ကို မျက်နှာသာ ပေးခြင်းပါပဲ။ နိုင်ငံအတွက် ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒါကြောင့် မုန်းဝန်း တရုတ်တွေကို မုန်းဝန်း ဗမာ လုပ်မယ့် ကိစ္စကို ပြန်ပြီး စိစစ်ရပါလိမ့်မယ်။ဒုတိယ တစ်ချက်က ရှိရင်းစွဲ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးစာရင်းမှာ လုံး၀ ပါဝင်ခြင်း မရှိဘဲ နောက်ထပ် တိုင်းရင်းသား မျိုးနွယ်စု တစ်ခု သတ်မှတ်၊ မှတ်ပုံတင်ပေါ်မှာ မှတ်တမ်းတင်ပေးမယ့် အစီအစဉ်ဟာ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီလို လုပ်မယ်ဆိုရင် ရှမ်းပြည်နယ်တင် မကဘဲ တစ်နိုင်ငံလုံး ဆန္ဒခံယူပွဲ လုပ်ပြီးမှ သတ်မှတ်ပေးရမယ့် ကိစ္စ ဖြစ်ပါတယ်။
■ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာမုန်းဝန်း ဗမာ သတ်မှတ်ရေး ကိစ္စဟာ သေးငယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ မကြာသေးခင်ကမှ ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က အကျအဆုံး များခဲ့ရတဲ့ ကိုးကန့် လောက်ကိုင် တိုက်ပွဲမှာ တရုတ်နိုင်ငံဘက်က ကြေးစားတွေ စိမ့်ဝင်ပြီး တိုက်ပွဲ ဆင်နွှဲခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ ရှိခဲ့ပါတယ်။တာမိုးညဲ ဒေသဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်ပြီး ဥပဒေ စိုးမိုးမှု အားနည်းတဲ့ လောက်ကိုင်၊ ကုန်းကြမ်း ဒေသတွေနဲ့ ဆက်စပ်နေတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒီနယ်မြေ အတွင်းမှာ နိုင်ငံသား မဟုတ်တဲ့ တရုတ်တွေ ဘယ်လောက်ထိ ရောက်ရှိ နေထိုင်နေကြသလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီလို နေထိုင်ကြသူတွေမှာ မုန်းဝန်း တရုတ် အရေခြုံထားတဲ့ တရုတ်ကြေးစား စစ်သားတွေ၊ စီးပွားရေး သမားတွေ၊ သာမန် တရုတ် နိုင်ငံသားတွေလည်း ပါဝင်နိုင်ပါတယ်။ မုန်းဝန်း ဗမာလို့ သတ်မှတ်ပေးလိုက်တာနဲ့ သူတို့ အားလုံး မြန်မာတိုင်းရင်းသား ခေါင်းစဉ်အောက်ကို အလွယ်တကူ ရောက်လာမှာ ဖြစ်ပါတယ်။လဝက ညွှန်ကြားချက်စာအရ (ယခု ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ) ဦးတီခွန်မြတ်နဲ့ ဦးမြင့်လွင်တို့ အနိုင်ရခဲ့တဲ့ ကွတ်ခိုင် မဲဆန္ဒနယ် တစ်ခုတည်းမှာတင် မဲပေးပိုင်ခွင့် ရှိသူ မုန်းဝန်း တရုတ် ၆၀၀၀၀ ကျော် ရှိနေတယ်ဆိုတဲ့ အထောက်အထား တွေ့ရပါတယ်။ ဒါဟာ ရှမ်းပြည်နယ်အတွင်း ဆန္ဒမဲပေးမှုမှာ တရုတ်တွေ ပါဝင် ပတ်သက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်နွှယ်နေပါတယ်။ရွေးကောက်ပွဲ မတိုင်ခင် ကာလ မဲဆွယ် စည်းရုံးမှုမှာလည်း မုန်းဝန်း တရုတ်တွေက တရုတ် ဘာသာစကား အသုံးပြုပြီး ပြည်ခိုင်ဖြိုးကို မဲပေးကြဖို့ ညွှန်ကြားတာတွေ ရှိခဲ့တဲ့ အတွက် နိုင်ငံသား အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ တရုတ်တွေ ဘယ်လောက်ထိ ပါဝင် ပတ်သက်ခဲ့သလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ မုန်းဝန်း တရုတ်တွေ အဓိက ကြီးစိုးထားတဲ့ တာမိုးညဲ ဒေသ၊ ကွတ်ခိုင် မဲဆန္ဒနယ်မှာ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဦးတီခွန်မြတ်နဲ့ ဦးမြင့်လွင်တို့ အနိုင်ရခဲ့ခြင်း နောက်ကွယ်မှာ မုန်းဝန်း တရုတ်တွေ ဘယ်လောက် ပါဝင် ပတ်သက်ခဲ့သလဲ ဆိုတာ စဉ်းစားရမယ့် အချက် ဖြစ်ပါတယ်။သေချာတာကတော့ မုန်းဝန်း တရုတ် ၆၀၀၀၀ ကျော်ကို မုန်းဝန်း ဗမာအဖြစ် သတ်မှတ်ပေးခြင်းဟာ တရုတ်မျိုးနွယ်စုတွေကို ဗမာတိုင်းရင်းသား စာရင်း သွင်းသလိုပဲ ဖြစ်ခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုက မုန်းဝန်း တရုတ် ၆၀၀၀၀ ကျော်နဲ့သာ သက်ဆိုင်ရုံ မကဘဲ မုန်းဝန်း အရေခြုံထားတဲ့ တရုတ်တွေကို ဗမာ တိုင်းရင်းသား ဖြစ်ဖို့ အလွယ်တကူ ခွင့်ပြုလိုက်သလို ဖြစ်နေပါတယ်။တိုင်းပြည်ရဲ့ အရှေ့တံခါး အားနည်းချက်ကြောင့် နိုင်ငံထဲကို နိုင်ငံသား မဟုတ်တဲ့ တရုတ်တွေ စိမ့်ဝင်နေချိန်မှာ ဗမာစကား မပြော၊ ဗမာစာ မတတ်တဲ့ တရုတ် မျိုးနွယ်စုတွေကို စနစ်တကျ စိစစ်ခြင်း မရှိဘဲ တိုင်းရင်းသားအဖြစ် အလွယ်တကူ သတ်မှတ်ပေးနေမယ် ဆိုရင် ဒါဟာ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။










