ပြည်တွင်းစစ် ရပ်တန့်ပေးရန်အတွက် မြောက်ဦးမြို့မှ ဒေသခံ ၂၀၀ ခန့် ဆန္ဒထုတ်ဖော်

ပြည်တွင်းစစ် ရပ်တန့်ပေးရန်အတွက် မြောက်ဦးမြို့မှ ဒေသခံ ၂၀၀ ခန့် ဆန္ဒထုတ်ဖော်
Published 3 January 2016
သန်းလှိုင် (စစ်တွေ)

ရခိုင်ပြည်နယ်အတွင်း ဒီဇင်ဘာ ၂၇ ရက်မှ စတင်ပြီး မြန်မာအစိုးရစစ်တပ်နှင့် AA တို့တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ယင်းတိုက်ပွဲကို မလိုလားသော မြောက်ဦးဒေသခံ ၂၀၀ ခန့် တို့က ပြည်တွင်းစစ်ပွဲအား ရပ်ဆိုင်းကြရန် ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက မြောက်ဦးမြို့၊ သျှစ်သောင်း ပုထိုးတော်ကြီးရင်ပြင်တွင် ဆုတောင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ယင်းသို့ဆုတောင်းရန်အတွက် " ပြည်တွင်းစစ် ချက်ချင်းရပ်" ဟုရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆုတောင်းမှုများကို ပြုလုပ်ခဲ့ကြောင်းနှင့် သံဃာတော်များလည်း ပါဝင်ကြောင်း သိရသည်။" စစ်ပွဲဆိုတာကတော့ မကောင်းပါဘူး။ တိုက်ပွဲဖြစ်ပြီ ဆိုကတည်းက ဒေသခံတောင် သူလယ်သမားတွေ ဒုက္ခရောက်ကြရတယ်။ အဲဒါကို ကျွန်တော်တို့ မလိုလားဘူး။ ဒါကြောင့် စစ်ပွဲကို ရပ်တန့်ပေးကြဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ ဆုတောင်းကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ အခု ဖက်ဒရယ်စနစ်ကို သွားနေတဲ့အချိန်မှာ နှစ်ဖက် လက်နက်နဲ့ တိုက်ခိုက်နေကြတာထက် စားပွဲဝိုင်းထက်မှာ ငြိမ်းချမ်းစွာ ဆွေးနွေးသင့်တယ် လို့မြင်ပါတယ်။ တခြားအဖွဲ့တွေ အများစုကလည်း လက်မှတ်ရေးထိုးထားကြပြီဆိုတော့ အဖွဲ့နှစ်ခု၊ သုံးခုလောက်နဲ့ ပြည်တွင်စစ်ဖြစ် နေတာကို ကျွန်တော်တို့ မလိုလားပါ။ အဲဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေထဲမှာ ပါစေချင်ပါတယ်" ဟု ဆုတောင်းရာတွင် ပါဝင်သူ ကိုညီထွန်းက ပြောကြားသည်။စစ်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံများ အထိတ်တလန့်ဖြစ်နေသည်များကို ကြားသိရကြောင်းနှင့် စစ်ပွဲကြောင့်ဒေသခံအချို့မှ ကျေးရွာမှ တိမ်းရှောင်နေရမှုလည်း ရှိနေပြီး ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ထိုသို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။"ငြိမ်းချမ်းရေးကို လူတိုင်းလိုချင်ကြတာပေါ့နော်။ ဒါကြောင့် အခုလည်း ကျွန်မတို့က ငြိမ်းချမ်းရေးကို လိုလားလို့ အခုလိုမျိုး တောင်းဆိုတာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေရင် ဒေသခံတွေ အများကြီး ဒုက္ခရောက်ကြလိမ့်မယ်။ အဲဒီလိုဖြစ်လာရင် စိတ်ဆင်းရဲကြရမယ်။ ဒါကြောင့် စစ်ပွဲကိုရပ်ဖို့ ဆုတောင်းကြတာပါ" ဟု မြောက်ဦးမှ ဒေသခံအမျိုးသမီးတစ်ဦးဖြစ်သူ မသန်းသန်းဌေးက ပြောကြားသည်။ 

Most Read

Most Recent