လျှပ်စစ်နှင့် စွမ်းအင်များ ထုတ်ယူသုံးစွဲရာတွင် ပြည်တွင်းသုံးစွဲမှုကို ဦးစားပေးကူညီဆောင်ရွက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် လွှတ်တော်သို့တင်ပြ

လျှပ်စစ်နှင့် စွမ်းအင်များ ထုတ်ယူသုံးစွဲရာတွင် ပြည်တွင်းသုံးစွဲမှုကို ဦးစားပေးကူညီဆောင်ရွက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် လွှတ်တော်သို့တင်ပြ
Published 22 February 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

လျှပ်စစ်နှင့် စွမ်းအင်များ ထုတ်ယူသုံးစွဲရာတွင် ပြည်တွင်းသုံးစွဲမှုကို ဦးစားပေးကူညီ ဆောင်ရွက်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့ တင်ပြခဲ့သည်။နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။အဆိုပါ ကော်မတီလုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကော်မတီသည် လျှပ်စစ်နှင့် စွမ်းအင်မူဝါဒများ ချမှတ်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးကို ရှေးရှုဆောင်ရွက်ခြင်းရှိ မရှိစိစစ်ရမည်၊ လျှပ်စစ်နှင့် စွမ်းအင်များ ထုတ်ယူရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး၊ ကြိုတင်ဆောင်ရွက်ထားခြင်းရှိ မရှိ အလေးထား စိစစ်ရမည်၊ လျှပ်စစ်နှင့် စွမ်းအင်များထုတ်ယူသုံးစွဲရာတွင် ပြည်တွင်းသုံးစွဲမှုကို ဦးစားပေးကူညီဆောင်ရွက်ရမည်၊  နိုင်ငံတော်တွင် လျှပ်စစ်ကဏ္ဍ လိုအပ်ချက်များ ပြည့်မီဖူလုံရေး ဗဟိုကဏ္ဍအလိုက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ရမည်ဟု လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။ဆက်လက်ပြီး ကော်မတီအနေဖြင့် ကျေးလက်ဒေသများတွင် ဓာတ်အားပိုမို သုံးစွဲနိုင်ရေးအတွက် နည်းပညာနှင့် ငွေကြေးဆိုင်ရာ ပံ့ပိုးကူညီမှုများရရှိရန် ကူညီဆောင်ရွက်ရမည်၊ ကျေးလက်ဒေသများတွင် စွမ်းအင်သုံးစွဲရာတွင် ရေရှည်တည်တံ့ခိုင်မြဲပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးသော သုံးစွဲနည်းစနစ်ဖွံ့ဖြိုးစေရန် ကူညီဆောင်ရွက်ရမည်၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန် များတွေ့ရှိပါက လွှတ်တော်သို့ တင်ပြရမည်ဟု တာဝန်များပေးအပ်ထားသည်။လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ သက်တမ်းသည် တစ်နှစ်ဖြစ်သော်လည်း လုပ်ငန်းဆောင်ရွက်ချက်အရ သက်တမ်းတိုးနိုင်ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။အဆိုပါ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး  ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမဲဆန္ဒနယ်မှ ဦးခင်မောင်ဦးနှင့် အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်တို့အား တာဝန်ပေးအပ်ရန် လျာထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့ တင်ပြခဲ့သည်။ထို့အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်နှင့် အတွင်းရေးမှူးအဖြစ် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမဲဆန္ဒနယ်မှ ဦးသက်လွင်(ခ) ဦးပေါခင်တို့အား တာဝန်ပေးအပ် ဖွဲ့စည်းရန် လျာထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့ တင်ပြခဲ့သည်။ကော်မတီအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးရမည်၊ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးရမည်၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် လိုအပ်သည်များ ကူညီဖြည့်ဆည်းပေးရမည်၊ စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးရမည်ဟု လုပ်ငန်းတာဝန်များ ပေးအပ်ထားသည်။ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့နှင့် ပတ်သက်၍ ဖွဲ့စည်းခြင်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ပါဝင်ရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းတို့အား လွှတ်တော်၏ အတည်ပြုချက် ဆက်လက်ရယူသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။         

Most Read

Most Recent