ပန်းချီတော်နှင့် ပန်းချီကျော်များ

ပန်းချီတော်နှင့် ပန်းချီကျော်များ
Published 20 March 2016
ဝေယံအောင်

ဆရာဦးနန်းဝေသည် ဆရာကျော်အောင်၊ ဆရာကြီးမင်းသုဝဏ်တို့၏ တိုက်တွန်းမှုဖြင့်  ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် အမှုထမ်းခဲ့သည်။ ဌာနမှ စေလွှတ်သည့်အခါ မန္တလေး၊ ပုဂံ၊ မော်လမြိုင် အစရှိသော မြို့ကြီးများသာမက မြန်မာနိုင်ငံ အနံှ့အပြားရှိ ကျေးလက်ဒေသများအထိပင် ကွင်းဆင်း၍ တာဝန်ထမ်းဆောင်ခဲ့ရသည်။ ဆရာသည် ၁၉၆၇ ခုနှစ်တွင် ပန်းချီတော် ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးသည်။ မန္တလေးမှ ဆရာကြီး ဦးမောင်မောင်တင်၏ (၁) လွှာရှိသော ပုရပိုက်အမည်းတွင် မြန်မာပန်းချီတော်များ၏ စာရင်းပါရှိသည်။  ၁  ရေစီးတွင်  ရေးမှတ်ထားသည်မှာ - သက္ကရာဇ်   ၁၂၂၅ ခု တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်နေ့   ပန်းကျီတော်အုပ် မြောံဒဝယ်ဗိုလ် စည်းကြပ်သွင်းပေးသည် ပန်းကျီတော်စာရင်း
          ငဖူးခေါင်        ၁… မှာ…       ပန်းကျီတော်ခေါင်း
          ငတူ              ၁                  ငဘိုးလုံး         ၁
          ငတာနော       ၁                  ငရွှေသား       ၁
          ငကျံ              ၁                  ငဘိုးသက်      ၁
          ငရွှေဘိုး         ၁                  ငဘိုးဆင်        ၁
          ပေါင်း….        ၈ မှာ  ဧကနိပါတ်        
           ငမှုံ                ၁…မှာ...        ပန်းကျီတော်ခေါင်း
          ငစံမင်း           ၁                  ငမှတ်            ၁
          ငအုပ်            ၁                  ငရွှေကြီး         ၁
          ငကြာညွန့်      ၁                  ငဘိုးမြ           ၁
          ငရွှေသားကြီး   ၁         
          ပေါင်း…         ၈ မှာ  ဒုကနိပါတ်

ကုန်းဘောင်ဆက် မင်းတုန်းမင်း နန်းစံသက်မှာ  သက္ကရာဇ် ၁၂၁၅ မှ  ၁၂၄၀ ဖြစ်၍၊  ၁၂၂၅=မှာ မင်းတုန်းလက်ထက် အဆောင်အရွက်ဖြစ်သည်။
