ထိုင်ဝမ်တိုက်ပြိုမှုမှ လူသုံးဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သော်လည်း ပိတ်မိနေဆဲဖြစ်သူ ၁၀၀ ကျော်ရှိနေ

ထိုင်ဝမ်တိုက်ပြိုမှုမှ လူသုံးဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သော်လည်း ပိတ်မိနေဆဲဖြစ်သူ ၁၀၀ ကျော်ရှိနေ
Published 8 February 2016

ထိုင်ဝမ်တွင် ငလျင်ကြောင့် ပြိုကျခဲ့သည့် ၁၆ ထပ်မြင့်သည့် တိုက်အပျက်အစီးပုံအောက်မှ လူသုံးဦးကို ဖေဖော်ဝါရီ ၈ ရက်က အသက်ရှင်လျက် ပြန်လည်ဆွဲထုတ်နိုင်ခဲ့သည်။ တိုက်ပြိုမှု ဖြစ်ပွားပြီး နာရီ ၅၀ အကြာတွင် ပထမနှစ်ဦးကို ကယ်တင်နိုင်ခဲ့ခြင်းပြီး နာရီ ၆၀ ကျော် အကြာတွင် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးကို ထပ်မံကယ်ထုတ်နိုင်ခဲ့သည်။ သို့သော် ပျောက်ဆုံးနေသူ ၁၀၀ ကျော် ရှိနေသေးသည်ဟု သိရသည်။တိုင်နန်မြို့တွင် ဖေဖော်ဝါရီ ၆ ရက်က ပြိုကျခဲ့သော ဝေကွမ်တိုက်အောက်၌ နစ်မြုပ်နေဆဲ လူ ၁၀၀ ကျော်နှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာစဉ် ယခုကဲ့သို့ လူသုံးဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပြင်းအား ၆ ဒသမ ၄ အဆင့် ရှိသည့် မြေငလျင်ကြောင့် အတည်ပြုနိုင်သော သေဆုံးသူ ၃၇ ဦးရှိပြီဖြစ်ပြီး ယင်းတို့အနက် အများစုမှ ယခု ပြိုကျခဲ့သော တိုက်မှ ဖြစ်သည်။ကယ်ထုတ်ခဲ့သူ သုံးဦးအနက် တစ်ဦးမှာ အမျိုးသားဖြစ်ပြီး ဝန်ချီစက်ဖြင့် မထုတ်ခဲ့ရသည်။ ကျန်တစ်ဦးမှာ အမျိုးသမီးဖြစ်ကာ ၎င်း၏ ကယ်ဆယ်ရန် အော်ဟစ်သံကို ကြားပြီး ကယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး တစ်ဦးမှာ ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်သည်။ အသက် ၄၀ အရွယ် အမျိုးသား Lee Tsong-tain ကို အပြင်သို့ ထုတ်နိုင်ရန် ကယ်ဆယ်ရေး သမားများသည် နာရီ ၂၀ ကျော်ကြာ ကြိုးပမ်းခဲ့ရသည်။ ထိုအမျိုးသား၏ ခြေထောက်မှာ ညပ်နေခဲ့သောကြောင့် ၎င်း၏ ခြေထောက်ကို ဖြတ်တောက်ပြီး ကယ်ရန် ၎င်းရှိသည့် နေရာသို့ ဆရာဝန်များကို ပို့ခဲ့သော်လည်း ခွဲစိတ်မှု ပြုလုပ်ရန် နေရာမရှိခဲ့ဟု သိရသည်။ နောက်ဆုံးတွင်မူ ထိုအမျိုးသားကို ကယ်ထုတ်နိုင်ခဲ့ပြီး ၎င်း၏ ခြေထောက်ကိုမူ ဖြတ်တောက်ရဖွယ် ရှိနေသည်။ အခြား ကယ်တင်ခဲ့သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီး