လယ်ယာမြေများ သိမ်းယူခံရမှုနှင့် ပတ်သက်၍ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်ရှိ တောင်သူများ စုပေါင်းကာ ဇန်နဝါရီ ၁၅ ရက်က မန္တလေးမြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ရှင်းလင်းပွဲတွင် ကန့်ဘလူမြို့နယ် အခြေစိုက်အမှတ် (၆၀၀၆) တပ်ရင်းမှ သိမ်းဆည်းမြေယာကိစ္စနှင့် ပတ်သက်၍ ကန့်ဘလူ မြို့အမှတ် (၃) ရပ်ကွက်မှ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူဦးမြင့်မောင်က“တပ်ရင်း တည်ဆောက်ဖို့အတွက်ဆိုပြီး ၂၀၀၄ ခုနှစ်မှာ တောင်သူ ၃၀ ရဲ့ လယ်ယာမြေဧက တစ်ထောင်ကျော်ကို အမှတ် (၆၀၀၆) တပ်ရင်းကနေ သိမ်းယူသွားတယ်။ ၂၀၀၅ ခုနှစ်မှာ ကုန်းတစ်ဧကကို ပဲစိမ်းငုံတစ်တင်းနဲ့ လယ်တစ်ဧကကို စပါးတစ်တင်းနှုန်းနဲ့ သီးစားပြန်ချတယ်။ သိမ်းထားတဲ့ မြေကွက်ထဲမှာလည်း အဆောက်အအုံ တည်ဆောက်တာမရှိဘူး။ သစ်ပင်စိုက်ထားတာမျိုးလည်း မရှိဘူး။ သိမ်းထားတဲ့ မြေကွက်ထဲကနေ မဖယ်ပေးဘဲ စိုက်ပျိုးရေး ဆက်လုပ်နေတဲ့ ညီအစ်ကိုနှစ်ယောက်ကိုလည်း ကျူးကျော်တယ်ဆိုပြီး တရားစွဲထားတယ်”ဟု ရှင်းလင်းပြောကြားသည်။ယင်းကဲ့သို့ လယ်ယာမြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ သိမ်းဆည်းခံ တောင်သူများက ခရိုင်မြေစာရင်း၊ မြို့နယ် အေးချမ်းသာယာရေးဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြထားရှိကြောင်း သိရသည်။ကန့်ဘလူမြို့နယ် ကင်းတပ်ဆည် တည်ဆောက်မှုကြောင့် နစ်နာမှုများနှင့် ပတ်သက်၍ တောင်သူဦးမြဝင်းက“ဆည်ဆောက်တဲ့အတွက် ရေမလွတ်လို့ ရွှေ့ပြောင်းပေးလိုက်ရတဲ့ ရွာပေါင်း ၁၂ ရွာက အုပ်ချုပ်ရေးပိုင်းက တရားဝင် ပြန်ချပေးတဲ့နေရာမှာမနေဘဲ ကျွန်တော်တို့ရွာ သစ်ကုန်းရွာရဲ့ လုပ်စားမြေတွေပေါ်မှာ လာရောက်ကျူးကျော်နေထိုင်ကြတယ်။ အဲဒီအတွက် လယ်မြေဧက ငါးရာကျော်လောက် ဖဲ့ပေးလိုက်ရတယ်။ နောက်ပိုင်း အုပ်ချုပ်ရေးပိုင်းကလည်း တရားဝင်ဖြစ်အောင် အတင်းလုပ်ကြတယ်။ ဆည်ကြောင့် ရွှေ့ပြောင်းရတာက တစ်ရွာ၊ ခံရတော့ ကျွန်တော်တို့ရွာက ခံနေရတာ။ ဒါကို လက်မခံလို့ ပြန်ရဖို့ကြိုးစားတဲ့ တောင်သူ ၁၄ ဦးကို ၂၀၀၀ ပြည့်နှစ်မှာ ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ချပစ်တယ်”ဟု ရှင်းလင်းပြောကြားသည်။အလားတူ ကန့်ဘလူမြို့နယ် သိန်ရင်ဆည် တည်ဆောက်မှုကြောင့် ညောင်ပင်ရွာမ ကျေးရွာတွင် လယ်မြေဧက ၁၈၀၀ ခန့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် နစ်နာဆုံးရှုံးသည့် တောင်သူများက ထည့်သွင်းပြောကြားသည်။ကန့်ဘလူမြို့နယ် ဆားတွင်းကြီး သစ်တောကြိုးဝိုင်း ကာကွယ်တောအတွင်း လယ်ယာမြေများ စာရင်းဝင်သွားသည့် ကိစ္စနှင့်ပတ်သက်၍ ဂါထာရွာမှ ဦးမောင်းက“ဘိုးဘွားတွေ လက်ထက်ကတည်းက မြေခွန်၊ ရေခွန်ဆောင်ပြီး လုပ်စားခဲ့တဲ့ တောင်သူ ၈၀ ရဲ့ ယာမြေဧက ၁၄၀၀ ကျော် သစ်တောကြိုးဝိုင်း ကာကွယ်တောအဖြစ် စာရင်းဝင်သွားတယ်။ ၂၀၀၇ ခုနှစ်နောက်ပိုင်း မြေခွန်၊ ရေခွန်ဆောင်တဲ့အခါ ပြေစာမရတော့ဘူး။ မြေစာရင်းကို သွားမေးတော့ သစ်တောကြိုးဝိုင်းထဲမှာ ပါသွားပြီဆိုပြီး ပြောတယ်။ အခုလက်ရှိထိတော့ အဲဒီမြေပေါ်မှာ စိုက်ပျိုးလို့ ရပါသေးတယ်။ နောက်ဖြစ်လာမှာတွေအတွက် စိုးရိမ်တာပါ။ ပုံစံ (၇) ရရင် သီးနှံချေးငွေယူလို့ ရတဲ့အတွက် ပုံစံ (၇) လည်း ရချင်တယ်”ဟုပြော ကြားသည်။အဆိုပါ ရှင်းလင်းပွဲကို ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ရွာပေါင်း ၁၅ ရွာမှ နစ်နာဆုံးရှုံးသည့် တောင်သူများ ကိုယ်စားပြု တောင်သူ ၁၈ ဦးက လာရောက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
လယ်ယာမြေများ သိမ်းယူခံရမှုနှင့် ပတ်သက်၍ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်ရှိ ကျေးရွာပေါင်း ၁၅ ရွာမှတောင်သူများ မန္တလေးမြို့တွင် ရှင်းလင်း















