ချင်းပြည်နယ် ချင်းတောင်ခြေနှင့် အထက်ချင်းတွင်း ဒေသတို့တွင် မိုးရွာသွန်းမှုကြောင့် အအေးပိုလာပြီး နေ့ခင်းဘက်တွင်ပါ မီးဖိုဖြင့် နေထိုင်ကြရသည်ဟု ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့ တီးတိန်မှာ မနေ့က အအေးပေါ့ပေမယ့် ဒီကနေ့တော့ မိုးရွာနေတယ်။ နေ့လယ်ပိုင်းမှာ နည်းနည်း အအေးပိုလာလို့ မီးလှုံပြီးတော့ အစည်းအဝေး လုပ်နေရတယ်”ဟု တီးတိန်မြို့သို့ ရောက်ရှိနေသော ဆလိုင်းဗနေဇာက ပြောကြားသည်။
ကလေးမြို့တွင်လည်း ဇန်နဝါရီ ၂၁ ရက်တွင် မိုးအုံ့နေပြီး စပါးရိတ်သိမ်းသူအချို့မှာ စပါးများ သိုလှောင်ရန်အတွက် နေလှန်းရန်ကျန်ရှိခြင်းနှင့် နွားစာအတွက် ကောက်ရိုးများသိမ်းရန် ကျန်ရှိတော့သည်ဟု သိရှိရပြီး အအေးဓာတ်မှာ ယခင်နေ့ကထက် ပိုမိုအေးသည်ဟု ခံစားရသည်ဟု ဒေသခံများက ပြောကြားသည်။
“အထက်ချင်းတွင်း ၊ ခန္တီးမြို့နယ် ၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်တွေမှာဆို ပိုအေးလာတယ်လို့ ခံစားရတယ်။ မိုးကလည်း ဇန်နဝါရီ ၂၀ ရက်ည နည်းနည်းရွာတယ်။ မိုးအေးနေတာ နှစ်ရက်ရှိပြီ။ အအေးဓာတ်က ဒီကနေ့ ပိုသိသာလာတယ်။ စိုက်ပျိုးရေးအတွက်ကတော့ ဒီလိုမိုးနည်းနည်းရွာပြီး မိုးအုံ့တယ်ဆိုရင် သီးနှံတွေ ပိုးကျတတ်တယ်”ဟု ခန္တီးမြို့နယ် ဆင်သေရွာမှ ကိုမောင်မောင်က ပြောကြားသည်။
ချင်းတွင်းမြစ်အတွင်း၌လည်း နံနက် ၁၀ နာရီအထိ မှိုင်းတိုက်ခြင်းများ ဖြစ်ပေါ်နေခြင်းကြောင့် ရှော်တယ်များအနေဖြင့် ရေလမ်းအန္တရာယ် မဖြစ်စေရန် ဂရုစိုက် မောင်းနှင်နေရသည်ဟု သိရသည်။
“ မြစ်နံဘေးဝဲယာ တောတောင်နဲ့နီးတဲ့ နေရာတွေမှာဆိုရင် ပိုအေးတယ်။ မြစ်ထဲမှာဆို တိုက်တဲ့လေကလည်း အေးတယ်။ နေ့ခင်း၊ နေ့လယ်လောက်အထိ မီးဖိုပြီး နေကြရတဲ့သူတွေပါ တွေ့ခဲ့ရတယ်” ဟု အထက်ချင်းတွင်းမှ ပြန်လာသူတစ်ဦးက ဆိုသည်။















