ပြဿနာ အဖြေရှာနည်း

ပြဿနာ အဖြေရှာနည်း
Published 18 March 2016
မြေနီသစ္စာ

တစ်စုံတစ်ရာ ပြဿနာ ဖြစ်လာပါက များသောအားဖြင့် ခြေမကိုင်မိ၊ လက်မကိုင်မိ ဘာစလုပ်ရမှန်း မသိဘဲ နဖူးနထိုင်း ဖြစ်တတ်ကြသည်။ ယင်းသို့ ဘာကစ၍ ပြဿနာ ကို ဖြေရှင်းရမှန်း မသိခြင်းမှာ စဉ်းစားဆင်ခြင် ဉာဏ်အမြော်အမြင် မဟုတ်ဘဲ ပူပင်သောက ရောက်ခြင်းကြောင့် ဖြစ်၏။ပြဿနာ တစ်ခုခု ဖြစ်လာလျှင် ပူပင်သောက စဖြစ်ရခြင်းမှာ ဘာကြောင့် ပြဿ နာ ဖြစ်ရသည်ကို ခေါင်းအေးအေးနှင့် မရှာဖွေသည့်အတွက် ဖြစ်ရခြင်းပင်။“ပြဿနာဟာ နေ့တိုင်း တွေ့ရမှာပါ။ ပြဿနာကို ဖြေရှင်းနေရတာဟာ ဘဝမှာ ပုံမှန် လုပ်နေရတဲ့ အလုပ်ပဲ။ ပြဿနာကို ကြောက်ပြီးတော့ တွေးပြီးတော့ စိတ်ညစ်နေဖို့ မဟုတ်ဘူး။ ကိုယ့်မှာ အရည်အချင်း ရှိသလောက် လုပ်နိုင်သလောက် လုပ်ပါ” ဟု ပျဉ်းမနား မဟာမြိုင် တောရ ဆရာတော် ဦးဇောတိက,က အရှုပ်ထဲမှာ ရှင်းအောင်နေတွင် ဆိုမိန့်ထားသည်။ပြဿနာ ဖြစ်လာလျှင် ဘာပြဿနာလဲ? ဟူသည်ကို ရှင်းရှင်းလင်းလင်း သိဖို့ လိုပါသည်။ ဘာပြဿနာမှန်း သိလာသည်နှင့် ထိုပြဿနာ ဖြစ်ပေါ်လာသည့် အကြောင်းရင်းများသည် ဘာတွေလဲ ဆိုသည်ကိုလည်း ဆက်လက်၍ သိထားဖို့ လိုအပ်ပေသည်။ပြဿနာ မှန်သမျှတွင် ဖြေရှင်းနိုင်သော နည်းလမ်းများ ရှိသည်ချည်းပင်။ ယင်း ဖြေရှင်းနိုင်မည့် နည်းလမ်း ဘယ်လောက်ရှိသလဲ။ ဘာနည်းလမ်းနဲ့ ဖြေရှင်းနိုင်မှာလဲ? ဖြေရှင်းနိုင်မည့် နည်းလမ်းတွေက ဘာတွေလဲ ဆိုသည်ကိုလည်း ရှာဖွေထားရှိ ရပေလိမ့်မည်။စစ်စစ် ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းများသည် တစ်ခုမက ရှိတတ်ပေသည်။ မိမိ မဖြေရှင်းနိုင်သည့် နည်းလမ်းများ ဖြစ်နေပါက ဖြေရှင်းပေးနိုင်မည့် အပေါင်းအသင်း မိတ်သင်္ဂဟ အကြံကောင်း ဉာဏ်ကောင်း ပေးတတ်သူများဆီက ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရရှိနိုင်အောင် နှီးနှောတိုင်ပင် တင်ပြရပေလိမ့်မည်။အမှန်ပင်။ မိတ်သင်္ဂဟများနှင့် တိုင်ပင် နှီးနှောလျက် အကြံဉာဏ် ရယူလိုက်သော အခါတွင် မိမိပြဿနာအတွက် ဖြေရှင်းနည်း တစ်နည်းနည်းကို