Tomorrow ဂျာနယ်မှ Contributor ဦးကျော်စွာမြင့်နှင့် ၎င်း၏ မိသားစုနှစ်ဦးကို အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး၏ သားဆိုသူက ကတ်ကြေးဖြင့် အချက်ပေါင်းများစွာထိုးမှုဖြစ်ပွား

Tomorrow ဂျာနယ်မှ Contributor ဦးကျော်စွာမြင့်နှင့် ၎င်း၏ မိသားစုနှစ်ဦးကို အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး၏ သားဆိုသူက ကတ်ကြေးဖြင့် အချက်ပေါင်းများစွာထိုးမှုဖြစ်ပွား
Published 13 January 2016
မင်းသိန်းနိုင်

Tomorrow ဂျာနယ်၏ Contributor ဦးကျော်စွာမြင့်နှင့် ၎င်း၏ မိသားစုဝင် နှစ်ဦးကို အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး၏ သားဆိုသူက ကတ်ကြေးဖြင့်ထိုးမှု သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သုဝဏ္ဏ နယ်မြေရဲစခန်းမှ ဇန်နဝါရီ ၁၂ ရက် ညပိုင်းတွင် စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက် ည ၁၁ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ၂၉ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဦးကျော်စွာမြင့်၊ ၎င်း၏ဇနီးနှင့် အစ်မဖြစ်သူတို့ ကတ်ကြေးဖြင့် အထိုးခံခဲ့ရခြင်း ဖြစ်ကြောင်းသိရပြီး သုံးဦးအထိုးခံခဲ့ရသည့်အချက် စုစုပေါင်းမှာ ၄၉ ချက်ရှိကြောင်း သိရသည်။
ကတ်ကြေးဖြင့် ထိုးခဲ့သည့်သူမှာ အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး၏ သားဖြစ်သည်ဟုဆိုသော သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ၂၄ ရပ်ကွက်နေ ရဲသူဝင်း (၃၀) နှစ် ဆိုသူဖြစ်ကြောင်း သိရပြီး လက်ရှိတွင် ၎င်းမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တာဝန်ရှိသူများက ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ ရဲစခန်းက စုံစမ်းသိရသည်။
"ကျူးလွန်တဲ့သူက အဲဒီအိမ်ကို အဝင်အထွက် ရှိတဲ့သူလို့သိရတယ်။ အမှုအသေးစိတ်ကိုတော့ မစစ်ဆေး မမေးမြန်းရသေးတဲ့အတွက် အသေးစိတ် ဖြေလို့မရသေးပါဘူး။ လိုအပ်တဲ့ ဆေးစစ်ဆေးမှုတွေ ပြုလုပ်နေပါ တယ်။ တရားခံကတော့ လက်ရှိမှာ ထွက်ပြေး တိမ်းရှောင်နေပါတယ်"ဟု သုဝဏ္ဏ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၁၂ ရက် ညပိုင်းက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍  ဦးကျော်စွာမြင့်၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ "အခုကျူးလွန်သွားတဲ့သူက အိမ်က ကလေးမလေးကို အပြင်ကို ခေါ်ထုတ်သွားပြီးတော့ Rape လုပ်တာပေါ့။ အဲဒါကို  အဲဒီကလေးမလေးက ငိုယိုပြီး အိမ်က အစ်မတွေကို ပြေးလာတိုင်တာပေါ့။ ဒါကို အိမ်ကလူတွေက တာဝန်ယူပေးဖို့ ပြောကြတာကို သူကလက်မခံဘူး။ အဲဒါနဲ့  မိသားစုတွေက ဥပဒေအရ တိုင်ကြား အရေးယူမယ်ပြောလို့  ဒေါသထွက်ပြီး အိမ်မှာရှိတဲ့ ကတ်ကြေးနဲ့ပဲ ဆရာ့မိန်းမကို ထိုးတယ်။ အဲဒီချိန်မှာ ဆရာ မရောက်သေးဘူး။ ဆရာ ရောက်လာတဲ့ အချိန်မှာလည်း ဆရာ့ကိုလဲ ပြေးထိုးတာပေါ့။ ကတ်ကြေးနဲ့ အထိုးခံရတာက ဆရာရယ်၊ သူ့ဇနီးရယ်၊ သူ့အစ်မရယ် ဖြစ်ပါတယ်။ သားမယား ပြုကျင့်ခံရတာက သူ့ညီမဖြစ်ပါတယ်။ အသက်က ၁၇နှစ်ရှိပါပြီ။ လက်ရှိမှာတော့ ရဲစခန်းမှာ ၃၂၆ နဲ့ပဲ အမှုဖွင့်ထားပါတယ်။ ဒါပေမဲ့ မနက်ဖြန်ကျရင်တော့ ရဲစခန်းကို သွားပြီး အမှုတွေ ထပ်တိုးပြီး သွားဖွင့်ပါ မယ်"ဟု ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူကို သုဝဏ္ဏ နယ်မြေရဲစခန်းက (ပ)၅၄/၂၀၁၆ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

Most Read

Most Recent