အထက်ဖော်ပြပါ  အထောက်အထားအရ  ဧကနိပါတ်ရေးဆွဲရန်  ပန်းချီတော်စာရင်းတွင် ပေါင်း ၈ ဟု  မှတ်သားထားသော်လည်း ပန်းချီတော်ခေါင်း ဆရာဦးဖူးခေါင်းပါဆိုလျှင်  ၉ ယောက်ရှိနေပေသည်။  ဒုကနိပါတ်ရေးဆွဲ ရန်  ပန်းချီတော် ၈ ယောက်နှင့်ဆိုလျှင် ပေါင်း  ၁၇ ယောက်ရှိပေသည်။  ရတနာပုံခေတ် ပန်းချီတော်များကို ဖော်ပြသည့်  အထောက်အထားအရ သိရပြီဖြစ်သည်။  သို့သော် ပန်းချီတော်များအနက် ဆရာဦးကြာညွန့် နှင့် ဆရာချုံကိုသာ လူသိများခဲ့သည်။ အခြားပန်းချီတော်များကိုမူ မေ့ပျောက်ကြကုန်ကြပြီဖြစ်သည်။ ဆရာဦးနန်းဝေက ရတနာပုံခေတ် ပန်းချီတော် ၁၇ ဦးမှ  ဆင်းသက်ခဲ့သော  ပညာရှင်များကို  သုတေသနပြုရန် လိုအပ်ပါသည်ဟု  ထိုစဉ်က တိုက်တွန်းခဲ့သည်။ အထက်ပါ ပန်းချီတော် ၁၇ ဦးအပြင်  ၁၂၂၀ ခုနှစ်၊ လွှတ်တော်မှ ဆင့်စာအရ  နန်းတွင်းတွင် ပန်းချီအမှုထမ်း ကျော်ထင်နော်ရထာဆိုသူ ရှိကြောင်းကိုလည်း မှတ်သားရသည်။ ရှေးသူဟောင်းတို့၏ မှတ်တမ်းအရ ရွာစားဦးတိုးနှင့် ဆရာရောက် ဆိုသူကိုလည်း  ကုန်းဘောင်ခေတ်နှောင်းပိုင်း၊  ဆင်ရုပ်ရေးရာတွင် နာမည်ကျော်ကြားခဲ့ရာ ဦးကြာညွန့်နှင့် ခေတ်ပြိုင်ဖြစ်လေမလားဟု ပညာရှင်များက ယူဆကြသည်။ ဗိသုကာပညာရှင် ဆရာဆိုင် အတ္ထုပ္ပတ္တိစာအုပ်တွင် ပန်းချီဆရာဆိုင်သည်  မင်းတုန်းမင်းလက်ထက်၊ မဟာဆေးရေး ပန်းချီတော်အဖြစ် အမှုထမ်းကြောင်း သီပေါမင်းလက်ထက် ၁၈၈၀ တွင် နေမျိုးစိတ္တရွှေတောင်ကျော်သူဘွဲ့ ရရှိ ကြောင်း ဦးကြာညွန့်၏ တပည့်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ရတနာပုံခေတ်ပန်းချီဆရာတို့၏ အကြောင်းကို ရွှေနန်း သုံးဝေါဟာရအဘိဓာန်တွင် ‘ပန်းချီခေါင်းမောင်ညွန့်မှာ  အမျိုးစုံအရေးကောင်း၍  တောင်ပြင်မောင်ခ၊ မင်္ဂလာဈေးမောင်လှိုင်၊ မောင်သဲ ၊ မောင်ကြွက်တို့မှာ  ဆင်ရေး အထူးကောင်းသည်။ ညောင်ပင်ဈေးမောင်ကြီးမှာ  အရုပ်သေးတစ်ကြောင်းဆွဲ အထူးသဖြင့် ကောင်းပေသည်’ဟု ဖော်ပြပါရှိသည်။ ဤသည်ကိုထောက်ရှု၍   ဦးကြာညွန့်နှင့် ခေတ်ပြိုင် ပန်းချီပညာရှင်များကိုလည်း  သိရှိရပြန်သည်။
