လိပ်ကျွန်းလူသတ်မှု စီရင်ချက်နှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ၌ ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံရှိ တရားမဝင် လုပ်သားများ စစ်ဆေးဖမ်းဆီးခြင်း ခံနေရ
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှ မတရား သေဒဏ်ချခံရသော မြန်မာနိုင်ငံသားနှစ်ဦးအား တရားမျှတသည့် တရားစီရင်ရေး ဖြစ်စေရေးအတွက် ပြည်တွင်း၊ ပြည်ပတွင် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံရှိ တရားမဝင် အလုပ်သမားများမှာ ထိုင်းရဲများ၏ စစ်ဆေးဖမ်းဆီးခြင်းကို ခံနေရကြောင်း မဲဆောက်မြို့ရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။“ မြန်မာပြည်က ဆန္ဒပြတော့ ကြွက်မနိုင် ကျီမီးရှို့နည်းနဲ့ ဆောက်လုပ်ရေးဆိုက်၊ မွေးမြူရေးခြံ၊ စိုက်ခင်းပျိုးခင်း၊ စက်ရုံအလုပ်ရုံ စတာတွေက တရားမဝင်လုပ်သားတွေ ထိုင်းပုလိပ်တွေ နေ့စဉ် လှည့်ပတ်စစ်ဆေးနေလို့ ရှောင်ပြေးနေရတာ လေးငါးရက်ရှိနေပြီ” ဟု မဲဆောက်မြိုတွင် နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောကြားသည်။မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးဆောင်ရွက်နေသူ ဦးမိုးကြိုးက “စက်ရုံပိတ်တာတော့ မရှိသလောက်ပဲ။ ဒါပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့၊ မြန်မာဈေးသည်တချို့ကတော့ လုပ်လက်စ အလုပ်တွေရပ်တာ၊ ဆိုင်ပိတ်ထား ရတာတွေရှိတယ်လေ။ လိပ်ကျွန်းလူသတ်မှု နောက်ဆက်တွဲအနေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဆန္ဒပြမှာစိုးရိမ်လို့ လိပ်ကျွန်း အမှုမဆုံးဖြတ်ခင် ၃၊ ၄ ရက်အလိုကတည်းက မြန်မာဈေးသည်တွေ ဖမ်းလိုက်၊ အထောက်အထားမဲ့တွေ ဖမ်းလိုက်နဲ့ လုပ်လာတာ”ဟု ပြောကြားသည်။ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးခြင်း၊ လုပ်အားခလစာ နည်းပါးခြင်းတို့ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း မြန်မာလုပ်သား လေးသိန်း လာရောက်လုပ်ကိုင်နေကြပြီး အထောက်အထားမဲ့ နေထိုင်လုပ်ကိုင်သူ များပြားကြောင်း၊ ယင်းအလုပ်သမားများမှာ ကျီးလန့်စာစားပြီး ရှောင်တိမ်းနေရသော ဘဝကို မနှစ်သက်တော့ကြောင်း ပြောဆိုကြသည်။“ကျီးလန့်စာစား နေ့လာဖမ်းမလား။ ညလာဖမ်းမလားနဲ့ စက်ရုံတွေထဲမှာလည်း အပြင်မထွက်ရဘဲနဲ့ တိတ်တိတ်ဆိတ်ဆိတ် နေရတာ။ တချို့က အထောက်အထားမရှိလို့ နေ့အလုပ်လုပ်ပြီး ညဘက်အသိအိမ်တွေ၊ မြဝတီဘက်က ဘုန်းကြီးကျောင်းတွေ၊ တချို့ ခြံတောင်ယာတွေမှာ တိမ်းရှောင်နေရတဲ့ဘဝတွေကို မနှစ်သက်ကြတော့ဘူး။ မဲဆောက်က စက်ရုံတချို့မှာလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို စက်ရုံအပြင်မထွက်ဘဲ တိတ်တဆိတ်အလုပ်လုပ်ကြဖို့ ဝယ်ခြမ်းစရာရှိရင် စက်ရုံက ထိုင်းတွေကပဲ ဈေးထွက်ဝယ်ပေးကြတယ်။ မြန်မာဈေးဆိုင်တွေ တော်တော်များများ ထိုင်းစည်ပင်ရဲ လာဖမ်းမှာစိုးလို့ လုံးဝပိတ်ထားသူပိတ်၊ မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေကျတော့ ရှေ့ဘက်တံခါးပိတ်ထားပြီး တိတ်တဆိတ် ရောင်းချနေကြတယ်။ လမ်းသွားလမ်းလာလည်းပါးနေတယ်” ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ကြေးနန်းကြိုးစက်ရုံတစ်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောကြားသည်။
လိပ်ကျွန်းလူသတ်မှု စီရင်ချက်နှင့် ပတ်သက်၍ ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံရှိ တရားမဝင်လုပ်သားများ စစ်ဆေးဖမ်းဆီးခြင်း ခံနေရ















