ထုတ်လုပ်သူနှင့် တရားရင်ဆိုင်နေသည့် အဆိုတော် ကီရှာကို တေလာဆွစ်ဖ်က ဒေါ်လာ ၂၅၀,၀၀၀ အကူအညီပေးခဲ့

ထုတ်လုပ်သူနှင့် တရားရင်ဆိုင်နေသည့် အဆိုတော် ကီရှာကို တေလာဆွစ်ဖ်က ဒေါ်လာ ၂၅၀,၀၀၀ အကူအညီပေးခဲ့
Published 24 February 2016

တေးထုတ်လုပ်သူနှင့် စာချုပ်ဖျက်သိမ်းရန် တရားရင်ဆိုင်နေရသည့် အဆိုတော် ကီရှာကို တေလာဆွစ်ဖ်က ဒေါ်လာ ၂၅၀,၀၀၀ အကူအညီ ပေးခဲ့သည်ဟု သူ၏ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။Dr.Luke နှင့် စာချုပ်ချုပ်ဆိုထားမှုကို ဖျက်သိမ်းရန်အတွက် ကီရှာ၏ ကြိုးပမ်းအားထုတ်မှုကို တရားသူကြီးတစ်ဦးက ပယ်ချခဲ့ပြီး နှစ်ရက်အကြာတွင် ဆွစ်ဖ်က ငွေကြေး ထောက်ပံ့ ပေးခဲ့ခြင်း ဖြစ်သည်။ ကီရှာ၏ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ဆွစ်ဖ်၏ငွေကြေး အကူအညီပေးမှုနှင့် ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပေ။
Tik Tok သီချင်းဖြင့် အောင်မြင်ခဲ့သည့် ကီရှာက သူ၏ တတိယမြောက် အယ်လ်ဘမ်ကို Dr.Luke ၏ တေးထုတ်လုပ်ရေး Kemosabe Records နှင့် မဟုတ်ဘဲ တခြား တေးထုတ်လုပ်ရေးနှင့် ထုတ်လုပ်မည်ဆိုသော တောင်းဆိုချက်ကို တရားရုံးက ပယ်ချခဲ့သည်။"ကီရှာရဲ့ ကြိုးစားရုန်းကန်နေရတဲ့ အခိုက်အတန့်မှာ ငွေကြေးလိုအပ်မှုတွေအတွက် အကူအညီ ပေးတဲ့အနေနဲ့ ဆွစ်ဖ်က ဒေါ်လာ ၂၅၀,၀၀၀ ပေးခဲ့တာပါ"ဟု ဆွစ်ဖ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု Rolling Stone မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။လေဒီဂါဂါ၊ ကယ်လီကလက်ဆန်နှင့် Janelle Monae အပါအဝင် ဂီတနယ်ပယ်မှ နာမည်ကြီး အဆိုတော်များက ကီရှာ၏ အငြင်းပွားမှုအတွက် ၎င်းဘက်မှ ထောက်ခံခဲ့ကြသည်ဟု သိရသည်။ကီရှာ(အမည်အပြည့်အစုံ ကီရှာရိုစ်စီဘာ့တ်)သည် ဂီတနယ်ပယ်တွင် ထင်ရှားသည့် ထုတ်လုပ်သူ Dr.Luke ကို ၂၀၁၄ ခုနှစ်တွင် လော့စ်အိန်ဂျလိစ်၌ အမှုဖွင့်ခဲ့သည်။ Dr.Luke သည် ၂၀၀၅ ခုနှစ်တွင် ကီရှာကို ပေါ့ပ်အဆိုတော် တစ်ဦး ဖြစ်အောင် လုပ်ဆောင်ပေးမည်ဟု ပြောကြားခဲ့ပြီး နက်ရှ်ဗီလီမှ ပြောင်းလာရန် စည်းရုံးသိမ်းသွင်းခဲ့သည်ဟု အမှုတွဲတွင် ဖော်ပြခဲ့သည်။ ယင်းအချိန်တွင် ကီရှာသည် အသက် ၁၈နှစ်သာ ရှိသေးသည်ဟု သိရသည်။ပြီးခဲ့သည့် ၁၀ နှစ်အတွင်း Dr.Luke သည် မိမိအား လိင်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု ကီရှာက ဆိုသည်။ အဆိုပါညှဉ်းပန်း နှိပ်စက်မှုများကို ဖွင့်ဟပြောကြားခဲ့ပါက ကီရှာနှင့် သူ၏မိသားစုဝင်များကို ထိခိုက်နစ်နာအောင် လုပ်မည်ဟု Dr.Luke ခြိမ်းခြောက်ခဲ့သည်ဟု အမှုတွဲတွင် ဖော်ပြထားသည်။အဓမ္မကျင့်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို Dr.Luke က ငြင်းဆိုခဲ့ပြီး ကီရှာသည် စာချုပ်ဖျက်သိမ်းရန်အတွက် သူ၏ ဂုဏ်သတင်းကို ပျက်စီးအောင် ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။၂၀၀၅ ခုနှစ်တွင် ဂီတလောကသို့ ဝင်ရောက်ခဲ့သည့် ကီရှာသည် ဂီတသက်တမ်း ၁၀ နှစ်ကျော်အတွင်း အယ်လ်ဘမ် နှစ်ခုဖြန့်ချိခဲ့သည်။ အသက် ၂၈ နှစ်အရွယ်ရှိ ကီရှာသည် ဂီတဆု ၆၀ ကျော်အတွက် လျာထားခံခဲ့ရပြီး MTV ဂီတဆု အပါအဝင် ဆု ၁၃ ဆု ရရှိခဲ့သည်။

Most Read

Most Recent