ယူကရိန်းနှင့် ရုရှားတို့အကြား ထပ်မံအမုန်းပွားလာသည့် ယူကရိန်းအမျိုးသမီး လေယာဉ်မှူး၏ အမှု

ယူကရိန်းနှင့် ရုရှားတို့အကြား ထပ်မံအမုန်းပွားလာသည့် ယူကရိန်းအမျိုးသမီး လေယာဉ်မှူး၏ အမှု
Published 20 March 2016
နရီမင်း

ယူကရိန်းအမျိုးသမီးလေယာဉ်မှူး နာဒီယာဆက်ချင်ကိုသည် ရုရှားဂျာနယ်လစ်နှစ်ဦးကို သတ်ဖြတ်မှုဖြင့် အငြင်းပွားဖွယ် တရားစွဲဆိုမှု ခံထားရပြီး စီရင်ချက်ကို စောင့်ဆိုင်းနေရချိန်တွင် ယူကရိန်းနှင့် ရုရှားတို့အကြား ထပ်မံအမုန်းပွားလာသည့် ယင်းအမှု၌ ဆက်ချင်ကို ကို အမှန်တကယ် အပြစ်ရှိသည်ဟု ယူဆသူ အနည်းငယ်သာ ရှိနေသည်။ရုရှားနိုင်ငံတောင်ပိုင်း ဒိုးနက်မြို့ရှိ တရားရုံးက ခြောက်လကြာ အမှုစစ်ဆေးမှုပြီးနောက် မတ် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် အမှုကို ဆုံးဖြတ်မည်ဟု သတ်မှတ်ထားသည်။ တရားစွဲဆိုသူများက အသက် ၃၄ နှစ်အရွယ်ရှိ တိုက်ခိုက်ရေး ရဟတ်ယာဉ်လမ်းပြ ဆက်ချင်ကို ကို ထောင်ဒဏ်၂၃ နှစ် ချမှတ်ရန် တောင်းဆိုနေသည်။ယူကရိန်းနှင့် အနောက်တိုင်းနိုင်ငံများက ဆက်ချင်ကို၏အမှုကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် တရားစွဲဆိုမှုဟု ဖော်ပြခဲ့ကြပြီး ရုရှားအစိုးရက ဆိုဗီယက်ယူနီယံအောက်၌ အတူရှိခဲ့ကြဖူးသည့် အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ပို၍ ရန်လိုလာခြင်းအတွက် နောက်ဆုံးသားကောင်အဖြစ် သတ်မှတ်ကြသည်။ ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းယူခဲ့သည့် ရုရှားအား ယူကရိန်း၏ ခွဲထွက်ရေးသူပုန်များကို မီးထိုးပေးသူအဖြစ်လည်း ယူဆထားကြသည်။ယူကရိန်း၌ နိုင်ငံ၏ သူရဲကောင်းတစ်ဦး ဖြစ်လာပြီး မျက်ကွယ်၌ပင် ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော ဆက်ချင်ကို ကို ၂၀၁၄ ခုနှစ် ဇွန်လအတွင်းက ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားလိုလားသော ယူကရိန်းသူပုန်များက ပြန်ပေးဆွဲခဲ့ကြပြီး နယ်စပ်ကို ဖြတ်ကျော်လျက် ရုရှားသို့ ခိုးသွင်းကာ လုပ်ကြံအမှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။သို့သော် ရုရှားအာဏာပိုင်များက ဆက်ချင်ကိုသည် ယူကရိန်းသူပုန်များကို တိုက်ခိုက်ရာ၌ စေတနာ့ဝန်ထမ်း တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ရုရှားနိုင်ငံပိုင် မီဒီယာ၏ ဂျာနယ်လစ်နှစ်ဦး သေဆုံးခဲ့သော ဗုံးကြဲတိုက်ခိုက်မှု၌ ပါဝင်ခဲ့သည်ဟု အခိုင်အမာ ပြောကြားခဲ့ကြပြီး တရားရင်ဆိုင်ရမည်ဟု ဆိုသည်။“ စီရင်ချက်က ဘယ်လိုထွက်လာမလဲဆိုတာ လူတိုင်းသိပါတယ်။ တစ်ခုတည်းသော မေးခွန်းက စီရင်ချက်ချပြီးတဲ့နောက် အနေအထားတွေ ဘယ်လိုဖြစ်ပေါ်လာမလဲ ဆိုတာပါပဲ” ဟု ဥရောပ-အတ္တလန္တိတ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သုတေသနညွှန်ကြားရေးမှူး အိုလက်ဆန်ဒါဆူရှကိုက ပြောကြားခဲ့သည်။အနောက်တိုင်း လိုလားသော ယူကရိန်းသမ္မတ ပတ်ထရိုပိုရိုရှင်ကိုက ဆက်ချင်ကို ကို ပြန်ရရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် သူလွတ်မြောက်ရန်အတွက် ဆိုလျှင် အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ကိုပင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။ယူကရိန်းသည် နိုင်ငံအရှေ့ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည်ဟု ဆိုသော ရုရှားစစ်သားနှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ယင်းသည် ဆက်ချင်ကို လွတ်မြောက်ရန်အတွက် အလွယ်ကူဆုံး အသုံးချစရာ ဖြစ်လာနိုင်သည်။သို့သော် ရုရှားသည် ရုပ်ရှင်ဒါရိုက်တာ အိုလက်ဆန့်ဆော့ကဲ့သို့သော ထင်ပေါ်ကျော်ကြားသူများ အပါအဝင် ယူကရိန်းနိုင်ငံသား ၁၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ယူဆရပြီး ယူကရိန်းက အလဲအလှယ်လုပ်ရန် လိုလားကြောင်း ပြသသည့် အရိပ်အယောင် တွေ့ရှိရခြင်း မရှိပေ။  ဆက်ချင်ကိုသည် သူ့အား ဖမ်းဆီးထိန်းသိမ်းထားသည့် လပေါင်းများစွာအတွင်း ဆန့်ကျင်အာခံကာ သပိတ်မှောက်ခဲ့ပြီး သူ့အား တရားစွဲဆိုမည့် ယူကရိန်းနယ်စပ် အနီးရှိ မြို့သို့ မပို့မီ မော်စကိုမြို့အနီးရှိ စိတ်ကျန်းမာရေး ဆေးရုံတစ်ခုသို့ ပို့ခဲ့ရသေးကြောင်း သိရသည်။ဆက်ချင်ကိုသည် သူ့အား ထားရှိသည့် အနေအထားများကို ဆန့်ကျင်ရန် အစာငတ်ခံဆန္ဒပြမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ တစ်ကြိမ်တွင် ရှစ်ရက်ထက်မနည်း ဆန္ဒပြခဲ့ပြီး အခြားတစ်ကြိမ်၌ သီတင်းတစ်ပတ်နီးပါး အစာရော ရေပါ အငတ်ခံကာ နေခဲ့သည်။ဆက်ချင်ကိုသည် ယူကရိန်းရိုးရာ ဘလောက်စ်အင်္ကျီ သို့မဟုတ် ယူကရိန်းအစိုးရကို ထောက်ခံသော တီရှပ်များကိုသာ ဝတ်ဆင်ခဲ့ပြီး တရားရင်ဆိုင်ရသူကို ထားရှိသော  ဖန်လှောင်အိမ်အတွင်းမှနေ၍ တရားရုံးကို ရယ်မောလှောင်ပြောင်ခဲ့သည်။ အမှုစစ်ဆေးမှု ပြီးဆုံးသည့်အခါ တရားသူကြီးများဆီသို့ ဦးတည်လျက် သူ့၏ လက်ခလယ်ကို တောင်ပြခဲ့သည်။“ကျွန်မ လုပ်နိုင်သမျှကတော့ ရှင်တို့အနေနဲ့ မကြောက်ဘူး၊ ပြိုလဲမသွားဘူးဆိုရင် ဗိုလ်ကျလွန်းတဲ့ နိုင်ငံနဲ့ သက်ဦးဆံပိုင် အစိုးရကို ချေမှုန်းနိုင်တယ်ဆိုတာကို ရုရှားနဲ့ နမူနာ ပြဖို့ပါပဲ” ဟု ဆက်ချင်ကိုက သူ၏ အိတ်ပိတ်ထုတ်ပြန်ချက် တစ်ရပ်၌ ပြောကြားခဲ့သည်။ရုရှားက ခရိုင်းမီးယားကို သိမ်းယူခဲ့ပြီး  ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသူပုန်များကို ကူညီခဲ့ခြင်းကြောင့် ရုရှားနှင့် ယူကရိန်း ဆက်ဆံရေးသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ပြီး ဖြစ်သော်လည်း ဆက်ချင်ကိုအပေါ် ချမှတ်မည့် စီရင်ချက်က