MIC က လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့် အကြီးစား သတ္တုတူးဖော်ရေးလုပ်ငန်း အပါအဝင် လုပ်ငန်းပေါင်း ၁၄ ခုကို ထပ်မံခွင့်ပြုခဲ့ပြီး အဆိုပါလုပ်ငန်းများမှ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၇၄၀၈ ခု ဖန်တီးပေးနိုင်ခဲ့ဟုဆို

MIC က လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့် အကြီးစား သတ္တုတူးဖော်ရေးလုပ်ငန်း အပါအဝင် လုပ်ငန်းပေါင်း ၁၄ ခုကို ထပ်မံခွင့်ပြုခဲ့ပြီး အဆိုပါလုပ်ငန်းများမှ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၇၄၀၈ ခု ဖန်တီးပေးနိုင်ခဲ့ဟုဆို
Published 3 January 2016

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့်အကြီးစား သတ္တုတူးဖော်ရေးလုပ်ငန်း အပါအဝင် လုပ်ငန်းပေါင်း ၁၄ ခုကို ထပ်မံခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများမှ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၇၄၀၈ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။အဆိုပါ လုပ်ငန်းပေါင်း ၁၄ ခုကို နိုင်ငံသားရင်းနှီးမြှုပ်နှံမှု၊ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအဖြစ် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လုပ်ကိုင်ခွင့်ပြုရာတွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာစက်မှုဇုန်တွင် လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်စက်မှုနယ်မြေတွင် လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်းကို ဖက်စပ်နိုင်ငံခြား ရင်းနှီမြှုပ်နှံမှုလုပ်ငန်းအဖြစ် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ငွေပင်လယ်စက်မှုဇုန်တွင် လက်ခစားစနစ်ဖြင့် ကုန်ပစ္စည်းအမျိုးမျိုးကို ချုပ်လုပ်တွဲစပ် တပ်ဆင်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် လက်ခစားစနစ်ဖြင့် ရှူးဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ် ရောင်းချခြင်းနှင့် အခြားဆက်စပ်လုပ်ငန်းကို ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် လည်းကောင်း၊ ပုံနှိပ်မင် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အဖြစ်လည်းကောင်း၊ နိုင်ငံတကာအဆင့်မီ အမျိုးသားနှင့် အမျိုးသမီးစီးဖိနပ်များ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို နိုင်ငံသားမြှုပ်နှံမှု လုပ်ငန်းအဖြစ်လည်းကောင်း လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးတွင် ရုပ်မြင်သံကြားရိုက်ကူး၊ ထုတ်လုပ်၊ ထုတ်လွှင့်ခြင်းနှင့် ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းစီမံကိန်းအဆင့် (၂) ကို ရွှေသံလွင် မီဒီယာကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေတွင် BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းကို Good To Go Travels & Tours ကုမ္ပဏီနှင့် Sky One Construction ကုမ္ပဏီတို့ကိုလည်းကောင်း လုပ်ကိုင်ခွင့်ပြု ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာသတ္တု အကြီးစားတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း စသည်တို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် ဝင်ရောက်မြှုပ်နှံလုပ်ကိုင်လိုသည့် နိုင်ငံသားနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ တင်ပြလာသည့် အဆိုပြုလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်က သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံ၍ ကော်မရှင်အစည်းအဝေး စိစစ်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၄ ခု နှစ် ဒီဇင်ဘာလအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၄၆၀၂၃ ခု ဖန်တီးပေးနိုင်ပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများမှ အလုပ်အကိုင် အခွင့်အလမ်း ၅၅၆၆၈ ခု ဖန်တီးပေးနိုင်ခဲ့ကာ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၀၁၆၉၁ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent