မြောက်ကိုရီးယားက ကမ္ဘာပတ်လမ်းထဲသို့ ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်နိုင်ကြောင်း ကြေညာ

မြောက်ကိုရီးယားက ကမ္ဘာပတ်လမ်းထဲသို့ ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်နိုင်ကြောင်း ကြေညာ
Published 7 February 2016
Ref: AFP

မြောက်ကိုရီးယားသည် ဖေဖော်ဝါရီ ၇ ရက်က ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီဖြစ်သည်ဟု ကြေညာခဲ့သည်။ သို့သော် ထိုဂြိုဟ်တုလွှတ်တင်မှုကို အယောင်ဆောင်သာဖြစ်ပြီး အမှန်မှာ အမေရိကန်ပြည်မကြီးသို့ ထိမှန်အောင်ပစ်နိုင်မည့် လက်နက် သယ်ဆောင်သွားနိုင်သော ပဲ့ထိန်း ဒုံးကျည် စမ်းသပ်ခြင်းသာ ဖြစ်သည်ဟု အများက ဝိုင်းဝန်း အပြစ်တင်ခဲ့ကြသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းသည် ပြီးခဲ့သည့်လက နျူကလီးယား စမ်းသပ်ခဲ့သည့် မြောက်ကိုရီးယားကို အပြစ်ပေးရန် ကြိုးပမ်းနေကြဆဲ အချိန်မှာပင် မြောက်ကိုရီးယားက ကုလသမဂ္ဂ၏ စည်းမျဉ်းများစွာကို ချိုးဖောက်ပြီး ယခု ဂြိုဟ်တုလွှတ်တင်မှုကို ထပ်မံလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဂြိုဟ်တုအား သယ်ဆောင်သွားသည့် ဒုံးပျံသည် ကမ္ဘာဂြိုဟ်ပတ်လမ်းထဲသို့ အောင်မြင်စွာ ရောက်မရောက်နှင့် ပတ်သက်ပြီး ပြည်ပမှ အတည်ပြုမှု မထွက်ပေါ်လာသေးပေ။ အမေရိကန် ကာကွယ်ရေး အရာရှိတစ်ဦးကမူ ထိုလွှတ်တင်မှုသည် အာကာသထဲသို့ ရောက်သွားပုံရသည်ဟု ဆိုသည်။
 မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာမှ အထူးရုပ်သံထုတ်လွှင့်မှုတွင် ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် ရုပ်သံတင်ဆက်သူ အမျိုးသမီးက ကမ္ဘာမြေစောင့်ကြည့်ရေး ဂြိုဟ်တုကို ပတ်လမ်းထဲသို့ အောင်မြင်စွာ ပို့လိုက်နိုင်ပြီဖြစ်ကြောင်း၊ သမိုင်းတစ်ခေတ်ကို ဆန်းသစ်စေခဲ့သည့် လွှတ်တင်မှုကြီးဖြစ်ကြောင်း ကြေညာခဲ့ သည်။ ယခုဂြိုဟ်တုလွှတ်တင်မှုကြီးသည် ငြိမ်းချမ်း၍ အမှီအခိုကင်းသော ရည်ရွယ်ချက်ဖြင့် မြောက်ကိုရီးယား၏ တရားဝင် အခွင့်အရေးကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု အစီအစဉ် ကြေညာသူက ဆိုသည်။
လွှတ်တင်ပြီး မကြာမီမှာပင် အပြစ်တင်မှုများ လျင်မြန်စွာထွက်ပေါ်လာခဲ့ပြီး အမေရိကန်က ထိုလွှတ်တင်မှုသည် မငြိမ်မသက်မှုကို ဖြစ်စေကာ ရန်စသည့် လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ သည်းမခံနိုင်စရာ ကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု အပြစ်တင်ခဲ့ပြီးတောင်ကိုရီးယားသမ္မတ ပက်ကွမ်ဟီးကမူ လုံခြုံရေးကောင်စီအနေနှင့် မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် လျင်မြန်စွာ လုပ်ဆောင်သင့်သည့်ဟု ဆိုသည်။
