ကျိုက်မရောမြို့နယ်ရှိ MCL (SCG) ဘိလပ်မြေစက်ရုံဝင်းအတွင်း ကျောက်မီးသွေးစိမ်ကန် တည်ဆောက်နေသဖြင့် ပတ်ဝန်းကျင်ကျေးရွာများကို ဘိလပ်မြေစက်ရုံစောင့်ကြည့်ရေး အသိပညာပေးသင်တန်း ဖွင့်ရန်စီစဉ်

ကျိုက်မရောမြို့နယ်ရှိ MCL (SCG) ဘိလပ်မြေစက်ရုံဝင်းအတွင်း ကျောက်မီးသွေးစိမ်ကန် တည်ဆောက်နေသဖြင့် ပတ်ဝန်းကျင်ကျေးရွာများကို ဘိလပ်မြေစက်ရုံစောင့်ကြည့်ရေး အသိပညာပေးသင်တန်း ဖွင့်ရန်စီစဉ်
Published 9 January 2016
မောင်မောင်ရွှေမြိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ကွမ်းငန်းကျေးရွာအနီးရှိ မော်လမြိုင် ဘိလပ်မြေစက်ရုံ (MCL) (SCG) ဝန်းတွင် ကျောက်မီးသွေးစိမ်ကန်ကြီး တည်ဆောက်နေသဖြင့် ပတ်ဝန်းကျင်ကျေးများကို ဘိလပ်မြေစက်ရုံအား စောင့်ကြည့်နိုင်ရေးအတွက် အသိပညာပေးသင်တန်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ကျိုက္မရောမြို့နယ် အရပ်ဘက်အဖွဲ့အစည်းများမှ သတင်းရရှိသည်။“ကျောက်မီးသွေးစိမ်ကန်က ရေတွေ အတ္ထရံမြစ်ထဲရောက်ရင် မော်လမြိုင်၊ ကျိုက်မရောမြို့ပေါ်က လူတွေ ညစ်ညမ်းရေတွေ သုံးခဲ့ရရင် ဘယ်လိုအန္တရာယ်ရှိနိုင်တယ်၊ ဘယ်လောက်ဆိုးကျိုးတွေ ရှိတယ်ဆိုတာ သိဖို့လိုပါတယ်။ မြစ်ရေတွေရဲ့ အရည်သွေးလိုက် ပြောင်းလဲမယ့် ဂေဟစနစ်ပေါ် မူတည်ပြီး ငါးတွေပြုံးတီးမယ့် အနေအထားကို စောင့်ကြည့်ဖိုလည်း လိုအပ်လာပါမယ်။ စောင့်ကြည့်မယ့် ရွာသားတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိသင့်သိထိုက်တာတွေ သင်တန်းပေးဖို့ လူစုနေပါတယ်”ဟု ဦးသောင်းညွန့်စိုး (CSO ကျိုက်မရောမြို့)က ပြောကြားသည်။လုပ်ငန်းစဉ်အနေဖြင့် အခုရှိပြီးသား အတ္ထရံမြစ်ရေကို စစ်ဆေး၍ အရည်အသွေး၊ သန့်ရှင်းမှုပမာဏကို မှတ်တမ်းတင်၍ နောင် စက်ရုံလည်ပတ်ပြီးနောက် လစဉ်၊ သုံးလတစ်ကြိမ် စစ်ဆေးမှုများ၊ အတ္ထရံမြစ်ကြောင်းအတွင် ငါးမျိုးစိတ်တွေ့ရှိမှုတို့ကို နှိုင်းယှဉ် မှတ်တမ်းယူတို့ကို လုပ်ဆောင်ရန်ရှိသည်ဟု သိရသည်။အဆိုပါ မော်လမြိုင်ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံ တည်ရှိမှုနှင့် ပတ်သက်၍ ပြည်နယ်လျှပ်စစ် စက်မှုဝန်ကြီး နိုင်လဝီအောင်ထံ မေးမြန်းစုံစမ်းခဲ့ရာ စက်ရုံတွင် Power Supply Sation ပါရှိသည်ကို သိသော်လည်း ကျောက်မီးသွေး မဟာဓာတ်အားလိုင်း သုံးမည်ကို ခွဲခြားမသိခဲ့ကြောင်း၊ MoU စာချုပ်သည် MIC တွင်ရှိ၍ မသိရှိရကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနဖြင့် တိုက်ရိုက်ဆက်သွယ်သည့် လုပ်ငန်းဖြစ်ပြီး၊ ကျောက်မီးသွေးသုံးခွင့် ပြု မပြုကို မိမိတို့အနေဖြင့် ဆုံးဖြတ်၍ မရနိုင်ကြောင်း၊ ပြောကြားသည်။မော်လမြိုင် ဘိလပ်မြေစက်ရုံ လည်ပတ်ရန်အတွက် ဂေါဒန်ကျောက်တန် တစ်သိန်း၊ ကျောက်မီးသွေးတန် လေးသိန်းကျော်တင် နိုင်ငံခြားသင်္ဘောသည် ဖေဖော်ဝါရီလကုန်တွင် မော်လမြိုင်သို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ လိုအပ်သော လမ်းကြောင်းသွားလာမှုအတွက် စီစဉ်ဆောင်ရွက်ရန် ဆက်စပ်ဌာနများသို့ မွန်ပြည်နယ်အစိုးရက အကြောင်းကြားထားသည်ဟု သိရသည်။ဘိလပ်မြေစက်ရုံအနီးရှိ ကျေးရွာများသည် ဘိလပ်မြေစက်ရုံ တည်ဆောက်စက ဖက်စပ် မြန်မာကုမ္ပဏီတစ်ခု၏ မြေယာများကို ဈေးကောင်းပေးဝယ်ခြင်း၊ စက်ရုံတည်ဆောက်ဆဲကာလ လုပ်သား (၅၀၀၀)ကျော်တွင် ဒေသခံ (၁၀၀)ကျော် ပါဝင်လုပ်ကိုင်ခွင့် ရနေခြင်း၊ စက်ရုံဝန်းကျင် ဈေးဆိုင်များ ဖွင့်ရောင်းဝယ်ရခြင်းတို့ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိမဲ့ဖြင့် လက်ခံနေကြသည်ဟု သိရသည်။ စက်ရုံမှ လုပ်သားအချို့သာ ကျောက်မီးသွေးစိမ်ကန်ကြီး တည်ဆောက်မှုကို သိရှိကြပြီး၊ ပတ်ဝန်းကျင်ဒေသရှိ လူထုအများစုမှာ MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေး သုံးစွဲမည်ကိုသိရှိခြင်း မရှိကြောင်း၊ သိရပါသည်။ မော်လမြိုင် ဘိလပ်မြေလီမိတက် (MCL) သည်MIC ၏ ခွင့်ပြုချက် (၅၇၄/၂၁၁၃) ဖြင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ရာ၊ ၂၀၁၆ နှစ်လယ်တွင် လည်ပတ်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။                  

Most Read

Most Recent