သပြေညို ရွှေဘိုပန်း . . . ထာဝရလန်းဖို့

သပြေညို ရွှေဘိုပန်း . . . ထာဝရလန်းဖို့
Published 18 March 2016
ရဲခေါင်မဲမောင်

သပြေညိုသူခေါင်းမှာတဲ့ သပြေညိုငါ့ခေါင်းမှာတဲ့ သပြေညိုတို့ပြေမှာ တို့မေကမ်းပါးတဲ့သပြေညို ရွှေဘိုပန်းဟာကလန်းလျက်ပါကို။ဘာမလျှော့လေနဲ့လာတော့မကွဲ့ ရွှေဗဟိုရ်လေချိုက အသွေး။လင်းကြက်ဆော်ကွင်းထက်မှာ တူပျော်ပျော်နဲ့စည်တော်ကို ရည်မျှော်မှန်းကာပရောင်နီမှာ အောင်စည်ရွမ်းရအောင်သပြေညို ရွှေဘိုပန်းနဲ့လှမ်းကြစို့လေး။    ။

ဒီနာမည်ကျော် ‘သပြေညို’ ကဗျာကို ဆရာကြီး မင်းသုဝဏ် ရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ကို ပညာသင်သွားနေတုန်း ဝေလပြည်နယ် မြောက်ပိုင်းက ဟာဒင်ရွာ စိန့်ဒိုင်းနီးယဲ့ စာကြည့်တိုက်မှာ ရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ ရေးဖွဲ့ခဲ့တဲ့ အချိန်ကတော့ ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် အင်္ဂါနေ့ ဖြစ်တယ်လို့ မှတ်သားထားမိ ပါတယ်။ကျွန်တော်တို့ မြန်မာတွေအတွက် “သပြေ’’ ဆိုတာ အောင်အတိတ်နဲ့ အောင်နိမိတ် ဆောင်တဲ့ ‘‘အောင်ပန်း’’ ဖြစ်ပါတယ်။ စီးပွား လာဘ်လာဘ တိုးတက်လိုရင်ပဲ ဖြစ်ဖြစ်၊ ရာထူး တိုးတက်ပြီး နေရာ ဌာနကောင်းကို ပြောင်းရွှေ့လိုရင်ပဲ ဖြစ်ဖြစ် အနာရောဂါ ကင်းရှင်းပြီး ကျန်းမာ အသက်ရှည်လိုရင်ပဲ ဖြစ်ဖြစ်၊ ယုတ်စွအဆုံး စာမေးပွဲအောင်ချင်၊ ချစ်သူရည်းစားနဲ့ လက်ထပ်ချင်ရင်ပဲ ဖြစ်ဖြစ် ‘‘သပြေ’’ ပန်းကလေးတွေ ဘုရားမှာ ဝေေ၀ဆာဆာ ထိုးစိုက်ရင်း ဆုမွန်ကောင်း တောင်းတတ်ကြပါတယ်။ပြီးတော့ ဆရာကြီး မင်းသုဝဏ်က အဲဒီလို အနက်အဓိပ္ပာယ်တွေနဲ့ ပြည့်စုံ ကြွယ်ဝနေတဲ့ ‘‘သပြေ’ ’ပန်းကလေးကို ‘‘သပြေညို ရွှေဘိုပန်းဟာက ... လန်းလျက်ပါကို’ ’လို့ ဆိုပြီး ‘‘ရွှေဘိုပန်း’’ လို့ တင်စား ခေါ်ဝေါ်လိုက်ပြန်ပါတယ်။ ရွှေဘို ဆိုတာက ကုန်းဘောင်ဘွဲ့ ဗုံကြီးသံမှာ ပါတဲ့..’’ ရန်ကြီးအောင် ကုန်းဘောင်ပ၊ ငါးမည်ရ ပြည်ရွှေဘို၊ ဘေးရန်ကပြို၊ မုဆိုးဘို၊ ရန်ပြိုတဲ့ နာသင်္ခ၊ ဘိုးတော့်ဒေသ’’ လို့ ဆိုတဲ့အတိုင်း တတိယ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်တဲ့ အလောင်းမင်းတရားကြီးရဲ့ ငါးမည်ရ ပြည်ရွှေဘိုပဲ ဖြစ်ပါတယ်။ အောင်အတိတ်နဲ့ အောင်နိမိတ် ဆောင်တဲ့ ‘‘သပြေ’’ ပန်းကလေးကို တတိယ မြန်မာနိုင်ငံတော်ကြီး အောင်အောင်မြင်မြင် တည်ထောင်နိုင်ဖို့အတွက် ရန်အမျိုးမျိုးကို အောင်မြင်စွာ တိုက်ခိုက် နှိမ်နင်းပြီး တည်ဆောက်ခဲ့တဲ့ ‘‘ရွှေဘို’’ မြို့ကြီးနဲ့ တစ်ထပ်တည်းကျ တင်စားလိုက်တဲ့ ဆရာကြီးရဲ့ စေတနာက တစ်ခုတည်းပဲ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီ စေတနာကတော့ ၁၈၈၅ ခုနှစ်ကစပြီး နယ်ချဲ့ လက်အောက်ကို နှစ်ပေါင်းတစ်ရာကျော် ရောက်ရှိနေတဲ့ ကျွန်တော်တို့ နိုင်ငံကြီးကို လွတ်လပ်စေချင်တဲ့ စေတနာပဲ ဖြစ်ပါတယ်။ဆရာကြီး မင်းသုဝဏ်ရဲ့ စေတနာကြောင့် နယ်ချဲ့ လက်အောက်မှာ ရှိတဲ့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ရင်ထဲမှာ အမျိုးချစ်စိတ် မဟုတ်တဲ့ စစ်မှန်တဲ့ တိုင်းချစ် ပြည်ချစ်စိတ်တွေ မွေးဖွား ကြီးပြင်း လာခဲ့ပါတယ်။ ချစ်ခင်ခြင်း၊ စည်းလုံး ညီညွတ်ခြင်း စတဲ့ အရည်အချင်း ကောင်းတွေကိုလည်း ရရှိ ပိုင်ဆိုင်လာခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ဆရာကြီး မင်းသုဝဏ် ‘‘သပြေညို’’ ကဗျာကို ရေးသားပြီးလို့ ‘‘၁၀’’ နှစ်တိတိ အကြာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျွန်တော်တို့ နိုင်ငံကြီး လွတ်လပ်ရေး အောင်ပန်းကို ဆွတ်ခူးပန်ဆင် နိုင်ခဲ့ပါတော့တယ်။ တစ်နည်းအားဖြင့် ‘‘သပြေညို ... ရွှေဘိုပန်း’’ ကို မြန်မာပြည်သူ ပြည်သားတွေ ပန်ဆင်ခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ဒါပေမဲ့ မြန်မာပြည်ကြီးရဲ့ ကံကြမ္မာလို့ပဲ ပြောပြော၊ မြန်မာပြည်သူ ပြည်သားတွေရဲ့ ကံကြမ္မာလို့ပဲ ဆိုဆို သပြေညို ရွှေဘိုပန်းဟာ ၁၄ နှစ်တာ ကာလလောက်သာ ‘‘လန်း’’ ခဲ့ရပြီး ၁၉၆၂ ခုနှစ်မှာ ‘‘နွမ်း’’ ခဲ့ရပါတော့တယ်။ ဒီမိုကရေစီ ကျင့်စဉ်အောက်မှာ ပွင့်လန်းနေတဲ့ သပြေညို ပန်းကလေး အပေါ်ကို စစ်အာဏာရှင်စနစ် ဆိုတဲ့ သံရည်ပူတွေ အဆက်မပြတ် အလောင်းခံလာ ရပါတယ်။ ဗိုလ်ချုပ် ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေနဲ့ ယခုတစ်ခါ ၁၉၇၄ အခြေခံ ဥပဒေကို ၂၀၀၈ အခြေခံ ဥပဒေနဲ့ ဖုံးလွှမ်းပြီး စစ်အာဏာရှင်တို့ အလိုကျ တစ်သွေးတစ်သံ တစ်မိန့်နဲ့ ထင်တိုင်းကြဲခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံကြီးဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံကြီးအဖြစ် သက်ဆင်းသွားခဲ့ ရပါတော့တယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ မရှေးမနှောင်း ဆိုသလို လွတ်လပ်ရေး ရရှိခဲ့တဲ့ နိုင်ငံတွေ ဒီမိုကရေစီကျင့်စဉ် ရှင်သန်ခိုင်မြဲပြီး အဲဒီနိုင်ငံ ပြည်သူပြည်သားတွေ လူသားတစ်ဦးရဲ့ တန်ဖိုးတွေကို ပြည့်ပြည့်၀၀ ရရှိ ခံစားနေကြရတဲ့ အချိန်မှာ ကျွန်တော်တို့ ပြည်သူတွေဟာ လူ့တန်ဖိုးတွေ ဆုံးရှုံးနစ်နာ နေခဲ့ကြရပါတယ်။နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေ အရင်ပြောရမယ် ဆိုရင်လည်း ‘‘မကောင်းတာထိမ်း ကောင်းတာဘိတ်’’ ဆိုသလိုပါပဲ။ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ၊ ခြစားမှုအများဆုံးနိုင်ငံ၊ ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံ၊ ပညာရေး အနိမ့်ကျဆုံးနိုင်ငံ၊ ကျန်းမာရေး စောင့်ရှောက်မှု အညံ့ဆုံးနိုင်ငံ၊ တစ်နေ့လုပ်အားခ အနည်းဆုံးနိုင်ငံ ဖြစ်နေတဲ့ နိုင်ငံကြီးကို ဂုဏ်ကျက်သရေရှိရှိ ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် ၁၉၆၂ ခုနှစ်ကနေ ဒီကနေ့အထိ ကြိုးစားနေကြတဲ့ လုပ်သားပြည်သူတွေနဲ့ ကျောင်းသားတွေ မနည်းမနောပါပဲ။၁၈၈၅ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်းတစ်ရာကျော်အတွင်း မြန်မာပြည်ကြီး လွတ်လပ်ရေး