ဆရာဦးမင်းနိုင်၏နှင့် အခြားဆရာကြီးများ၏ ကျေးဇူးကြောင့် ပန်းချီတော်ဦးကြာညွန့်၊ ပန်းချီတော်ဆရာချုံတု့ိအကြောင်းကို အတော်များများ သိခွင့်ရကြသည်။ နန်းတွင်း ပန်းချီကျော်တစ်ဦးဖြစ်သူ ဆရာပုံသည် ပန်း ချီတော်ဆရာချုံနှင့် ခေတ်ပြိုင်ပန်းချီဆရာ တစ်ဦးဖြစ်သည်။  ဆရာပုံသည်  ဇာတ်လမ်း၊ ဇာတ်ကွက်ရေးခြယ်ရာတွင် လက်ရာမြောက်သည်ဟု အဆိုရှိသည်။ ဆရာပုံသည်  နိပါတ်ဆရာများ ရေးဆွဲလေ့ရှိသကဲ့သို့  ဇာတ်ထုပ်တစ်ခုလုံး မဟုတ်ဘဲ တစ်ကွက်ကောင်းကိုသာ ရွေး၍ရေးခြယ်လေ့ရှိသည်။ အထူးသဖြင့် ‘မဟောသဓာ ပညာစမ်းခန်း’ ကဲ့သို့ပုံမျိုးသည်  ဆရာပုံရေးခြယ်သည့်ကားများအနက် ပရိသတ်အကြိုက်ဆုံး အကွက်ဖြစ်ပုံရပေသည်။ ဗိသုကာပညာရှင် ဆရာဆိုင် အတ္ထုပ္ပတ္တိစာအုပ်တွင် ‘ဆရာပုံကား  နာမည်နှင့် လိုက်လျောစွာ ပုံရေး အလွန်ကောင်းသူဖြစ်သည်… ဆရာကြီး၏ ပုံရေးလက်ရာများ ဖြစ်ကြသည့် မိုးကောင်းကျောင်းကြီး၊ ဘုရားကြီးတိုက် ၊ ယခု အမရပူရကျောင်းနေရာရှိ ဦးသုန္ဒရကျောင်းဟု ခေါ်သော ကျောင်းကြီး (အသင်းကျောင်းမဟုတ်) နှင့် ဘုရားကြီး ၄၅ တာအတွင်းရှိ ဦးမှတ်ကလေးဇရပ်တို့ကို  ဆရာဆိုင် မြင်တွေ့လိုက်ရသည်။ ထိုတွင် ပဌမ ကျောင်းနှစ်ကျောင်း ပျက်စီးသွားသည်မှာ  ကြာပြီဖြစ်သော်လည်း  ၄၅ တာ ဦးမှတ်ကလေးစရပ်ကား မကြာမီနှစ်များအထိ ရှိခဲ့သေးသည်။ ယခုအခါမူ  ထိုဇရပ်ကြီးကို အသစ်ပြင်ဆင်လိုက်ပြီဖြစ်ရာ ဆရာပုံ၏ လက်ရာများမှာ ပျောက်ကွယ်ကုန်ကြရတော့သည်’ဟု ဖော်ပြခဲ့လေသည်။ နောင် ပန်းချီ ကျော်တစ်ဦးဖြစ်လာမည့် ဆရာသောင်သည်  ဆရာချုံထံတွင် ပညာဆည်းပူးသကဲ့သို့  ဆရာပုံထံတွင်လည်း ပညာဆည်းပူးသည်ဟု သိရသည်။  ဆရာသောင်သည် အမရပူရမှ ဆရာပုံ နေထိုင်ရာ မန္တလေးသို့ နေ့စဉ်ခြေကျင် သွားရောက်ကာ  ပညာဆည်းပူးခဲ့သည်။
ဆရာချုံမှ ဆင်းသက်သော ဆရာမြ၊ ဆရာခ၊ ဆရာကျောက်တို့မှာလည်း မန္တလေးခေတ် ထင်ရှားသော ဆရာကြီးများဖြစ်ကြသည်။ ဆရာချုံ၊ ဆရာပုံ နောက်ပိုင်းဒွန်တွဲ၍ ကျော်ကြားသည်မှာ တပည့်များဖြစ်သူ ဆရာအေး၊ ဆရာမြ အတွဲဖြစ်သည်။ ဆရာသောင်၊ ဆရာစော ၊ နန္ဒိမိတ္တဆရာနီ ၊ ဆရာသူ၊ ဆရာနွယ်၊ ဆရာမြို့ ၊ ဆရာခါတို့မှာလည်း ထင်ရှားသော ပန်းချီကျော်များဖြစ်ကြသည်။  ထိုခေတ်ပန်းချီဆရာတို့၏ လက်ရာများနှင့် ပတ်သက်၍ ‘အယဉ်အပြောင် ဆရာသောင်၊ မှုန်မှုန်မှေးမှေး ဆရာအေး၊ အလှအချော ဆရာစော’ စသည်ဖြင့် နှိုင်းယှဉ် ဝေဖန်ခဲ့ကြသည်။
