ငွေကြေးဈေးကွက်နဲ့ အသုံးချ Protfolio Management (8)

ငွေကြေးဈေးကွက်နဲ့ အသုံးချ Protfolio Management (8)
Published 18 March 2016
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ဒီတစ်ပတ်မှာတော့ ပြောင်းလဲခြင်း သဘောတရားတွေကို ဆက်ပြီးရေးပြချင်တယ်။ ငွေကြေးဈေးကွက် အပါအဝင် အရာရာတိုင်းက အချိန်နဲ့အမျှ ပြောင်းလဲနေတာ ဖြစ်တယ်။ ၂၀ ရာစု ရှေ့ပိုင်းကာလတွေမှာ ပြောင်းလဲမှုတွေက နှေးကွေးခဲ့ပေမယ့် ၂၀ ရာစု နောက်ပိုင်းကာလနဲ့ ၂၁ ရာစုရဲ့ အစောပိုင်း ကာလကနေ စတင်ပြီး ပြောင်းလဲမှုတွေ မြန်ဆန်လာတယ်။ လူတွေလိုက်လို့ မမီနိုင်အောင် လူတွေရဲ့ လုပ်ဆောင်ချက်တွေကနေ ပြောင်းလဲမှုတွေက ထင်ထားတာထက် ပိုမိုမြန်ဆန်လာတာကို သတိထားမိကြမှာ ဖြစ်တယ်။ ဒီပြောင်းလဲမှုတွေကို အဓိကဖြစ်စေတဲ့ အားသုံးခုက-(၁) လူဦးရေဖောင်းပွလာမှု    (Population Inflation)
(၂)    နည်းပညာ တိုးတက်လာမှု    (Technological Advances)
(၃)    တစ်နေရာက တစ်နေရာကို အလွယ်တကူ လျင်မြန်စွာ ဆက်သွယ်လာနိုင်မှု (Easy Access)အခုပြောခဲ့တဲ့ ပြောင်းလဲမှုတွေ အမှားအယွင်း မရှိစေဘဲ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်နိုင်စေဖို့ လိုအပ်တယ်။ အသုံးချ Protfolio Management နဲ့ ပတ်သက်ပြီး ကျန်ရှိနေတဲ့ ဥပဒေသုံးခုကို ဆက်ကြည့်ကြရအောင်။(၁၄) ရင်းနှီးမြှုပ်နှံသူ တစ်ဦးမှာ အဖြေတွေ အားလုံးရှိနေတာတောင်မှ မေးခွန်းတွေ အားလုံးကို နားလည်နိုင်မှာ မဟုတ်ပါအကယ်၍ ဘေးဒုက္ခနဲ့ ကြုံတွေ့ရတာမျိုး မရှိရင် စိတ်ကြီးဝင်တဲ့ နည်းလမ်းနဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တာက အနှေးနဲ့အမြန်ဆိုသလို စိတ်ဒုက္ခဖြစ်စေမှုနဲ့ ကြုံတွေ့ရလာနိုင်တယ်လို့ ဆိုတယ်။ အကယ်၍ ကျွန်တော်တို့ အနေနဲ့ ပြောင်းလဲမှု မရှိတဲ့ လက်တစ်ဆုပ်စာ ရင်းနှီးမြှုပ်နှံမှု နည်းလမ်းတွေကို ခွဲခြားနိုင်ခဲ့ရင်တောင်မှ ကျွန်တော်တို့ အနေနဲ့ ပြောင်းလဲမှု မရှိတဲ့ စကြဝဠာအတွင်းက ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေတွေကို ဒါမှမဟုတ် ပြောင်းလဲမှု မရှိတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပတ်ဝန်းကျင်ကို အသုံးချနိုင်စေမှာ မဟုတ်ပါ။ အရာရာတိုင်းက