Tsao Wei-Ling ၏ အခြေအနေမှာမူ တည်ငြိမ်နေသည်။ ၎င်း၏ အမျိုးသားနှင့် နှစ်နှစ်အရွယ် ကလေးငယ်ကိုမူ အပျက်အစီးများကြားမှာ သေဆုံးလျက် ဆွဲထုတ်နိုင်ခဲ့သည်။ ရှစ်နှစ် ကလေးငယ်၏ အခြေအနေကိုမူ မသိရသေးပေ။ထိုင်ဝမ်သမ္မတ မာရင်ကျိုးကမူ တိုက်အပျက်အစီးပုံထဲတွင် အသက်ရှင်သူများအား ထပ်မံတွေ့ရှိနိုင်မည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။ “အသက်ရှင် ကျန်ရစ်သူတွေကို တွေ့နိုင်ခြေ အများဆုံးဖြစ်တဲ့ ကယ်ဆယ်ရေး လုပ်ငန်းရဲ့ ပထမ ၇၂ နာရီ ပြီးသွားပေမယ့် မျှော်လင့်ချက်တွေ ရှိပါသေးတယ်” ဟု မာက တိုင်နန်ဆေးရုံရှိ ကယ်တင်ခဲ့သူများထံသို့ သွားရောက်စဉ် ပြောကြားခဲ့သည်။တိုက်၏ အပျက်အစီးများသည် မခိုင်ခံ့သော်လည်း ဝန်ချီစက်များ၊ လွန်ပူများ၊ လှေကားများ၊ အနံခံခွေးများ၊ အသက်ရှင်သူ ရှာဖွေသော စက်များဖြင့် ပိတ်မိနေသူများကို ရှာဖွေနေကြသည်ဟု သိရသည်။ တိုက်အပေါ်ပိုင်းတွင် ရှိသောသူများ အားလုံး လွတ်မြောက်သွားပြီ ဆိုသည်မှာ သေချာချိန်တွင် ကြီးမားသည့် ကွန်ကရစ်တုံးကြီးများကို ဖယ်ရန် မြေတူးစက်၊ မြေသယ်စက်များကို စတင် အသုံးပြုနေကြပြီဖြစ်သည်။နှစ်ကူးကာလတွင် ဆွေမျိုးများနှင့် ပြန်လည်ဆုံတွေ့ပြီး ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနေရမည့် အချိန်တွင် ဆွေမျိုး အများစုမှာ ပျောက်ဆုံးနေသူများ၏ သတင်းကို စိတ်တစ်ထင့်ထင့်ဖြင့် စောင့်မျှော်နေကြရသည်။ ဝေကွမ်တိုက်၏ လုံခြုံရေးအပေါ် မီဒီယာများ၊ အသက်ရှင် ကျန်ရစ်ခဲ့သူများ၊ ဆွေမျိုးများ၏ မေးခွန်းထုတ်မှုများမှာ များပြားလာသောကြောင့် တိုက်နှင့် ပတ်သက်၍ အစိုးရ၏ စုံစမ်းစစ်ဆေးမှုများကို စတင်နေပြီဖြစ်သည်။မေလတွင် သမ္မတရာထူး လက်ခံမည့် ဆန်အင်းဝမ်က ထိုင်ဝမ်အစိုးရ အဖွဲ့သစ် အနေနှင့် အဆောက်အအုံများ၏ လုံခြုံရေးကို ဦးစားပေး လုပ်ဆောင်ရမည်ဟု ဆိုခဲ့သည်။ “ထိုင်ဝမ် တစ်ဝန်းမှာ အိုမင်းနေတဲ့ အဆောက်အအုံတွေ အများကြီး ရှိပါတယ်။ အဲဒီ အဆောက်အအုံ အားလုံးကို မြေငလျင်ဒဏ်နဲ့ သဘာ၀ ဘေးအန္တရာယ် ဒဏ်တွေကို ခံနိုင်မှု ရှိ၊ မရှိ ပြန်လည်ဆန်းစစ် သင့်ပါတယ်” ဟု ဆေးရုံသို့လာပြီး အသက်ရှင် ကျန်ရစ်သူများကို တွေ့ဆုံခဲ့သည့် ဆန်အင်းဝမ်က ပြောကြားခဲ့သည်။Ref: AFP

Most Read

Most Recent