အနေအထားကို ပိုမိုဆိုးရွားလာစေလိမ့်မည် ဖြစ်သည်။ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခများကို အဆုံးသတ်နိုင်ရန် ဆောင်ရွက်သည့် ရှုပ်ထွေးသော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်သည်လည်း လွန်ခဲ့သည့် တစ်နှစ်ခန့်က လက်မှတ်ရေးထိုးခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်၌ ပေးခဲ့သော ကတိများကို လိုက်နာရန် သို့မဟုတ် အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းအတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စွပ်စွဲခြင်းဖြင့်သာ လိပ်ခဲတည်းလည်း  ဖြစ်နေသည်။ယခုလက်ရှိတွင် ရုရှားသည် ဆီးရီးယားကိစ္စ၌ ပါဝင်လိုက်ခြင်းဖြင့် နိုင်ငံတကာ သံတမန်ရေးရာဗဟိုချက်သို့ ပြန်လည်ဝင်ရောက်လာသောကြောင့် အနောက်တိုင်းအနေဖြင့် ယူကရိန်းကိစ္စနှင့် ပတ်သက်၍ ရုရှားအပေါ်  ဖိအားပေးမှု လျော့နည်းလာမည်ကို ယူကရိန်းနိုင်ငံသားအချို့က စိုးရိမ်နေကြသည်။သို့သော် ဆက်ချင်ကိုအပေါ် ပြင်းထန်သည့် စီရင်ချက်တစ်ရပ် ချမှတ်ခဲ့ပါက အနောက်တိုင်းအနေဖြင့် ယူကရိန်းအပေါ် ပြန်လည်အာရုံကျလာဖွယ်ရှိပြီး ယူကရိန်းအစိုးရအနေဖြင့် ဆက်ချင်ကို၏ အမှုတွင် တိုက်ရိုက် ပါဝင်ပတ်သက်သည်ဟု ဆိုနေသော လူပေါင်း ၄၀ ခန့်ကို အရေးယူရန် ပိတ်ဆို့မှုများ ပြုလုပ်ရေးအတွက် တွန်းအားပေးနိုင်သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဖရန့် ဝေါ်လ်တာစတိုင်းမိုင်ယာတို့သည် လာမည့် သီတင်းပတ်အတွင်း မော်စကိုသို့ လာရောက်ရန် ရှိသော်လည်း အထူးသဖြင့် ကယ်ရီက ဆီးရီးယားကိစ္စကိုသာ အဓိကထားသောကြောင့် ဆက်ချင်ကိုကိစ္စ ပါ မပါ မရေမရာ ဖြစ်နေသည်။သို့သော် ရုရှားသည် ဆက်ချင်ကို ကို  နိုင်ငံပိုင်မီဒီယာ၌ မကောင်းသောသူအဖြစ် ဖော်ပြကာ ဝါဒဖြန့်ထားပြီး ဖြစ်သောကြောင့် ပြည်ပမှ ဖိအားပေးမှုများကို လျှော့ချရန် အနောက်တိုင်းကို နှစ်သိမ့်သည့်အနေဖြင့် ဆက်ချင်ကိုနှင့် အကျဉ်းသား လဲလှယ်ရေးကို လက်ခံလိုက်ပါက ပြည်တွင်းတွင် ပြင်းထန်သော ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။“ရုရှားစာနယ်ဇင်းတွေမှာ ဆက်ချင်ကို အမှုကို ပုံဖော်ဝါဒဖြန့်ခဲ့ပြီးတဲ့နောက် ရုရှားအာဏာပိုင်တွေအနေနဲ့ သူ့ကို လွှတ်ပေးလို့ မရသလို ပြင်းထန်တဲ့ စီရင်ချက်လည်း ပေးလု့ိမရနိုင်ပါဘူး” ဟု မော်စကိုအဆင့်မြင့် စီးပွားရေးကျောင်းမှ နီကိုလိုင်ပက်ထရော့က ပြောကြားခဲ့သည်။“ဆက်ချင်ကို ကို ပြင်းထန်တဲ့စီရင်ချက် ချလိုက်ပြီးမှ အကျဉ်းသားလဲလှယ်ဖို့ ကြိုးစားနိုင်ပေမယ့် ရုရှားပြည်သူတွေရဲ့အမြင်မှာ ဒီလိုလုပ်တာ ထိုက်တန်တယ်လို့ ထင်ရတဲ့ ထင်ရှားသူတစ်ယောက်နဲ့ လဲလှယ်တာမျိုး ဖြစ်ရမှာပါ” ဟုလည်း ပက်ထရော့က ပြောကြားခဲ့သည်။ 

Most Read

Most Recent