မွန်ပြည်တောင်ဘက် ရေးမြို့နယ် ခေါ် ဇာမြို့ ကဗျာဝကျေးရွာအနီး နိုင်ငံတကာ သုတေသနပြုမှုအရ သဘာဝအတိုင်း မပျက်စီးကျန်ရှိနေသည့် ကဗျာ၀ ပင်လယ်ကမ်းခြေသည် နယ်မြေအေးချမ်းလာသည်နှင့်အမျှ အပန်းဖြေ လာရောက်သူ များပြားလာမှု အပေါ် Speed Boat အပါဝင် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများကို လာမည့် မတ်လမှစတင်ကာ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒါရိုက်တာ- Aueum Company Limited ဦးဋ္ဌေးသွင်က ပြောကြားသည်။“အခု ကျေးလက်ကျန်းမာရေး အဆောက်အအုံ လုပ်နေပါတယ်။ ဒီကာလမှာပဲ နယ်မြေကလည်း အေးချမ်းလာတော့ သဘာဝအတိုင်း ရှိနေတဲ့ သဘာဝကမ်းခြေပြင်ကျယ်၊ ရေကလည်းသန့်တော့ အသစ်အဆန်းအနေနဲ့ လာကြည့်ရင်း တစ်ယောက်စကားနဲ့ အခုဆို နေ့စဉ် ရာကျော်လာနေကြပြီ၊ ရေးမြို့ကနေ ခေါ် ဇာမြို့အကျော်ထိ ကတ္တရာလမ်းဖြစ်နေပြီ။ အချိန် ၁ နာရီနဲ့ ကဗျာဝကို ရောက်ပြီပဲ။ ရုံးပိတ်ရက် လပြည့်လိုနေ့မျိုးဆို တစ်ထောင်နီးပါး လာအပန်းဖြေနေကြပါတယ်။ ခရီးသွားကို ဝန်ဆောင်မှုပေးမယ့် အပန်းဖြေစခန်း၊ ဘန်ဂလိုနဲ့ Speed Boat တွေပါ ပြေးဆွဲဖို့ စီစဉ်နေပါတယ်” ဟု ဦးဋ္ဌေးသွင်က ပြောကြားသည်။“ ကမ်းခြေစားသောက်ဆိုင်တွေ ၁၀ ဆိုင်လောက် ရှိပါပြီ။ မနှစ်ကစပြီး လူသိများလာတယ်။ အခု လမ်းကောင်းနေတော့ ညပိုင်းထိ စည်ပါတယ်။ ဒီရက်ပိုင်း ရေးမြို့ဘုရားပွဲ လာတဲ့သူတွေက ကဗျာဝကိုပါ လာလည်ကြတော့ လူပိုများပါတယ်။ ကမ်းခြေလှိုင်းစီးမယ်၊ လတ်ဆတ်တဲ့ ပင်လယ်စာစားမယ်၊ ရေချိုးခန်း၊ အိမ်သာအသန့်တွေပါတဲ့ ဆိုင်တွေလည်း ဖွင့်လာကြတယ်။ တချို့လည်း အနားယူဖို့ ဘန်ဂလိုပါ လုပ်နေပါပြီဟု ရွှေကဗျာ ကမ်းခြေစားသောက်ဆိုင်က ဦးအောင်က ပြောကြားသည်။ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်းကို အခြေခံသော ဒေသဖွံ့ဖြိုးရေး တိုးတက်ရေး စီမံကိန်းကို ကနဦး စူးစမ်းလေ့လာမှု အစီရင်ခံစာအရ စီမံကိန်းအဆင့် ၄ ဆင့်ဖြင့် ပင်လယ်ကမ်းခြေခရီးသွားလုပ်ငန်းကို ရေကူးကန်၊ အပန်းဖြေကစားကွင်း၊ ဟိုတယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစခန်း၊ အမှတ်တရ ပစ္စည်းဆိုင်၊ ဈေးရောင်းစင်တာ၊ စာကြည့်တိုက် ဟိုတယ်ဇုန်တို့ လုပ်ကိုင်မည်ဟု ဖော်ပြထားပြီး၊ ပထမအဆင့်အနေဖြင့် ကဗျာဝကျေးရွာတွင် ဟိုတယ်၊ အပန်းဖြေစခန်း၊ ကျေးလက်ကျန်းမာရေး အဆောက်အဦး၊ ဘန်ဂလိုတို့ကို လုပ်ဆောင်လျက်ရှိပြီး၊ ကျန်အဆင့်တို့ကို နှစ်အလိုက် ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။ဟိုတယ်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ လမိုင်းမြို့ ခေါ်ဇာမြို့တို့အား ခရီးသွားသူများ ခရီးစဉ်သစ်တစ်ခုအနေဖြင့် ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ရန်၊ ဒေသအစိုးရအဖွဲ့နှင့် ပူးပေါင်းညှိနှိုင်း ကူညီဆောင်ရွက်ပေးမည်ဟု သိရသည်။
နိုင်ငံတကာစံနှုန်းအရ ပျက်စီးမှုမရှိ သဘာဝအတိုင်း ကျန်ရှိသည့် ရေးမြို့ ကဗျာဝပင်လယ်ကမ်းခြေသို့ နယ်မြေအေးချမ်း၍ အပန်းဖြေသူများလာမှုအပေါ် Speed Boat အပါအဝင် ခရီးသွားဝန်ဆောင်မှု တိုးချဲ့















