MAPCO က ရောင်းချပြီး ကျပ် ၁၅ ဘီလျံဖိုးရှိ ရှယ်ယာဟောင်းများကို စတော့အိတ်ချိန်းတွင် စတင်စာရင်းသွင်းမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမင်းအောင်က ပြောကြားသည်။
စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ချိန်တွင် စတော့ရှယ်ယာ ရောင်းချနိုင်ရေးအတွက် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ KBZ Stirlin Coleman ကုမ္ပဏီနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
"ကျွန်တော်တို့ Listed လုပ်တဲ့ ရှယ်ယာတွေဟာ လက်ရှိထုတ်ရောင်းထားတဲ့ Existing ရှယ်ယာတွေ ဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာလည်း ရှယ်ယာထပ်ထုတ်ဖို့ ရှိပါတယ်။ ရှယ်ယာသစ် ထပ်ထုတ်တဲ့အခါမှာလဲ လက်ရှိရှိနေတဲ့ ရှယ်ယာရှင်တွေကို ဦးစားပေးမှာ ဖြစ်ပါတယ်။ လာမယ့်နှစ် ရှယ်ယာတွေကလည်း နောက်ထပ် ထပ်ထုတ်မယ့်ဆိုရင် လက်ရှိအတိုင်းပဲ ကြိုးစားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အခု Listed လုပ်မှာက လက်ရှိထုတ်ထားပြီးသားဖြစ်တဲ့ ကျပ် ၁၅ ဘီလျံနဲ့ ညီမျှတဲ့ ရှယ်ယာတွေကို Listed လုပ်တာ ဖြစ်ပါတယ်"ဟု ဦးရဲမင်းအောင်က ပြောကြားသည်။
MAPCO ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်ကလည်း"နောက်ထပ်ခေါ်မှာက ၂၀၁၆ ခုနှစ်ထဲမှာ ရောင်းမယ်။ ဒီစတော့ ဈေးကွက်အစမှာ ရောင်းမယ့်ဟာကတော့ မူလရှယ်ယာရှင်တွေထဲက ရောင်းချင်တဲ့ ဟာတွေပေါ့။နောက်ထပ် ထပ်ခေါ်မယ့် ရှယ်ယာကတော့ Listed လုပ်ပြီးတဲ့ အချိန်မှာ ထပ်ခေါ်မယ်"ဟု ပြောကြားသည်။ ဆက်လက်၍ ၎င်းက" Securities ကုမ္ပဏီကတော့ လောလောဆယ်မှာ ကမ္ဘောဇနဲ့ ဆွေးနွေးနေတယ်။ ၁၀ ခုလောက်ရှိတယ် ဆိုတော့ ဒီ Business ရဲ့ ကြီးမားတဲ့ Network ရှိမှုနဲ့ နောက်ပေါင်းစပ်တဲ့ နိုင်ငံခြားကလာတဲ့ Securities ကုမ္ပဏီကတော့ Background ကရော ဘယ်လောက်ရှိလဲ ဆိုတာပေါ်မှာ မူတည်ပြီးတော့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်"ဟု ပြောကြားသည်။
MAPCO ကုမ္ပဏီသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဦးဆောင်ဖွဲ့စည်း တည်ထောင်ထားသည့် ကုမ္ပဏီဖြစ်ပြီး စိုက်ပျိုး ထုတ်လုပ်မှု ကဏ္ဍတွင် အဓိကထားပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် မူဝါဒ ချမှတ်ထားသည့် ကုမ္ပဏီလည်း ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စတင်တည်ထောင်ချိန်မှ လက်ရှိအချိန်အထိ ရှယ်ယာရှင်ပေါင်း ၁၀၀၀ ကျော်သို့ ကျပ် ၁၅ ဘီလျံဖိုးရှိ ရှယ်ယာများ ရောင်းချထားပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ကုမ္ပဏီရှယ်ယာ၏ ၂၁ ရာခိုင်နှုန်း ဝန်းကျင်ကို ချုပ်ကိုင်ထားကာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းပိုင်ဆိုင်မှု ကျပ် ၁၉ ဘီလျံကျော် ရှိသည်။
MAPCO က ကျပ် ၁၅ ဘီလျံ တန်ဖိုးရှိ ထုတ်ရောင်းပြီး ရှယ်ယာဟောင်းများကို စတော့အိတ်ချိန်းတွင် စတင်စာရင်းသွင်းမည်















