ခရမ်းမြို့နယ်မှ ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးကို ရပ်တန့်ခိုင်းပြီး အငှားယာဉ်မောင်းနှင့် ခရီးသည်ကို လူတစ်စုက အုပ်စုဖွဲ့ ရိုက်နှက်၊ ပိုက်ဆံများ လုယူသွားသည့် ဖြစ်စဉ်မှ ကျူးလွန်ရာတွင် ပါဝင်သူများအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်း ဦးရဲလင်းအောင် (၃၄ နှစ်)သည် ၎င်း၏ ကန်တာအမျိုးအစား ယာဉ်ဖြင့် ခရမ်းမြို့နယ်နေ ဖရဲသီးရောင်းဝယ်ရေး လုပ်သည့် အမျိုးသားတစ်ဦးနှင့် ဖရဲသီးများကို တင်ဆောင်၍ ခရမ်းမြို့နယ်မှ မောင်းနှင်ထွက်ခွာလာခဲ့ပြီး ဒဂုံဆိပ်ကမ်း မြို့နယ်၊ ၇၈ ရပ်ကွက်၊ ပဲခူးမြစ် လမ်းမပေါ်အရောက်တွင် နောက်မှ အငှားယာဉ်တစ်စီးဖြင့် လူလေးဦးက တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်၍ ရောက်ရှိလာပြီး ဦးရဲလင်းအောင်၏ ယာဉ်အား ရပ်တန့်ခိုင်းကြောင်း သိရသည်။ယင်းသို့ ရပ်တန့်ခိုင်းသဖြင့် ရပ်တန့်လိုက်စဉ် အဆိုပါအမျိုးသားလေးဦးတို့က ဦးရဲလင်းအောင်နှင့် ဖရဲသီးပိုင်ရှင်တို့အား ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး ဖရဲသီးပိုင်ရှင်ကို ယာဉ်ပေါ်မှ ဆွဲချ၍ လွယ်ထားသည့်အိတ်အတွင်းမှ ငွေကျပ်နှစ်သိန်း၊ ယာဉ်နောက်ခန်း ထိုင်ခုံပေါ်တွင် ချထားသည့်ငွေကျပ် ၁၂ သိန်းနှင့် လက်ကိုင်ဖုန်းများကို လုယူထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ယင်းဖြစ်စဉ်မှ ကျူးလွန်သူလေးဦးမှ နှစ်ဦးအား ဖေဖော်ဝါရီ ၁၈ ရက်တွင် ခရမ်းမြို့နယ်တွင် လည်းကောင်း၊ ကျန်နှစ်ဦးအား ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖမ်းဆီးရမိသည့် တရုတ်ကြီး (ခ) ထက်လင်းအောင်၊ ဦးမှို၊ ဦးတင်မြင့်နှင့် ကိုဟိန်းတို့အား ဆက်လက်စစ်ဆေးရာ ယင်းဖြစ်စဉ်တွင် ပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် သာကေတမြို့နယ်တွင် နေထိုင်သည့် လှမင်း နှင့် ခရမ်းမြို့နယ်တွင် နေထိုင်သည့် လင်းထိန် တို့အား ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီ အချိန်တွင် သာကေတမြို့နယ်၌ လည်းကောင်း၊ ယင်းနေ့ ည ၇ နာရီအချိန်တွင် ဝင်းထွဋ်နှင့် ကျော်ဇေယျတို့အား သာကေတမြို့နယ်၌ လည်းကောင်း၊ ည ၁၂ နာရီခန့်တွင် ရဲမင်းထွန်းအား သာကေတမြို့နယ်၌ပင် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ဖြစ်စဉ်တွင် ပါဝင်သည့် ကျူးလွန်သူကိုးဦးအား ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ (ပ)၂၆၉/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၉၄/၄၂၇/၁၁၄ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
ယာဉ်မောင်းနှင့် ခရီးသည်ကို လူတစ်စုက အုပ်စုဖွဲ့ ရိုက်နှက်၊ ပိုက်ဆံများလုယက်မှုဖြစ်စဉ်မှ ကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိ















