ကိုးလကျော်ကြာ ဖမ်းဆီး တရားစွဲ ခံထားရသည့် ဗကသကျောင်းသားများအား ဇန်နဝါရီ ၅ ရက်တွင် သာယာဝတီမြို့နယ် တရားရုံး၌ ၃၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။
ဒီမိုကရေစီ ပညာရေးပင်မ သပိတ်စစ်ကြောင်းမှ သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများ၏ အဆိုပါရုံးချိန်းတွင် ယခင်စစ်ဆေးပြီးသား စစ်ချက်များအား ရုံးရှေ့တွင် ပြန်လည် မှတ်တမ်းတင်ဦးမည်ဖြစ်ပြီး အသစ်စစ်ဆေးခြင်း မရှိနိုင်ဟု ကျောင်းသားများ၏ ရှေ့နေတစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
"ရုံးစစ်ဆေးချက်တွေကို ပြန်ပြန်ဖတ်နေတာဗျ။ အသစ်လည်း ထပ်မစစ်ဘူး။ ဇန်နဝါရီလကုန်လောက်မှ ပြီးမယ်ထင်တယ်။ ပြီးတော့ ကျောင်းသားတွေက တပတ်ကို ရုံးချိန်းနှစ်ကြိမ် ခေါ်ဖို့ တောင်းဆိုထားတဲ့ကိစ္စလည်း အဖြေ မသိရသေးဘူး"ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။
သာယာဝတီ အကျဉ်းထောင်အတွင်း ရောက်ရှိနေသည့် ကျောင်းသားများထဲမှ ငါးဦးမှာ လက်ရှိတွင် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပြီး ဆေးကုသမှု ခံယူပြီး အကျဉ်းထောင်အတွင်းသို့ ပြန်လာရသော ကျောင်းသားအချို့မှာလည်း ရောဂါများ အမြစ်မပြတ်သေးသဖြင့် ဆက်လက် ဆေးကုသရန် လိုအပ်ကြောင်း စီပိုးရှိသဖြင့် ဆေးကုသရန် လိုအပ်နေသော ဗကသကျောင်းသား ခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက ပြီးခဲ့သည့်အပတ် ရုံးချိန်းတွင်ပြောကြားသည်။
ထို့ပြင် လက်ရှိအချိန်တွင် ဗကသ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် အပါအဝင် ကျောင်းသား ခေါင်းဆောင်အချို့ကို လွန်ခဲ့သည့်တစ်နှစ်ကျော်က အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုအပေါ် မြို့နယ်ရဲစခန်းအသီးသီးက ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားသည်။
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများနှင့် ဝန်းရံပြည်သူ ၇၀ မှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅ (ခ) တို့ဖြင့် သာယာဝတီမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးလကျော်ကြာ ဖမ်းဆီး တရားစွဲခံထားရသည့် ဗကသ ကျောင်းသားများအား ဇန်နဝါရီ ၅ ရက် (ယနေ့) တွင် ၃၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမည်















