ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တရားရုံးအသီးသီးမှ ထောင်ဒဏ် ၁၃ နှစ်လေးလ ချမှတ်ခံထားရသည့် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့(MDCF) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ဇန်နဝါရီ ၂၉ ရက်တွင် ဆက်လက်ရုံးထုတ်ခဲ့ကြောင်း သိရသည်။ယင်းနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေအဖြစ် ဒုရဲအုပ်တစ်ဦးအား စစ်ဆေးခဲ့ပြီး ၎င်းအား ဆက်လက်စစ်ဆေးရန် ဖေဖော်ဝါရီ ၁၁ ရက်သို့ ရုံးချိန်းဆိုခဲ့ကြောင်း သိရသည်။ယင်းနေ့ရုံးချိန်းအပြီးတွင် ကိုထင်ကျော်က လာမည့်လွှတ်တော်တွင် ပြည်သူလူထုက တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ထားသည့် ဥပဒေများ ပယ်ဖျက်သင့်ကြောင်းနှင့် ပြည်သူလူထု အကျိုးရှိသော ဥပဒေများအား ပြဋ္ဌာန်းသင့်ကြောင်း ပြောကြားသည်။“အဓိက ကတော့ လွှတ်တော်တစ်ခုမှာ ဥပဒေပြဋ္ဌာန်းမယ်ဆိုရင် ပြည်သူကို ကြည့်ပြီးမှ ဥပဒေတွေကို ပြဋ္ဌာန်းသင့်ပါတယ်။ ဒါက ဒီမိုကရေစီနိုင်ငံကြီးတိုင်းမှာလည်း ရှိပါတယ်။ လွှတ်တော်က ဥပဒေပြဋ္ဌာန်းရင် လူ့အခွင့်အရေးနှင့်အညီ ဥပဒေပြဋ္ဌာန်းရမယ်။ ဘာသာ၊ အသားအရောင်၊ ဆင်းရဲ၊ ချမ်းသာ၊ ရာထူး၊ အာဏာကို မကြည့်ဘဲနဲ့ နိုင်ငံသားအားလုံးအပေါ်မှာ အကာအကွယ်ပြုနိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့လိုပါတယ်။ ပြည်သူက ခန့်အပ်လိုက်တဲ့ အစိုးရဖြစ်တဲ့အတွက် ပြည်သူတွေ ဥပဒေကို လိုက်နာချင်လာအောင် ဥပဒေတွေ ပြင်ဆင်ရမယ်။ ဒါကြောင့် လာမယ့်လွှတ်တော်မှာ ပြည်သူကို အကျိုးမပြု တဲ့ ဥပဒေတွေ ဖျက်သိမ်းရမယ်။ လွှတ်တော်အသစ်မှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ဥပဒေ၊ အသုံးမဝင်တဲ့ ဥပဒေတွေကို ပယ်ဖျက်သင့်ပါတယ် ”ဟု ကိုထင်ကျော်က ပြောကြားသည်။ဆက်လက်၍ ၎င်းက “အခု လွှတ်တော်အသစ်မှာ ပြည်သူတွေက ခန့်အပ်လိုက်တဲ့ ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်ကြီးဖြစ်တဲ့အတွက် အင်မတန် ဝမ်းသာပါတယ်။ ပြည်သူတွေအတွက် အကျိုးရှိတာတွေ လုပ်ဆောင်နိုင်မယ့် လွှတ်တော်ကြီးကို ကျွန်တော်တို့ ပြည်သူတွေက ကြိုဆိုပါတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ကလည်း NLD အစိုးရ မသိသေးတဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေကို NLD အစိုးရနဲ့ လွှတ်တော်ကို သိရှိနေအောင် အမြဲတမ်း ပံ့ပိုးကူညီမယ်။ မီဒီယာတွေကနေ သတင်းမှန်ဖော်ထုတ်ပေးမယ်။ အစိုးရ၊ ပြည်သူ၊ မီဒီယာ၊ လွှတ်တော်၊ တရားစီရင်ရေး အစရှိတာတွေ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ နောက်မျိုးဆက်တွေမှာ ဒီမိုကရေစီ အပြည့်အဝကို ကျင့်သုံးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ကိုထင်ကျော်က ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားသည်။၂၀၁၄ ခုနှစ် ဧပြီလပိုင်းက မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက် နွယ်နီ ၁၀ လမ်းရှိ ရပ်ကွက်ပိုင် ကလေးများကစားသော ဘောလုံးကွင်းနေရာအား လုပ်ငန်းရှင်တစ်ဦးမှ ဝယ်ယူခဲ့ပြီး ခြံခတ်ထားသည်ဟုဆိုကာ ကိုထင်ကျော်နှင့် ရပ်ကွက်နေပြည်သူတို့မှ ခြံစည်းရိုးများကို ဖျက်ဆီးခဲ့ကြောင်း၊ ယင်းသို့ ဖျက်ဆီးခဲ့သဖြင့် အဆိုပါမြေနေရာအား ဝယ်ယူထားခဲ့သူ ဦးမြင့်ဝေက ကိုထင်ကျော်နှင့် ရပ်ကွက်နေပြည်သူသုံးဦးအား ရဲစခန်းတွင် တိုင်တန်းခဲ့ပြီး ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၄၇၊ အများအကျိုး ဖျက်ဆီးမှုပုဒ်မ ၄၂၇ တို့ ဖြင့် ၂၀၁၅ ခုနှစ် မေ၂၇ ရက်က မြောက်ဥက္ကလာပမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။ကိုထင်ကျော်က ၎င်းအားစွဲဆိုထားသော အမှုနှင့်ပတ်သက်၍ အပြစ်မရှိကြောင်းနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက အကွက်ရိုက် ရောင်းစားခဲ့သည့် ရပ်ကွက်ကစား ကွင်းမြေနေရာအား ပြည်သူထံ ပြန်လည်ပေးအပ်ရန် ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားထားသည်။ထို့ပြင် ကိုထင်ကျော်မှာ အစိုးရအား အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုအပါအဝင် မြေသိမ်းသည့်ကိစ္စရပ်အား ကန့်ကွက်ကြောင်း ဦးဆောင်ဆန္ဒပြမှုတို့ကြောင့် မြို့နယ်တရားရုံး ၁၃ ရုံးမှ ပြီးခဲ့သည့်နှစ်အတွင်း က ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ နှင့် ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ၄ လ ချမှတ်ခံထားရကြောင်း MDCF အဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။
လူ့အခွင့်အရေး ချိုးဖောက်သည့် ဥပဒေများကို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ပယ်ဖျက်သင့်ကြောင်း MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ပြောကြား