ရရှိဖို့အတွက် ရုန်းကန် တိုက်ပွဲဝင် ကြိုးစားခဲ့ကြတဲ့ မြန်မာပြည်သူ ပြည်သား သူရဲကောင်းတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ အာဏာရှင်တွေရဲ့ လက်ချက်ကြောင့် သေဆုံး ဘဝပျက်ခဲ့ကြရသူ အရေအတွက်ထက် ၁၉၆၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ စစ်အာဏာရှင်စနစ် နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာပြည်ကြီး လွတ်လပ်ရေး ရရှိဖို့ တိုက်ပွဲဝင် ကြိုးစားခဲ့ကြတဲ့ ပြည်သူပြည်သားကောင်းတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ကြတဲ့ စစ်အာဏာရှင်တွေရဲ့ လက်ချက်ကြောင့် သေဆုံး ဘဝပျက်ခဲ့ကြသူ အရေအတွက် အများကြီး ပိုဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ဆဲဗင်းဇူလိုင်၊ ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားနဲ့ ဦးသန့် အရေးအခင်း၊ ၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီးတွေနဲ့ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းကြီးတွေရဲ့ အနစ်နာခံ စွန့်လွှတ် စွန့်စားမှုတွေက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် ပြည်သူလူထုကို မဲရုံတွေထဲကို ခေါင်းမော့ရင်ကော့ ဝင်ရောက်စေပြီး လက်သန်းဖျားတွေကို မင်ဆွတ်စေခဲ့ပါတယ်။ အဲဒီ ပြည်သူ့လက်သန်းတွေဟာ မြန်မာနိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု အခန်းကဏ္ဍကို နိဂုံးချုပ်မပေးနိုင်သေးပေမယ့် အာဏာရှင် စနစ်ကိုတော့ အတိုင်းအတာ တစ်ခုအထိ ‘‘တောက်’’ ထုတ်လိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ဒီအတွက် ခိုင်မာ ထင်ရှားတဲ့ သက်သေလာတော့ ၁၅-၃-၂၀၁၆ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်တဲ့ပွဲမှာ သပြေညို ကဗျာရှင် ဆရာကြီး မင်းသုဝဏ်ရဲ့ သားဖြစ်သူ ဦးထင်ကျော်ဟာ မဲပေးပိုင်ခွင့် ရှိတဲ့သူ ၆၅၂ ဦးအနက် ထောက်ခံမဲ ၃၆၀ ရရှိပြီး နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ အသားညိုညို၊ အရပ်မြင့်မြင့်နဲ့ ရိုးသားဟန် အပြည့်ရှိတဲ့ ဦးထင်ကျော်ကို လှည်းတစ်တန်၊ လှေတစ်တန်၊ ကုန်းကြောင်းတစ်တန်နဲ့ မြန်မာပြည် အရပ်ရပ်မှာ ရှိတဲ့ ဒုက္ခသည်တွေဆီကို သွားရောက်ပြီး ကိုယ်ချင်းစာစိတ် အပြည့်အဝနဲ့ အကူအညီတွေ ပေးနေတာကို လူမှုကွန်ယက် စာမျက်နှာတွေ အပေါ်မှာ ကျွန်တော်တို့ လေးစားဖွယ် တွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။ အများအကျိုး ဆောင်ရွက်ရာမှာ တက်တက်ကြွကြွ ရှိလှတဲ့ သူတစ်ယောက်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်လိုက်ကြတဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ရင်ထဲမှာ ‘နောင်တ’ ဆိုတဲ့ အရာတစ်ခု ဘယ်တော့မှ ပေါ်ပေါက်လာမှာ မဟုတ်ဘူး ဆိုတာကလည်း သေချာမှု မဟုတ် ယုံကြည်မှုပဲ ဖြစ်ပါတယ်။ပြီးတော့ လူတွေမှာ ဆင်းသက်လာတဲ့ မျိုးရိုးက အလွန်ပဲ အရေးကြီး အရေးပါပါတယ်။ လူမှာ အမျိုး၊ ကြက်မှာ အရိုးတို့၊ လူလိမ္မာသား ယဉ်ပါး၊ လူမိုက်သား ရမ်းကားတို့၊ လူမှာ မျိုးရိုး အရေးကြီးတယ် ဆိုတာကို ပြောထားတဲ့ ကျွန်တော်တို့ မြန်မာတွေရဲ့ ဆိုရိုးစကားတွေ မဟုတ်လား။နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်တာကို ခံရတဲ့ ဦးထင်ကျော်ရဲ့ ဖခင် ဆရာကြီး မင်းသုဝဏ်ဟာ နိုင်ငံတကာကတောင် လေးစား ချစ်ခင်ကြတဲ့ မြန်မာစာပေ ပညာရှင်ကြီးတစ်ဦး ဖြစ်ပါတယ်။ ဆရာသိပ္ပံ မောင်ဝ၊ ဆရာဇော်ဂျီတို့နဲ့အတူ ခေတ်စမ်းစာပေကို ရှေ့ဆောင်လမ်းဖောက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ မြန်မာ့ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေနဲ့ မြန်မာစာပေကို ကမ္ဘာက အသိအမှတ်ပြု လေးစားအောင် သင်ကြားပို့ချ ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ ကလေးတွေကို ချစ်ခင်ကြင်နာပြီး ရှေးဟောင်းရေးထုံးတွေထဲက ခွဲထွက်တဲ့ ကလေးကဗျာသစ်ကိုလည်း တီထွင် လမ်းဖောက်ပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပြန်ပါတယ်။ ကြိုက်တဲ့နေရာစမ်း၊ ကြိုက်သလောက်စမ်း ဆိုသလို ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့ ပြောစရာ တစ်ခုမှ မရှိသူ ဖြစ်သလို အင်မတန်မှ သနားကြင်နာစိတ် ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီလို အစဉ်အလာ ကောင်းတွေနဲ့ ဒီလို ပညာ အရည်အချင်းတွေနဲ့ ဒီလို ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ သားဖြစ်သူ ဦးထင်ကျော်တစ်ယောက် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက် ခံလိုက်ရခြင်း အပေါ် အခြား ဘာတစ်ခုမှ သံသယ ဖြစ်စရာ မလိုတော့ဘူးလို့ ကျွန်တော် ထင်ပါတယ်။  အခုတော့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလကနေ ၁၉၆၂ ခုနှစ် မတ်လအထိ ၁၄ နှစ်ခန့် လောက်သာ ‘‘လန်း’’ ခဲ့ရပြီး ၁၉၆၂ ခုနှစ် မတ်လက စလို့ ၂၀၁၆ ခုနှစ်အထိ မတ်လ ၁၄ ရက် နေ့အထိ နှစ်ပေါင်း (၅၀) ကျော်ပြန်ပြီး ‘‘နွမ်း’’ ခဲ့ရတဲ့ ပြည်သူလူထုရဲ့ ‘‘သပြေညိုပန်း’’ ကလေးဟာ အသစ်တဖန် ပြန်လည်လို့ ‘‘လန်းဆန်း’’ လာခဲ့ရပြီ ဖြစ်ပါတယ်။ ဒီပန်းကလေး ထာဝရ လန်းဆန်း မွှေးကြိုင်နေဖို့ ကျွန်တော်တို့ ဂရုစိုက်ကြရပါလိမ့်မယ်။ ပြီးတော့ ဒီပန်းကလေးဟာ အာဏာရှင် လောင်းရိပ်အောက်မှာ မရှင်သန် မပွင့်လန်း မလန်းဆန်းနိုင်တာကြောင့် အာဏာရှင်စနစ် အမြစ်ပြတ်သွားရအောင် ကျွန်တော်တို့ ကြိုးစားရပါမယ်။ အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် အဓိက လိုအပ်တာက အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပဲ ပြောပြော အမျိုးသားပြန်လည် သင့်မြတ်ရေးပဲ ပြောပြော မှန်ပါတယ်။ အဲဒီ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အရေးကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ‘မေတ္တာနိုင်ငံရေး’ လုပ်ကြဖို့ ဖြစ်ပါတယ်။တကယ်တော့ ‘သပြေညို’ ဆိုတာ ‘‘ပြည်သူ့ ဒီမိုကရေစီ’’ မဟုတ်လား။

Most Read

Most Recent