၁၉၆၇ ခုနှစ်ခန့်က ဆရာမောင်စွမ်းရည်သည်  ဆရာပုံ၏ ပန်းချီကားများ တွေ့ရှိရကြောင်းကို  သတင်းစာတွင် ဖော်ပြခဲ့ဖူးသည်။ ဆရာပုံ၏ ပန်းချီကားများနှင့်အတူ ဆရာစော၊ ဆရာအေးတို့၏ ပန်းချီကားများကိုလည်း  ပူးတွဲဖော်ပြခဲ့သည်။ ထို့ပြင် ၎င်းပန်းချီကားများကို တဇယ်မြို့နယ်လုံးဆိုင်ရာ ပညာရေးပြပွဲတွင်လည်း  ပြသခဲ့သည်။ ထိုပြပွဲကို ကြည့်ရှုလိုက်ရသူအချို့သည်  ထိုသို့ပန်းချီကားမျိုး များကို တွေ့ဖူးကြောင်း ဆရာမောင်စွမ်းရည်ထံသို့ လူကြုံတစ်နည်း၊ စာနှင့်တစ်ဖုံ ဆက်သွယ် အကြောင်းကြားခဲ့ကြသည်။ ဆရာမောင်စွမ်းရည်က ‘‘ကျွန်တော့်အဖို့ သင်ခန်းစာ ရတာကတော့ ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းတဲ့အခါ ဖော်ထုတ်တဲ့အခါ  ပြည်သူလူထုကို ပညာပေးပြီး အလုပ်လုပ်ရရင် အောင်မြင်မှု အရှိဆုံးဆိုတဲ့ အချက်ပါပဲ’’ ဟု  မှတ်တမ်းတင်ခဲ့သည်။ ဆရာမောင်ဖြူး၊ လူထုဦးလှ၊ ဆရာတော်ရွှေကိုင်းသား၊ ဆရာဦးမင်းနိုင်၊ ဆရာဦးဉာဏ်ရှိန်၊ ဆရာကြီး ဦးမောင်မောင်တင် အစရှိသော ဆရာကြီးများ ကွယ်လွန်ပြီး နောက်ပိုင်းတွင် ပန်းချီတော်၊ ပန်းချီ ကျော်၏ ဘဝနှင့်လက်ရာဖော်ထုတ်မှုများသည် လွန်စွာ အားနည်းခဲ့ရပြန်သည်။ ဆရာကြီးများ ပြန်လည် ဖော်ထုတ်ထားသည်များပင် များစွာ ဆုတ်ယုတ်ခဲ့လေပြီ။ 
ယခုအခါ အမျိုးသားပြတိုက် (နေပြည်တော်)တွင် ဆရာပုံ ပန်းချီကားတစ်ကားနှင့် ဆရာအေး၏ နိပါတ်တော်ကားများ ရှိကြောင်း သိရသည်။ မကြာမီ ပြသနိုင်ရန်  ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း  သိရသည်။ အမျိုးသားပြတိုက်(ရန်ကုန်)တွင်လည်း ဆရာမြို့၏ ကားများကို လေ့လာနိုင်သည်။ ဆရာဗိဿနိုးထံတွင်လည်း  ဆရာမြို့၊ ဆရာစော၊ ဆရာသောင်၊ ဆရာအေး ၊ ဆရာဆိုင် အစရှိသည့် ပန်းချီကျော်များ၏ ပန်းချီကားများကို ထိန်းသိမ်းထားကြေားင်း သိရသည်။  မိုးကုတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင်လည်း  ဆရာစော၏ ပန်းချီကား ၁၅ ကားခန့်ရှိကြောင်း သိရသည်။  ဆရာအေးနှင့် ခေတ်ပြိုင်လက်ရာများကို မန္တလေး၊ စလင်း၊ မြင်းမူနှင့် အခြားမြို့များတွင် ကျန်ရှိသေးကြောင်းလည်း သိရသည်။ 
ရည်ညွန်း - ပန်းချီတော် (ဦးနန်းဝေ)၊ မြန်မာ ဗိသုကာပညာရှင် ဆရာဆိုင် ( အရှင်သီလာနန္ဒာဘိဝံသ) တွေ့ဆုံမေးမြန်းချက်များ။

Most Read

Most Recent