မြောက်ကိုရီးယား ဂြိုဟ်တုလွှတ်တင်မှုအတွက် ဖေဖော်ဝါရီ ၇ ရက်မှာပင် လုံခြုံရေးကောင်စီ၌ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်။ တောင်ကိုရီးယား ၊ ဂျပန်နှင့် အမေရိကန်တို့က တံခါးပိတ် အစည်းအဝေး ကျင်းပရန် တောင်းဆိုခဲ့သည်ဟု သိရသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က မြောက်ကိုရီးယား၏ တာဝေးပစ် ဒုံးကျည် လွှတ်တင်မှုသည် ရန်စသည့်လုပ်ရပ်ဖြစ်ပြီး လုံခြုံရေးကောင်စီ၏ စည်းမျဉ်းများကို ချိုးဖောက်ရာ ရောက်သည်ဟု အပြစ်တင်ခဲ့သည်။ ကုလသမဂ္ဂ၏ စည်းမျဉ်းများအရ မြောက်ကိုရီးယားကို မည်သည့် ပဲ့ထိန်းဒုံးကျည်လွှတ်တင်မှုနှင့် နျူကလီးယားနှင့် သက်ဆိုင်သော လှုပ်ရှားမှုများ မပြုလုပ်ရန် ပိတ်ပင်တားမြစ်ထားသည်။
မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြချက်အရ ကမ္ဘာမြေ စောင့်ကြည့်ရေး ဂြိုဟ်တုကို သယ်ဆောင်သွားသည့် ထိုဒုံးပျံသည် ဒေသစံတော်ချိန် နံနက် ၉ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ၁၀ မိနစ်အကြာတွင် ဂြိုဟ်တုသည် ပတ်လမ်းထဲသို့ ရောက်သွားခဲ့သည်ဟု သိရသည်။ တောင်ကိုရီးယားနှင့် ဂျပန်နှစ်နိုင်ငံစလုံးက ထိုလွှတ်တင်မှုသည် ယင်းတို့၏ နယ်မြေများထဲသို့ ကျူးကျော်လာပါက ပစ်ချမည်ဟု ခြိမ်းခြောက်ထားကြသည်။
မြောက်ကိုရီးယားက သူ၏ဂြိုဟ်တု လွှတ်တင်မှုများသည် အာကာသ သိပ္ပံဆိုင်ရာ လုပ်ငန်းအတွက်သာဖြစ်သည်ဟု ခိုင်ခိုင်မာမာ ပြောကြားနေသော်လည်း အသုံးပြုခဲ့သည့် ဒုံးပျံများ၏ နည်းပညာသည် အရပ်ဘက်နှင့် စစ်ဘက်နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည်ဟု အများက ရှုမြင်နေကြသည်။
မြောက်ကိုရီးယား၏ အဓိကမဟာမိတ်တရုတ်ကမူ ယခုဂြိုဟ်တုလွှတ်တင်မှုနှင့် ပတ်သက်၍ စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ပြန်ခဲ့သည်။ “မြောက်ကိုရီးယားမှာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ အာကာသကို အသုံးပြုဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးဟာ လုံခြုံရေးကောင်စီရဲ့ ကျိုးကြောင်း ညီညွတ်မှုရှိတဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်ခြင်း ခံထားရပါတယ်”ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုဟ်က ဆိုသည်။
 “ICBM ဒုံးကျည်ထိပ်ဖူးဟာ ဂြိုဟ်တုနဲ့မတူပါဘူး။ မြောက်ကိုရီးယားဟာလည်း ဒီနည်းပညာ ရရှိတယ်လို့ မပြသဖူးပါဘူး။ တကယ်လို့သူသာ ဒီနည်းပညာ ရသွားရင် သဘောတရားပိုင်းဆိုင်ရာ စိုးရိမ်မှုကနေ တကယ့်ကို စိုးရိမ်စရာ ကောင်းသွားပါလိမ့်မယ်”ဟု မြောက်ကိုရီးယား ဒုံးကျည်အစီအစဉ်များကို အနီးကပ် စောင့်ကြည့်လေ့လာနေသည့် အာကာသသိပ္ပံပညာရှင် ဂျွန်စကီလင်းက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် ရန်လိုသော အပြုအမှုများကို လုပ်ဆောင်နေသော်လည်း ၎င်းအနေဖြင့် ယုံကြည်စိတ်ချရသော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်(ICBM) တစ်ခုကို တည်ဆောက်နိုင်ရန် နှစ်ပေါင်းများစွာ လိုဦးမည်ဟု ယူဆနေကြသည်။

Most Read

Most Recent