တွေ့ရှိလာရတတ်ပေသည်။ပြဿနာ ဆိုရာတွင် လူမှုရေး ပြဿနာ လည်း ရှိသည်။ နိုင်ငံရေးနှင့် နှီးနွှယ်သော ပြဿနာလည်း ရှိသည်။ မိမိ၏ ယုံကြည်ချက်၊ ခံယူချက်အတွက် မိမိ ခံယူချက်ကို မလိုလားသူက သူ့ကို ရန်မပြုပါဘဲနှင့် မိမိကို ဆန့်ကျင်လာသည့် အခါတွင် ယင်းပြဿနာကို ဖြေရှင်းရသည်မှာ ရှင်းရှင်း ဆိုရပါလျှင် အတော်ပင် ဦးနှောက်စား၏။ တစ်ဦးနှင့် တစ်ဦး မူလ ခင်မင်ရင်းနှီးရာက မပြောနိုင် မခေါ်နိုင် တစ်စတစ်စ စိမ်းလာ၏။ ပိုဆိုးသည်မှာ မိမိ လုပ်ငန်းဖြစ်သည့် စာရေးသားခြင်းနှင့် ပတ်သက်၍ ဆက်ဆံနေသူများနှင့် အဆင်ပြေမှုတို့ကို ထိပါး နှောင့်ယှက်လာသလို ခံစားရလေသည်။ ထိပါးနှောင့်ယှက်လာဟန် တွေ့ရှိလာရလေသည်။ယင်းပြဿနာတွင် ပြဿနာ၏ အရင်းအမြစ်ဖြစ်သည့် ခံယူချက် မတူညီရာက ဖြစ်လာခြင်းပင်။ မိမိ၏ ခံယူချက်ကို လက်မခံနိုင်သူဘက်က လက်မခံရုံနှင့် ရပ်တန့်မထားဘဲ ခံယူချက် မတူညီသည်ကို အကြောင်းပြု၍ သာမန်ဆန့်ကျင် ကန့်ကွက်ရုံနှင့် (ဥပမာ စကားအပြောအဆို စိမ်းကားလာရုံနှင့်) ဆန့်ကျင်သည်ဆိုလျှင် သိပ်ပြဿနာ မဟုတ်ပေ။ ယခုအခါ မိမိ၏ အကျိုးစီးပွားကိုပါ ထိခိုက်ချိုးဖဲ့ လာသည့် အသွင်ဆောင်လာလေသည်။“ဒီလူ့ကို ခင်ဗျားတို့ ဂျာနယ်မှာ မရေးခိုင်းနဲ့တော့ဗျာ” ဟု ဆန့်ကျင် ကန့်ကွက်လာသူက မိမိ အကျိုးစီးပွားကို ပိတ်ပင်တားဆီးမှု ပြုလာလေသည်။ ဂျာနယ်ပါ မိမိ၏ ရေးသားချက်တို့သည် ပြည်သူလူထုအတွက် အဆိုးပြုပါသလား? အကျိုးပြုပါသလား? စမ်းစစ်ပြီးမှ ကန့်ကွက်သင့်လေသည်။မိမိသည် ဂျာနယ် တစ်ခုခုတွင် တစ်စုံတစ်ရာ အကြောင်းအရာကို ရေးတိုင်း ပြည်သူလူထုအတွက် တစ်စုံတစ်ရာ အကျိုးပြုမှုကို ဦးတည်၏။ ယုတ်စွအဆုံး ပြည်သူ့အကျိုးစီးပွား နစ်နာ ဆုံးရှုံး ပျက်စီးမည့် ကိစ္စမျိုးပင်လျှင် အားလုံးသိရှိ ကာကွယ်နိုင်အောင် ဖော်ထုတ် ရေးသားလေ့ ရှိ၏။ယခုအခါ ပုဂ္ဂိုလ်ရေးအမြင် မကြည်လင်၍ ကန့်ကွက် တားဆီး ခံရမှုတွင် သက်ဆိုင်ရာ ဂျာနယ် အယ်ဒီတာထံ မိမိ ခွင့်တောင်း၏။ မိမိအပေါ် ကန့်ကွက် တားဆီးသူ အပါအဝင် အယ်ဒီတာနှင့် မိမိတို့ သုံးဦး တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်၏။ ယင်းသည် ငြိမ်းချမ်းသော ဖြေရှင်းနည်းဖြစ်၏။ မိမိအပေါ်တွင် အမြင်မကြည်လင်သူက သူ့ကန့်ကွက်ရသည့် အကြောင်းကို ရင်ဖွင့်၏။ သူကန့်ကွက်ရခြင်းမှာ စင်စစ် အမြင်မတူမှုကြောင့်ပင်။အယ်ဒီတာက အမြင်မတူမှုသည် တစ်စုံတစ်ရာ ထိခိုက်နစ်နာမှု မရှိလျှင် လွတ်လပ်စွာ သဘော ကွဲလွဲနိုင်ကြောင်း ရှင်းပြ၏။ ယင်းကြောင့် မိမိ ခံယူချက်ကြောင့် ရေးသား တင်ပြချက်သည် အပြစ်မရှိဟု ရှင်းပြ၏။ မည်သူမဆို အများပြည်သူ အကျိုးကို ထိထိုက် နစ်နာမှု မရှိသည့် အကြောင်းအရာ မှန်သမျှ စာနယ်ဇင်းတို့တွင် ရေးသားဖော်ပြခွင့် ရှိကြောင်း၊ နားလည်သွား၏။ ကန့်ကွက်သူ ကျေနပ်သည်ကို မိမိတို့ သုံးဦး ဆွေးနွေး ညှိနှိုင်းကြ၏။ယင်းပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းလိုက်သည့်အတွက် မပြေလည်မှုတို့သည် တစ်စုံတစ်ရာ အတိုင်းအတာထိ ပြေလည်သွား၏။ နောက်ထပ် ပြဿနာပေါ် မလာအောင် တစ်စုံတစ်ရာ ဆောင်ရွက်လိုက်နိုင်၏။ မိမိ၏ ယုံကြည်ချက် ခံယူချက်ကို တစ်ဖက်သား လက်မခံသည် ဆိုပေဦး။ ကန့်ကွက် ဟန့်တားမှု မပြုနိုင်အောင် ဖြေရှင်းမှု တစ်ခုရှိ၏။ယခုအခါ ကျွန်တော်သည် ပြဿနာ ဖြစ်လာတိုင်း ဖြေရှင်းနိုင်မည့် အခြေခံ လေးချက်ဖြင့် ဖြေရှင်း၏ (၁) ဘာပြဿနာလဲ? (၂) ယင်းအကြောင်းရင်းသည် ဘာတွေလဲ? (၃) ယင်းအကြောင်းရင်းအပေါ် မူတည်၍ ဖြေရှင်းနိုင်မည့် နည်းလမ်းရှာ၏။ တွေ့၏။ တွေ့ဆုံ ဆွေးနွေးခြင်း အပါအဝင် အပြုသဘောဆောင်သော နည်းလမ်းများကို တွေ့ရှိသည်နှင့် (၄) ယင်းနည်းလမ်းအတိုင်း ရင်ဆိုင် ဖြေရှင်းလိုက်လေသည်။ ရာခိုင်နှုန်း အတော်များများ ပြဿနာ ပြေလည်သွားလေတော့၏။ယခုအခါ ပြဿနာ ဖြစ်လာသည်နှင့် မိမိသည် ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်တော့ပါ။ ပြဿနာ ဖြေရှင်းနည်း (လေး) နည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနည်းတို့ဖြင့် အဖြေရှာ ရှင်းလင်းလိုက်လေသည်။ လူတိုင်းလူတိုင်း ပြဿနာဖြစ်လာတိုင်း ဤ လေးနည်းဖြင့် ငြိမ်းချမ်းစွာ၊ အဖြေရှာ၊ ဖြေရှင်းနိုင်ပါကြောင်း တင်ပြအပ်ပါသည်။

Most Read

Most Recent