ဆီးရီးယား အပစ်အခတ် ရပ်စဲမှုကို ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်မည်ဟု အမေရိကန်နှင့် ရုရှား ကြေညာ

ဆီးရီးယား အပစ်အခတ် ရပ်စဲမှုကို ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်မည်ဟု အမေရိကန်နှင့် ရုရှား ကြေညာ
Published 23 February 2016

အထင်ကရ ဆီးရီးယား အပစ်အခတ်ရပ်စဲမှု တစ်ရပ်ကို ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်မည် ဖြစ်ကြောင်း အမေရိကန်နှင့် ရုရှားတို့က ကြေညာခဲ့သည်။ သို့သော် ယင်းကဲ့သို့သော ရန်လိုမှုများ ရပ်စဲရေးကိစ္စ၌ အဓိက ဂျီဟတ် အဖွဲ့များဖြစ်သော IS အဖွဲ့နှင့် အယ်နျူဆာ တပ်ဦးတို့ ပါဝင်ခြင်း မရှိပေ။
ငါးနှစ်ကြာ ပဋိပက္ခအတွင်း ထိပ်တန်း အတိုက်အခံအုပ်စုက ဖေဖော်ဝါရီ ၂၂ ရက်တွင် ယခုကဲ့သို့ ကြေညာခဲ့မှုကို ခြွင်းချက်ဖြင့် လက်ခံခဲ့သည်။ သို့သော် အစ္စရေးက ယခုသဘောတူညီချက်ကို အယုံအကြည် မရှိဟု ပြောကြားခဲ့ပြီး လေ့လာသုံးသပ်သူများက တိုက်ခိုက်နေမှုများ ရပ်ဆိုင်းရေး မှန်သမျှသည် ရုရှား၊ အီရန်နှင့် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်တို့ ပေါ်တွင်သာ မူတည်နေလိမ့်မည်ဟု ဆိုသည်။
ဆီးရီးယား၏ ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်အတွင်း ဂျီဟတ်တို့၏ တိုက်ခိုက်မှုများအနက် အသေအပျောက် အများဆုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုမှာ ဒမတ်စကတ်မြို့အနီး ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား ခဲ့သောကြောင့် အရပ်သား အများစုပါဝင်သော လူပေါင်း ၁၃၄ ဦး သေဆုံးခဲ့မှုဖြစ်သည်။
အမေရိကန်နှင့် ရုရှားတို့၏ ပူးတွဲကြေညာချက် တစ်ရပ်တွင် လူပေါင်း ၂၆၀,၀၀၀ သေဆုံးစေခဲ့ပြီး လူဦးရေ၏ ထက်ဝက်ခန့် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည့် ရက်စက်ကြမ်းကြုတ်သော ဆီးရီးယားပြည်တွင်းစစ်ကို ရပ်ဆိုင်းရန်အတွက် တစ်စိတ်တစ်ပိုင်း အပစ်အခတ် ရပ်စဲမှုသည် ဒမတ်စကတ် စံတော်ချိန် ညသန်းခေါင်ယံအချိန် (ဂရင်းနစ်စံတော်ချိန် ၂၂၀၀၊ ဖေဖော်ဝါရီ ၂၆ ရက်) တွင် စတင်သက်ဝင်မည် ဖြစ်ကြောင်း ပါရှိသည်။
ယခုအပစ်အခတ်ရပ်စဲရေး အမှန်တကယ် အကောင်အထည်ပေါ်ပြီး လိုက်နာကြမည်ဆိုပါက အကြမ်းဖက်မှုများ လျော့ကျခြင်းသို့ ဦးတည်သွားနိုင်မည်ဖြစ်ပြီး ပိတ်ဆို့ဝန်းရံ ခံထားရသော နယ်မြေများ အတွင်းသို့ အရေးပေါ် လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း ဆက်လက်တိုးချဲ့ ဖြန့်ဝေနိုင်မည် ဖြစ်ကြောင်းနှင့် ဆီးရီးယား ပြည်သူများက လိုလားသော အစိုးရ တစ်ရပ်ထံသို့ နိုင်ငံရေး အသွင်ပြောင်းမှုတစ်ရပ် ပြုလုပ်ရန်လည်း အထောက်အကူ ပြုနိုင်လိမ့်မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ယခုကိစ္စကို ဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
"ဒါဟာ အခွင့်အခါကောင်းဖြစ်ပြီး ပါဝင်တဲ့ ဘက်အသီးသီး အနေနဲ့ ဒီအပေါ်မှာ အခွင့်ကောင်း ရယူလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းဝန် ဂျို့အားနက်က ပြောကြားခဲ့သည်။
ပူတင်က ဆီးရီးယားအနေဖြင့် သဘောတူညီချက် လိုက်နာစေရေး အာမခံချက်ရရှိရန် လိုအပ်သမျှအားလုံးကို ရုရှားက လုပ်ဆောင်သွားမည်ဟု ဆိုသည်။
"အမေရိကန် အနေနဲ့လည်း သူ့မဟာမိတ်တွေ၊ သူထောက်ပံ့နေတဲ့ အုပ်စုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့လိုပဲ အာမခံမလား ဆိုတဲ့အပေါ် မူတည်နေပါတယ်" ဟု ပူတင်က ပြောကြားခဲ့သည်။
ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံသည် ဆီးရီးယား လေကြောင်းတိုက်ပွဲ၌ သီးခြားစီ ပါဝင်လျက်ရှိရာ ရုရှားက သူပုန်များကို ပစ်မှတ်ထားပြီး အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က IS တို့ကို ပစ်မှတ်ထားသည်။
Ref : AFP

Most Read

Most Recent