ပုံမှန်အခြေအနေ တစ်ခုအတွင်းမှာ ပြောင်းလဲနေပြီး ဉာဏ်အမြော်အမြင်ရှိရှိနဲ့ ရင်းနှီးမြှုပ်နှံသူ အနေနဲ့ အောင်မြင်မှုဆိုတာက သစ်ဆန်းတဲ့ မေးခွန်းတွေအတွက် အဖြေတွေကို ဆက်တိုက်ရှာဖွေနေတဲ့ လုပ်ငန်းစဉ်ဖြစ်တယ် ဆိုတာကို အသိအမှတ် ပြုထားကြရတာ ဖြစ်တယ်။ဒီနေရာမှာ စာရေးသူ မှတ်သားထားတဲ့ ရိုးစင်းတဲ့ နည်းဥပဒေ သုံးခုကို မျှဝေပေးလိုက်ပါတယ်။ အဲဒီနည်းဥပဒေ သုံးခုက-(၁) သင်လိုချင်တဲ့ အရာနောက်ကို သင်ကလိုက်ရင် အဲဒီအရာကို သင်ဘယ်သောအခါမျှ ရရှိမှာ မဟုတ်ပါ။(၂) အကယ်၍ သင်က မမေးမြန်းရင် သင်အမြဲရရှိစေမည့် အဖြေက ‘မသိပါ’ ဆိုတဲ့ အဖြေသာ ဖြစ်ပါလိမ့်မယ်။(၃) အကယ်၍ သင်က ရှေ့ကို မတက်လှမ်းရင် သင်က မူလနေရာမှာသာ အမြဲရှိနေလိမ့်မယ်ဆိုတာ ဖြစ်ပါတယ်။ဒီကနေ့ခေတ်မှာ မပြောင်းလဲသော အရာက ပြောင်းလဲခြင်း ဖြစ်တယ်ဆိုတဲ့ စကားနဲ့အညီ အောင်မြင်တဲ့ တိုးတက်ပြောင်းလဲမှုကို လိုလားသူတိုင်းက ပြောင်းလဲမှုကို လိုက်လျောညီထွေ လိုက်ပါ ဆောင်ရွက်တတ်ကြရမှာ ဖြစ်ပါတယ်။(၁၅) ဘယ်အရာကမျှ အခမဲ့ မရနိုင်ပါဒီနည်းလမ်းကတော့ မဆုံးနိုင်တဲ့ သတိပေးမှု စာရင်းတစ်ခုကို လွှမ်းခြုံထားတယ်။ ရင်းနှီးမြှုပ်နှံမှုကို ပြင်းပြတဲ့ စိတ်ဇောအဟုန်နဲ့ ဘယ်သောအခါမျှ မပြုလုပ်ပါနဲ့လို့ ဆိုလိုတာ ဖြစ်တယ်။ မိမိအတွက် အကျိုးအမြတ်  တစ်ခုတည်းကိုသာ ကြည့်ပြီး စိတ်ဇောအဟုန် တစ်ခုတည်းကို ဦးစားပေး လုပ်ဆောင်ရင် အမှားဖြစ်နိုင်တယ်ဆိုတဲ့ သဘောပါ။ သင့်ရဲ့ ပထမဦးဆုံး အလုပ်ကို ပေးတဲ့ကုမ္ပဏီ ဒါမှမဟုတ် သင်အမြဲ ပိုင်ဆိုင်စေမယ့် ကားကို ပထမဦးဆုံး တည်ဆောက်ပေးတာ ဒါမှမဟုတ် လွန်ခဲ့သော အချိန်ကာလတစ်ခုမှာ နှစ်သက်တဲ့ ရုပ်မြင်သံကြား ပွဲတစ်ခုကို ဖြစ်မြောက်အောင် ပံ့ပိုးပေးတာက အလွန်ကောင်းတဲ့ ကုမ္ပဏီတစ်ခု ဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ ဒါက အဲဒီကုမ္ပဏီရဲ့ စတော့အနေနဲ့ အလွန်ကောင်းတဲ့ စတော့ ဖြစ်တယ်လို့ မဆိုလိုပါ။ အကယ်၍ လုပ်ငန်းအဖွဲ့အစည်း အနေနဲ့ အမှန်တကယ် အကောင်းဆုံး ဖြစ်နေရင်တောင်မှ ယင်းရဲ့ရှယ်ယာဈေးနှုန်းတွေက အင်မတန် မြင့်မားနိုင်ပါတယ်။ကော်မရှင် ရရုံမျှ သက်သက်နဲ့ အများပိုင် ကုမ္ပဏီကနေ Securities Exchange Commission (SEC) ကို ကျော်ဖြတ်ပြီး