ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် လှိုင်သာယာ စက်မှုဇုန်(၄)ရှိ ထိပ်တန်းမြန်မာ စက်ရုံအလုပ်သမား ၂၀၀ ကျော်သည် နိုဝင်ဘာလအတွက် လုပ်ခလစာများ အမြန်ဆုံးရရှိရန် တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှ ကျိုက္ကဆံကွင်း (ဟစ်တိုင်)သို့ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြသည်။
အလုပ်သမားများသည် တာမွေမြို့နယ်အတွင်းရှိ ဗိုလ်စိန်မှန် ဘောလုံးအားကစားကွင်းတွင် စတင်စုဝေး၍ ၁၁ လပိုင်း လုပ်ခလစာများ အမြန်ဆုံးရရှိရန်အတွက် သက်ဆိုင်ရာဌာနများမှ ဖြေရှင်းပေးရန်ဟူသော စာသားများပါသည့် ဗီနိုင်းပိုစတာများကို ကိုင်ဆောင်၍ “၁၁ လပိုင်း လုပ်ခလစာ အပြည့်အ၀ အမြန်ရရှိရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ ထိရောက်စွာ ဖြေရှင်းပေးရေး...ဒို့အရေး”၊ “လစာ အပြည့်အဝရရှိရန် ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီ အဖွဲ့များမှ အမြန်ဆုံး ဆုံးဖြတ်ချက် ချမှတ်ပေးရေး ...ဒို့အရေး”၊ “ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ ၁၁ လပိုင်း လုပ်ခလစာ ချက်ချင်းပေး ...ဒို့အရေး” “၁၉၃၆ ခုနှစ် လုပ်ခပေးရေး ဥပဒေအတိုင်း သတ်မှတ်ရက်အတွင်း လုပ်ခလစာ ရရှိရန်အတွက် သက်ဆိုင်ဌာနများမှ အမြန်ဆုံး ဖြေရှင်းပေးရေး” စသည့်အချက်များကို ကြွေးကြော်ကာ အပြာရောင်ပိတ်စများ ခေါင်းတွင် စည်းထားပြီး တာမွေ အနောက်မြင်းပြိုင်ကွင်း လမ်းရှိ ဟစ်တိုင်သို့ လမ်းလျှောက်ချီတက် ဆန္ဒပြ ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲအား ဦးဆောင်သူတစ်ဦးဖြစ်သည့် ထိပ်တန်း မြန်မာ အထည်ချုပ်စက်ရုံမှ မဝင်းပပခိုင်က “အခုလိုဆန္ဒပြရတာက ၁၁ လပိုင်းလစာကို ချက်ချင်း ဖြေရှင်းပေးဖို့အတွက်ပါ။ ၅ ရက်နေ့က ခုံသမာဓိကတော့ ဆုံးဖြတ်ချက်ချခဲ့တယ်။ အဲဒီထဲမှာ ၁၀ လပိုင်းက ၁၀ ရက်စာ လုပ်အားခနဲ့ ၁၁ လပိုင်း လုပ်အားခတွေကို အပြည့်အဝပေးစေလို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ၇ ရက်အတွင်း အလုပ်သမားဝန်ကြီးဋ္ဌာနက လူကြီးတွေအနေနဲ့ ဒီကိစ္စကို ဆုံးဖြတ်ချက် ချစေချင်တယ်။ အခုထိတော့ လစာတွေ မရသေးဘူး”ဟု ဇန်နဝါရီ ၇ ရက်၌ ပြောကြားသည်။
နိုဝင်ဘာလအတွက် လုပ်ခလစာများ အမြန်ဆုံးရရှိရန်အတွက် သပိတ်စခန်းဖွင့်ကာ တောင်းဆိုနေသည့် အလုပ်သမားများနှင့် အလုပ်ရှင်တို့အကြားတွင် အလုပ်သမား ခုံသမာဓိရုံးမှ ဇန်နဝါရီ ၅ ရက်တွင် ဆုံးဖြတ်ချခဲ့ကြောင်း အလုပ်သမားများ၏ ပြောကြားချက်များအရ သိရသည်။ ယင်းဆုံးဖြတ်ချက်ထဲတွင် စက်တင်ဘာလ၏ ၁၀ ရက်စာ လုပ်အားခနှင့် နိုဝင်ဘာလ၏ လုပ်အားခများကို အလုပ်ဆင်းသည့် ရက်အတိုင်း ပေးချေရန်ဟူ၍ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်ဟု အလုပ်သမားများ၏ ပြောကြားချက်များအရ သိရသည်။
ထိပ်တန်းမြန်မာ အထည်ချုပ်အလုပ်သမားများ ဆန္ဒထုတ်ဖော်နေမှုနှင့် ပတ်သက်၍ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦမြင့်ကြွယ်အား မေးမြန်းရာ ၎င်းက “အခုတောင်းဆိုတဲ့ အထဲမှာပါတဲ့ ၁၁ လပိုင်းကဟာက အလုပ်ဆင်းတဲ့ ရက်တွေကို လုပ်အားခပေးဖို့ ခုံသမာဓိအဖွဲ့က ဆုံးဖြတ်ပေးပြီးသွားပြီ။ စက်ရုံထဲ ပြန်ဝင်တဲ့ အလုပ်သမားတွေက မနေ့က ရပြီးပြီ အခုဆန္ဒပြနေတဲ့ အလုပ်သမားတွေက မရသေးဘူး။ အခု ခုံသမာဓိအဖွဲ့က လစာပေးဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ အလုပ်ရှင်က ၇ ရက်အတွင်း ခုံသမာဓိကောင်စီကို ဆက်ပြီးတော့ တက်ခွင့်ရှိတယ်။ အလုပ်ရှင် ခုံသမာဓိ ကောင်စီကိုဆက် တက်၊ မတက် စောင့်ကြည့်ရမှာပေါ့။ အကယ်၍ အလုပ်ရှင်ဘက်က ခုံသမာဓိကောင်စီရဲ့ဆုံးဖြတ်တဲ့အတိုင်း မပေးဘူးဆိုရင် ကျွန်တော်တို့က ဥပဒေအရ တရားစွဲမယ်။ ခုံအမှုဖွဲ့မယ်ပေါ့။ လစာမရဘူးဆိုရင်တော့ အလုပ်သမားရေးရာ ဥပဒေနဲ့ပဲ သွားရမှာပေါ့လေ”ဟု ပြောကြားသည်။
ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမားများသည် မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်အနီးရှိ အလုပ်သမား ဦးစီးဌာနရုံးသို့ ဆန္ဒပြရန် ခွင့်ပြုမိန့် တင်ထားခဲ့သော်လည်း ယင်းနေရာတွင် ခွင့်ပြုချက်မရဘဲ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း (ဟစ်တိုင်) တွင်သာ ခွင့်ပြုချက် ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာအတွက် လုပ်ခလစာများ အမြန်ဆုံးရရှိရန် ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဗိုလ်စိန်မှန်ကွင်းမှ ဟစ်တိုင်သို့ ချီတက်ဆန္ဒပြ















