နွေရာသီတွင် လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး လိုအပ်သည့် လျှပ်စစ်ဓာတ်အားများအတွက် အမေရိကန်နှင့် စင်ကာပူ ကုမ္ပဏီတို့ထံမှ ဂက်စ်အင်ဂျင်များ ငှားရမ်းပြီး ဖြည့်ဆည်းပေးသွားမည်ဟု ဆို

နွေရာသီတွင် လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး လိုအပ်သည့် လျှပ်စစ်ဓာတ်အားများအတွက် အမေရိကန်နှင့် စင်ကာပူ ကုမ္ပဏီတို့ထံမှ ဂက်စ်အင်ဂျင်များ ငှားရမ်းပြီး ဖြည့်ဆည်းပေးသွားမည်ဟု ဆို
Published 6 January 2016
ထက်ရှိုင်း

နွေရာသီတွင် လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး လိုအပ်သည့် လျှပ်စစ်ဓာတ်အားများအတွက် အမေရိကန်နှင့် စင်ကာပူကုမ္ပဏီတို့ထံမှ ဂက်စ်အင်ဂျင်များ ငှားရမ်းပြီး ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး အမြဲတမ်း အတွင်းဝန်  ဦးထိန်လွင်က ပြောကြားသည်။
 
“နွေရာသီ လျှပ်စစ်ဓာတ်အား မပြတ်တောက်အောင် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေအတွက် ဂက်စ်အင်ဂျင်တွေ ငှားထားတယ်။ ငှားထားတာတွေက ဧပြီလဆန်းဆိုရင် ပြီးပြီ။ အဲဒီ Target နဲ့ ငှားထားတာပေါ့။ ငှားထားတဲ့ ကုမ္ပဏီတွေက စင်ကာပူ ကုမ္ပဏီရယ်၊  APR အမေရိကန်ကုမ္ပဏီရယ် မဂ္ဂါဝပ် ၂၀၀ နီးပါးလောက် ထွက်မယ်။ လျှပ်စစ်ရတဲ့အပေါ် မူတည်ပြီးတော့ လုပ်နေပါတယ်။ အဲဒီ ဂက်စ်အင်ဂျင်တွေကို အဓိက ဂက်စ်ရတဲ့ ကျောက်ဖြူ၊ မြင်းခြံနဲ့ ကျောက်ဆည် အဲဒီလိုနေရာတွေမှာထားဖို့ စီစဉ်ထားတယ်”ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အမြဲတမ်းအတွင်းဝန်  ဦးထိန်လွင်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
 
ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် JICA တို့၏ ချေးငွေများဖြင့် လာမည့် ငါးနှစ်တာကာလအတွင်း အိမ်ထောင်စု ၂ ဒသမ ၃ သိန်းကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
လာမည့် ငါးနှစ်ကာလတွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ တိုးမြင့်လာမည်ဖြစ်သောကြောင့် လိုအပ်သော လျှပ်စစ်ဓာတ်အားများကို ရေအား၊ ကျောက်မီးသွေး အပါအဝင် ရရှိနိုင်မည့် အရင်းအမြစ်များမှ တိုးမြှင့် ထုတ်လုပ်သွားကြရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားမှုများ ရှိခဲ့သည်။
 
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်မှု မဂ္ဂါဝပ် ၆၆၃ နှင့် သဘာဝဓာတ်ငွေ့စက်ရုံများ ထပ်မံတည်ဆောက် တိုးမြှင့်ထုတ်လုပ်မှု မဂ္ဂါဝပ် ၁၁၁၄ ကျော် စုစုပေါင်း မဂ္ဂါဝပ် ၁၇၇၇ ကျော် တိုးမြှင့်ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း၊ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သော ဓာတ်အားများဖြင့် ယခင်က မဟာဓာတ်အား စနစ်မရရှိခဲ့သော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အား လျှပ်စစ်ဓာတ်အား ပေးနိုင်နေပြီဖြစ်ကြောင်း ၎င်းအပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကယားပြည်နယ်၊မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးများတွင်လည်း လျှပ်စစ်ဓာတ်အားများ တိုးချဲ့ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
 
လျှပ်စစ်ဓာတ်အားကို ယခင်က အိမ်ထောင်စု ၂ ဒသမ၂ သန်းသာ သုံးစွဲနိုင်ခဲ့ကြောင်းနှင့် ယခုလက်ရှိတွင် အိမ်ထောင်စု ၃ ဒသမ ၄ သန်းခန့် ဓာတ်အားတိုးတက်ရရှိ သုံးစွဲနိုင်ပြီဖြစ်ကြောင်း၊ အိမ်ထောင်စု ၇ ဒသမ ၄၇ သန်း လျှပ်စစ်ဓာတ်အား မရရှိသေးကြောင်း သိရသည်။
 

Most Read

Most Recent