စာရင်းဝင် အများပိုင်ကုမ္ပဏီ (Listed Public Company) တွေမှာ စတော့တွေ ဝယ်ယူစုဆောင်းတာမျိုး မလုပ်ပါနဲ့လို့ ဆိုတယ်။ ဒါကို ရှင်းအောင် ရေးပြရရင် စတော့ဈေးကွက်မှာ အများပိုင် ကုမ္ပဏီတွေကနေ SEC ကို ကျော်ဖြတ်ပြီး စာရင်းဝင် အများပိုင် ကုမ္ပဏီဖြစ်လာတဲ့ အချက်အလက်တွေကို သေချာဂန စိစစ်ကြရမှာ ဖြစ်တယ်။ အခုမှ စာရင်းဝင် အများပိုင် ကုမ္ပဏီဖြစ်လာရာမှာ မိမိတို့ရဲ့ စတော့တွေကို ကြားပွဲစားတွေကို ကော်မရှင်ပေးပြီး ရောင်းခိုင်းရုံမျှနဲ့ မိမိကုမ္ပဏီရဲ့လုပ်ဆောင်ချက် မကောင်းရင် စတော့ဈေးကွက်မှာ အောင်မြင်မှု ရရှိမှာ မဟုတ်ပါ။ အလုပ်မလုပ်ရသေးဘဲ ငွေအဝင်တွေ မပြနိုင်သေးဘဲ စတော့ရှယ်ယာဈေးတွေ မြင့်တက်တဲ့ ပုံစံနဲ့ မက်လုံးပေး ဆွဲဆောင်တာတွေကလည်း မလုပ်သင့်တဲ့အရာ ဖြစ်တယ်။ လောဘတက်ရင် ငွေကြေးဈေးကွက်မှာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့ကြရမှာ ဖြစ်တယ်။ စတော့ဈေးနှုန်းတွေကနေ ကော်မရှင်တွေ ခွဲဝေပေးရတာဖြစ်လို့ စတော့အသစ်တွေက ဒီနည်းနဲ့ ယိုင်လဲသွားကြရတာ ဖြစ်တယ်။ ဒါကလည်း သင့်အနေနဲ့ Initial PublicOfferings (IPOS) လို့ခေါ်တဲ့ စာရင်းဝင် အများပိုင်ကုမ္ပဏီတွေက ထုတ်ရောင်းတဲ့ စတော့တွေကို ဘယ်သောအခါမျှ မဝယ်ဖို့ဆိုလိုတာ မဟုတ်ပါ။ အဓိက ကတော့ ဉာဏ်နဲ့ ချင့်ချိန်တတ်ကြစေဖို့ပါ။(၁၆) မကြောက်နဲ့ ဒါမှမဟုတ် အနုတ်လက္ခဏာတွေ လွန်ကဲစွာ မလုပ်ပါနဲ့စာရေးသူတို့ မြန်မာစကားမှာ ကြောက်ရင်လွဲ၊ ရဲရင်မင်းဖြစ်ဆိုတာ ရှိပါတယ်။ လူတွေမှာ ကြောက်စိတ်တွေ လွန်ကဲရင် အမှားဖြစ်တတ်တယ်။အရည်အသွေး ပညာရှင် Mr.Deming ရဲ့ အရည်အသွေးနဲ့ ပတ်သက်တဲ့ အချက် ၁၄ ချက်အနက် တစ်ခုမှာလည်း Drive out Fear လို့ခေါ်တဲ့ ကြောက်စိတ်ကို ဖယ်ရှားပစ်ရမယ်ဆိုတာ ပါပါတယ်။ အမေရိကန်နိုင်ငံရဲ့ စတော့တွေမှာ အပြုသဘောဆောင် အမြင်ရှိသူတွေက ဒီနည်းကို နှစ်ပေါင်း ၁၀၀ ကျော် ကျင့်သုံး လုပ်ဆောင်ခဲ့ကြသလို တစ်ဦးချင်းစီဖြစ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကလည်း စတော့တွေရဲ့ ငွေကြေး အကျိုးရှိအောင် လုပ်ဆောင်ကြရာမှာ အထူးသဖြင့် ပိုမိုသေးငယ်တဲ့ ကုမ္ပဏီတွေမှာရှိတဲ့ စတော့တွေမှာ ဝယ်ယူရင်းနှီး မြှုပ်နှံခဲ့ကြတယ်။စာရေးသူတို့နိုင်ငံက အနုတ်လက္ခဏာဆောင်တဲ့ လုပ်ဆောင်ချက်တွေ နှစ်ပေါင်း ရာစုနှစ်ဝက်ကျော် လုပ်ဆောင်ခဲ့ရာမှာ နိုင်ငံက အဆင်းရဲဆုံး နိုင်ငံဖြစ်ပြီး နိုင်ငံသားတွေ ဆင်းရဲတွင်းနက်ခဲ့ကြရတယ်။ ဒီကနေ့မှာ ပြောင်းလဲမှု လျင်မြန်လာမှုတွေနဲ့အတူ နိုင်ငံတွေအလိုက် စီးပွားရေး လုပ်ငန်းတွေက ပိုမိုပေါင်းစည်းတဲ့ လုပ်ဆောင်မှုတွေ ရှိလာကြပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန် မှီခိုအကျိုး ဖြစ်စေတဲ့ လုပ်ဆောင်မှုတွေ လုပ်လာကြတယ်။ဆက်သွယ်မှုတွေကလည်း ပိုမိုလွယ်ကူလာ ပိုမိုဈေးပေါလာတာနဲ့အမျှ စီးပွားရေး လုပ်ငန်းတွေက ရုတ်တရက် အလျင်အမြန် တိုးတက်လာခဲ့တယ်။ ကုန်သွယ်မှု လုပ်ငန်းနဲ့ ခရီးသွား လုပ်ငန်းတွေ ကြီးထွားလာတာနဲ့အမျှ ချမ်းသာကြွယ်ဝမှုကလည်း မြင့်မားလာစေတာ ဖြစ်တယ်။ အလားတူ စတော့ဈေးနှုန်းတွေကလည်း မြင့်တက်လာစေတယ်။ ၂၁ ရာစုမှာ အခုလို တိုးတက်မှုတွေ ဖြစ်လာရာမှာ Economic Integration လို့ ခေါ်တဲ့ စီးပွားရေးလုပ်ငန်း ပေါင်းစည်းမှုက ၆၀၀၀ အထိ ရှိလာနေပြီး ဒီထက်တောင်မှ ပိုနိုင်တယ်လို့ ဆိုတယ်။Standard & Poor (500) (S & P 500) ဆိုရင် ယခင်က ကုမ္ပဏီအစုအဖွဲ့ ၅၀၀ ကနေ ၆၀၀ အထိ တိုးတက် မြင့်မားလာတယ်လို့ သိရတယ်။ S & P 500 ကနေ S & P 600 ဖြစ်လာနေတာ ဖြစ်တယ်။ အဲဒီလို ဖြစ်လာရာမှာ ရင်းနှီးမြှုပ်နှံသူတွေက အဲဒီ ကုမ္ပဏီတွေရဲ့ စတော့ညွှန်းကိန်းတွေကိုဦးစွာ ပထမ လေ့လာကြရတယ်။ ပြီးရင် စတော့အညွှန်းမြင့် ကုမ္ပဏီ အုပ်စုတွေကနေ ကုမ္ပဏီ တစ်ခုချင်းရဲ့ အခြေအနေကို သိအောင် လုပ်ဆောင်ကြရပြီး အလားအလာ အကောင်းဆုံး စတော့တွေကို ဝယ်ယူကြရတာ ဖြစ်တယ်။ဒါကြောင့် စတော့ဈေးကွက်မှာ သာလွန်ကောင်းမွန်အောင် ကြိုးစားရတာဖြစ်တယ်။ အပေါင်း လက္ခဏာဆောင်နိုင်အောင် အားထုတ် ကြိုးပမ်းကြရတာ ဖြစ်တယ်။ အနုတ် လက္ခဏာ လွန်ကဲစွာ လုပ်ဆောင်တဲ့ ကုမ္ပဏီတွေက စတော့ဈေးကွက်ကနေ ပျောက်သွားကြရမှာ ဖြစ်တယ်။ငွေကြေးဈေးကွက်မှာ Applied Protfolio Management ကို တစ်ဖက်မှာသိဖို့ လိုအပ်သလို ဘယ်လိုအချိန်မှာမဆို သိထားရမယ့် အချက်တစ်ခုကတော့ 'Buy Low,Sell High' လို့ခေါ်တဲ့ ဈေးတွေ နိမ့်ကျချိန်မှာ ဝယ်ယူပါ။ ဈေးမြင့်တက်ချိန်မှာ ပြန်ရောင်းပါလို့ဆိုတာ ဖြစ်ပါတယ်။

Most Read

Most Recent