ချေးငွေမကျေသေးသော ဟိုတယ်များမှာ နိုင်ငံပိုင်များသာ ဖြစ်နေသေးပြီး ယင်းဟိုတယ်များတွင် နိုင်ငံရေးပါတီအစည်းအဝေးများ ကျင်းပခွင့်မပြုကြောင်း နေပြည်တော်ကောင်စီ ထုတ်ပြန်

ချေးငွေမကျေသေးသော ဟိုတယ်များမှာ နိုင်ငံပိုင်များသာ ဖြစ်နေသေးပြီး ယင်းဟိုတယ်များတွင် နိုင်ငံရေးပါတီအစည်းအဝေးများ ကျင်းပခွင့်မပြုကြောင်း နေပြည်တော်ကောင်စီ ထုတ်ပြန်
Published 17 February 2016
နေရိုင်း၊ ကျော်မျိုး

နေပြည်တော်ကောင်စီမှ ငွေချေးယူထားပြီး ချေးငွေမကျေသေးသည့် ဟိုတယ်များသည် နိုင်ငံပိုင်ဟိုတယ်များသာ ဖြစ်နေသေးသဖြင့် ယင်းဟိုတယ်များတွင် နိုင်ငံရေးပါတီအစည်းအဝေးများ ကျင်းပခွင့်မပြုကြောင်း နေပြည်တော်ကောင်စီက သတင်းထုတ်ပြန်သည်။ဖေဖော်ဝါရီ ၁၁ ရက် နေ့စွဲဖြင့် ထူးဆောက်လုပ်ရေးဖွံ့ဖြိုးမှုအဖွဲ့ ကုမ္ပဏီသို့ လိပ်မူကာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင် လက်မှတ်ဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့လည်း ပေးပို့ထားကြောင်း သိရသည်။ထုတ်ပြန်စာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့ နယ်တွင် နိုင်ငံတော်ဧည့်ဂေဟာအား အာဆီယံထိပ်သီးအစည်းအဝေးသို့ ပြည်တွင်းပြည်ပမှ ဧည့်သည်များလာရောက်စဉ် တည်းခိုနေထိုင်ရန်အတွက် ကုမ္ပဏီ ၁၀ ခုသို့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၏ လှည့်ပတ်ရန်ပုံငွေမှ သင့်တော်သော အတိုးနှုန်းဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှတစ်ဆင့် ချေးငွေသက်တမ်း ငါးနှစ်၊ ဆိုင်းငံ့ ၁၀ နှစ်၊ ၁၀ ရစ်ဆပ် စုစုပေါင်း ၁၅ နှစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သမ္မတရုံး၏ ၂၁- ၁၀-၂၀၁၂ ရက်စွဲပါစာအရ သိရကြောင်းပါရှိသည်။ ထို့အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ချေးငွေယူထားသော ထူးကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၁၀ ခုအား ချေးငွေမကျေသေးသည့်ကာလအတွင်း နိုင်ငံရေးပါတီအစည်းအဝေးများ ကျင်းပခွင့်မပြုကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်အား ဆက်သွယ်မေးမြန်းရာ “ကျွန်တော် နောက်တွေ့ပြီးမှ ပြောမယ်လေ။ အခုကိစ္စလေးရှိနေလို့ အပြင်ရောက်နေတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမင်းဦးက “ပါတီစုံဒီမိုကရေစီခေတ်မှာ နိုင်ငံရေးသမားတွေဟာ ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေကို ချိုးဖောက်ထားခြင်း မရှိဘူးဆိုရင် ပါတီတိုင်း ပါတီတိုင်းဟာ သတ်မှတ်တဲ့ နေရာတွေမှာ စုဝေးခွင့်ရှိရမှာပေါ့။ ဥပမာ ဆန္ဒပြတယ်ဆိုရင် သူ့ဥပဒေအတိုင်း အရေးယူရမှာပေါ့။ ဒီလိုအဖွဲ့အစည်းတွေ တွေ့ဆုံပွဲ၊ ညှိနှိုင်းပွဲလုပ်တယ်ဆိုတာ လိုက်လျောပေးရမှာ။ ပါတီပေါင်းစုံ၊ မတူညီတဲ့ အဖွဲ့အစည်းတွေရော အမြင်မျိုးစုံနဲ့ဖက်ဒရယ်စနစ်ကို သွားနေတဲ့အချိန်မှာ ခွင့်မပြုဘူးဆိုတာကတော့ မဖြစ်သင့်တဲ့ ကိစ္စပဲ။ မတူညီတဲ့အမြင်မျိုးစုံကနေ ဘုံရည်မှန်းချက်တစ်ခုကို သွားဖို့လုပ်နေတဲ့အချိန်မှာ စုစည်းရမယ့်နေရာ ဆိုတာကတော့ ရှိရမှာပဲ။ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေကို မချိုးဖောက်ဘူးဆိုရင် ပါတီတွေ၊ နိုင်ငံရေးသမားတွေ စုစည်းခွင့်ရှိရမှာပေါ့။ အဲ့ဒီဟိုတယ်တွေ အကြွေးမကျေသေးဘူးဆိုရင် ချေးငွေတွေ ကျေအောင် ဒီလိုအခမ်းအနားမျိုးတွေတောင်မှ များများကျင်းပနိုင်အောင် စီစဉ်ပေးရမှာ။ ဒါမှ အဲဒီ ဟိုတယ်တွေက ဝင်ငွေတွေရပြီးတော့ အကြွေးမြန်မြန်ကျေမှာပေါ့။ ပါတီစုံဒီမိုကရေစီစနစ်ကို သွားတဲ့နေရာမှာ ဒီအာဏာပိုင် အဖွဲ့အစည်းတွေက ပါတီတွေကို လွှမ်းမိုးဖို့ ချုပ်ကိုင်ဖို့ မဟုတ်ဘူး။ တည့်မတ်ပေးဖို့၊ လိုအပ်တဲ့အကူအညီတွေလိုရင် ကူညီပေးဖို့ လုပ်ပေးရမှာ။ အဲဒါကိုမှ ဥပဒေကို ချိုးဖောက်တယ်ဆိုရင် အရေးယူပေါ့။ အာဏာပိုင်တွေက အကူအညီတောင် ပေးရဦးမှာ။နိုင်ငံရေးပါတီတွေကို ကူညီပေးရမှာပေါ့။ ဆရာတို့ NLD ပါတီဆိုရင်လည်း အရင်က အတိုက်အခံပါတီပဲ။ အဲဒီလိုပါတီတွေ အားကောင်းလာအောင် ဝိုင်းဝန်းကူညီပေးရမှာ။ ဒါမှ ပါတီစုံ ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးပါတီတွေ အားကောင်းလာမှာပေါ့။ ပါတီတွေအားကောင်းမှ တိုင်းပြည်အတွက် အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ပါတီတွေမှာ နေရာထိုင်ခင်း မရှိဘူးဆိုရင်တောင် စီစဉ်ပေးရမှာပါ။ အခုလို ကန့်သတ်နေတာကတော့ မဖြစ်သင့်ပါဘူး”ဟု ဆိုသည်။  

Most Read

Most Recent