ကမ္ဘာ့ကဗျာနေ့အတွက် တံခါးဖွင့်ထားတဲ့ ကဗျာအိမ်

ကမ္ဘာ့ကဗျာနေ့အတွက် တံခါးဖွင့်ထားတဲ့ ကဗျာအိမ်
Published 19 March 2016
တက္ကသိုလ်မိုးဝါ

ယူနက်စ်ကို (UNESCO) ဟုခေါ်သော ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာ၊ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းက ၁၉၉၉ ခုနှစ် ပါရီမြို့၌ ကျင်းပသည့် အကြိမ် ၃၀ မြောက် ညီလာခံတွင် မတ် ၂၁ ကို ကမ္ဘာ့ကဗျာနေ့ဟူ၍ သတ်မှတ်ကြေညာခဲ့သည်။ ကမ္ဘာ့ကဗျာနေ့ကို နှစ်စဉ်ကျင်းပရာတွင် လူသား၏အသိဉာဏ် ပညာဆိုင်ရာ တီထွင်ကြံဆမှုအား ဖမ်းချုပ်နိုင်စွမ်းရှိသော ကဗျာ၏ အတုမရှိ အစွမ်းသတ္တိကို ယူနက်စ်ကိုက အသိအမှတ်ပြုခဲ့သည်။  ကမ္ဘာ့ကဗျာနေ့ ကျင်းပရန် ဖိတ်ခေါ်ခြင်း ရည်ရွယ်ချက်မှာ ဘာသာစကား၏ စွမ်းအားအပါအဝင် လူတစ်ဦးချင်းစီ၏ တီထွင်ကြံဆမှု အရည်အသွေး တိုးတက်ဖွံ့ဖြိုးလာမှုတို့အား ထင်ဟပ်သိရှိစေရန် ဖြစ်သည်ဟုဆိုသည်။ ကဗျာသည် ကမ္ဘာအရပ်ရပ်ရှိ လူသားအားလုံးနှင့် လူတစ်ဦးချင်းစီတွင် တူညီသော ခံစားမှုများ ရှိနေကြောင်းကို လှစ်ဟပြခြင်းဖြင့် အားလုံးသည် ဘုံလူသား တစ်ရပ်သာဖြစ်သည်ဟု ထပ်မံ သက်သေထူလိုက်နိုင်သည်ဟု ယူနက်စ်ကိုက အခိုင်အမာ ယူဆကြောင်း ဆိုသည်။  စာရေးသူသည် ကဗျာသဘောတရား၊ ကဗျာ့ဒဿနစသည်တို့ကို အချို့ကဗျာကဝိများကဲ့သို့ နားလည်တတ်ကျွမ်းသူ မဟုတ်သော်ငြား၊ ကဗျာရေးသူ တစ်ဦး၏ နှလုံးသားထဲ၌ လောကအမြင် ခံစားချက်တို့ အများနည်းတူ ကိန်းအောင်းလျက် ရှိနေတတ်သူ တစ်ယောက်ဖြစ်သည်ဟုတော့ ဆိုဝံ့သည်။ကဗျာသည် စာဖတ်သူအများအတွက်  တံခါးဖွင့်ပေးသော၊ ရင်းနှီးနွေးထွေးသည့် ရင်ငွေ့ကို ဖြန့်ကြက်လွှမ်းခြုံပေးသည့် ဖော်ပြမှု တစ်ခုဖြစ်သည်ဟုလည်း သတ်မှတ်ကြသည်။ တံခါးဖွင့်ပေးထားသည်နှင့်အမျှ ကဗျာသည် စကြဝဠာဆိုင်ရာ လူသားတို့၏ တေးသီချင်း တစ်ပုဒ်ဟု ဆိုနိုင်သကဲ့သို့ လောကအား နားလည်ရန် လူသားအားလုံး၏ ပြင်းပြသော ဆန္ဒကိုလည်း ဖြည့်ဆည်းပေးသည်ဟု ပြောနိုင်သည်။ယင်းနှင့်ဆက်စပ်၍ ၁၉၇၁ ခုနှစ်က ရေးခဲ့သည့် ကဗျာတစ်ပုဒ်ကို ဖော်ပြလိုပေသည်။ အဆိုပါ ကဗျာမှာ တံခါးဖွင့်ထားသည့် ကဗျာဖြစ်ပြီး စကြဝဠာဆိုင်ရာ အမှန်တရား (Universal Truth) ဖြစ်သည်ဟု ပြောနိုင်သည်။  ကျောက်ဆောင်၏ ကျဆုံးခန်းတောင်ကျရေသည်ဝိုက်ခွေလိမ့်စီး၊ အဟုန်ကြီးစဉ်ခရီးရှေ့မှောက်၊ လမ်းတစ်ထောက်တွင်ကျောက်ဆောင် ပိတ်ဆို့နေလေ၏။ကျောက်ဆောင်ကာဆီး၊ လမ်းခရီးတွင်ရေစီးကွဲထွက်၊ ကြွဂယက်လည်းမပျက်ရွယ်ရည်၊ အဆုံးဆီဝယ်ပြန်လည် စုစည်းမိသည်တကား။     ။( ၁၆-၆-၁၉၇၁ )စာရေးသူ၏ အယူအဆ တစ်ခုဖြစ်သည့် တံခါးဖွင့်ထားသည် ဆိုခြင်းမှာ လူမှန်သမျှ မိမိ၏ ယူဆပိုင်ခွင့်၊ ဝေဖန်သုံးသပ်ပိုင်ခွင့်များအရ ကဗျာအိမ်သို့ လွတ်လပ်စွာ ဝင်ထွက်ဖြတ်သန်း သွားလာပိုင်ခွင့်ရှိပြီး ကဗျာ၏ အတိမ်အနက် အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုလည်း လွတ်လပ်စွာ ကောက်ချက်ဆွဲနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့ရာတွင် အချို့သော အာဏာရှင်နှင့် သူ၏လက်ဝေခံတို့က ကဗျာဆရာ ဖွင့်ထားသော တံခါးကို ဇွတ်အတင်းဆွဲပိတ်ကာ မိမိလိုရာ အဓိပ္ပာယ် ဖွင့်ဆိုချက်အား တစ်လမ်းသွား ဖော်ဆောင်လာတတ်ကြသည်ကို တွေ့ရ၏။ဤကဗျာကို ရေးခဲ့စဉ်ကာလက ပြည်ထောင်စု တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်၍ ရေးသားခဲ့ခြင်းဖြစ်သည်။ ဤကဗျာတွင် ပါရှိသည့် ကျောက်ဆောင်နိမိတ်ပုံမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စိတ်ဝမ်းကွဲ ပျက်ပြားစေမည့် အဖျက်တစ်ရပ်အဖြစ် တင်စားထားခြင်းဖြစ်သည်။ သို့သော်လည်း ကဗျာတို့၏ သဘော သဘာဝအတိုင်း အချိန်ကာလ ရွေ့လျောလာသည်နှင့်အမျှ လောကဇာတ်ခုံပေါ်ရှိ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဖြစ်စဉ်တို့ ပြုပြင် ပြောင်းလဲလာခြင်းနှင့်အတူ ရှုထောင့်စုံမှ နောက်ထပ် အခြားအခြားသော ဖွင့်ဆိုချက်များဖြင့် ကဗျာကို ချဉ်းကပ်လာလေ့ ရှိသည်။ ယင်းသဘော သဘာဝသည်ပင် ကဗျာ၏ ဝိသေသ ဂုဏ်သတ္တိဖြစ်သည့် စကြဝဠာ အမှန်တရား၊ သို့မဟုတ် စကြဝဠာ သစ္စာတရား တစ်ရပ်ဖြစ်သည်။ ယင်းသည်ပင် ကုလသမဂ္ဂ ယူနက်စ်ကိုအဖွဲ့က ကဗျာနှင့်ပတ်သက်ပြီး ပြောဆိုရည်ညွှန်းသော “ကဗျာ၏စွမ်းအား” ဖြစ်သည်။၂၁ မတ်လတွင် ကျရောက်သော ကမ္ဘာ့ကဗျာနေ့အတွက် ၎င်းတို့၏ ဆောင်ပုဒ်နှင့် ကိုက်ညီစေမည့် ကဗျာတစ်ပုဒ်ကို ရေးသားခဲ့သေးသည်။ ကဗျာ၏ စွမ်းအာကို အားဖြည့်ဖော်ကျူးနိုင်မည့် ကဗျာဟုတော့ ယုံကြည်မိသည်။ ကဗျာတစ်ပုဒ်လုံးကို ရှည်မည်စိုး၍ မဖော်ပြတော့ဘဲ ဒုတိယ အဆုံးသတ် အပိုင်းကိုသာ ဖတ်ရှုခံစားကြည့်ပါ ခင်ဗျား။တံခါးဖွင့်ထားတဲ့ ကဗျာအိမ်ကဗျာဟာ…..သေရွာအထိ၊ အဖိနှိပ်ခံပြည်သူ့မာန်ကိုပြန်လည် ရှင်သန်လာစေတယ်။ကဗျာဟာ…..ရွံရှာစက်ဆုပ်ကြမ်းကြုတ်သွင်ပြင်၊ အာဏာရှင်ကိုရင်မြေကတုတ် ဖြုတ်ထုတ်တယ်။လွတ်လပ်ခြင်းရသပျော်ရွှင်ခြင်းရသ၊ ရဲရင့်ခြင်းရသမျှတဖန်တီး၊ ဆောက်ပြီးဖွင့်ထားအိမ်တံခါးတွေ၊ လာသွားဝင်ထွက်အိပ်မက်အလှ မက်စေတယ်။ထိန်းချုပ်ခြင်းရသ၊ ကန့်သတ်ခြင်းရသ၊ဖိနှိပ်ခြင်းရသ၊ မမျှမတဖန်တီး“ဆောက်ပြီးပိတ်ထား၊ အိမ်တံခါး” လို့ခံစားမျက်ကန်း၊ ခြေလှမ်းစမ်းပျောက်တံခါးခေါက်ရင်းကယောက်ကယက်နဲ့ သူကျန်ရစ်တယ်။(၁၈-၂- ၂၀၁၆)ကဗျာအပုဒ်တိုင်းသည် တုနှိုင်းမဲ့ဖြစ်သည်ဟု ယုံကြည်သည့် အားလျော်စွာ ယင်းအတွက် ဒေသစည်းမခြား၊ နယ်စည်းမခြား၊ အချိန်ကာလစည်းမခြား၊ လဟာနယ် ကန့်သတ်မှုမရှိ၊ လူသားတစ်ရပ်လုံးအား မိသားစု တစ်စုအဖြစ်သို့ ပေါင်းစည်း ထင်ဟပ်ပေးသော အရာဖြစ်သောကြောင့် မရေရာမှု၊ မသေချာမှုများ ဆူညံပွက်လောရိုက်နေသည့် ဤအချိန်အခါမျိုးတွင် ကဗျာ၏စွမ်းအားဖြင့် တန်းတူညီမျှသော ငြိမ်းချမ်းမှုနှင့် ယဉ်ကျေးမှုတစ်ရပ် ဖော်ဆောင်နိုင်မည်ဟု ကမ္ဘာ့ကဗျာနေ့ ကျင်းပသူများက ယုံကြည်လျက် ရှိပေသည်။

Most Read

Most Recent